CNI News 

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် ချင်းတွင်းမြစ်‌ရေ မြင့်တက်လာမှုကြောင့် ရေဘေးသင့်ပြည်သူများအား ရေဘေးကယ်ဆယ်ရေး စခန်းများသို့ ဇူလိုင် ၈ ရက်နေ့က ပြောင်းရွှေ့ပေးခဲ့သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ကလေးဝမြို့၏ ချင်းတွင်းမြစ်‌ စိုးရိမ်ရေအမှတ်မှာ ၁၅၅၀ စင်တီမီတာရှိရာ ယခုအခါမှာတော့ ၁၇၃၁ စင်တီမီတာသို့ ရောက်ရှိနေသည်။

ရေဘေးကူညီကယ်ဆယ်‌ရေး ဆောင်ရွက်နေစဥ်

ထို့ကြောင့် မြို့ပေါ်ရှိ မြေနိမ့်ပိုင်း ဒေသများဖြစ်သည့် ရပ်ကွက်(၁)၊ ရပ်ကွက်(၂) အပါအဝင် ကျော်ဇင်၊ ယောစု၊ ကိုင်း၊ တုန်နန်း၊ ရွာသာ၊ နန်းဇလိန်၊ မစိန်ကျေးရွာများမှ ရေဘေးသင့်‌ ပြည်သူများကို ရေဘေးကယ်ဆယ်ရေး စခန်းများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန‌၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိ အကြီးအကဲများက ရွှေ့ပြောင်းပေးခဲ့သည်။

လက်ရှိတွင် ကလေးဝမြို့၌ ရေဘေးကယ်ဆယ်ရေးစခန်း ၁၀ ခု ဖွင့်လှစ်ထားပြီး အိမ်ထောင်စု ၃၇ စု၊ လူဦးရေ ၁၅၄ ဦးအား ပြောင်းရွှေ့ နေရာချထားပေးထားကြောင်း သိရသည်။