CNI News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃

ကချင်ပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ ဧရာဝတီမြစ်၊ မေခမြစ်နှင့် ချောင်းအချို့ ရေကြီးရေလျှံမှု ကြောင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ အခက်အခဲများရှိနေကြောင်း လူမှုကူညီကယ်ဆယ် ရေး အသင်းအဖွဲ့များမှ CNI သတင်းဌာနသို့  ပြောသည်။

လက်ရှိတွင် အချို့နေရာများမှာ ရေကျသွားပြီဖြစ်သော်လည်း အချို့နေရာများမှာမူ ရေများရှိနေသေးသဖြင့် ရေဘေးဒုက္ခသည်များအတွက် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများ လိုအပ်နေဆဲဖြစ်သလို ကူညီရေးလုပ်ငန်း ဆောင်ရွက်ရန် လှေနှင့်စက်သုံးဆီများ လိုအပ်နေကြောင်း လူမှုကူညီရေး ရွှေမေတ္တာ ရွှေစက်မှ တာဝန်ရှိသူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “မြစ်ကြီးနားမှာ အဲဒါအခက်တွေ့နေတာ စက်သုံးဆီက။ လမ်းဘေးဆိုင်တွေက ရေကြီးတဲ့ ဧရိယာတွေမှာ ပါသွား ကြတာလေ။ အဲဒါကြောင့် မရောင်းကြတာ။ ပန့်ဆိုင်တွေကလည်း လိုသလောက်မရဘူး။ သူတို့ဆိုင်ကို မဝင်ပေမယ့်လည်း သူတို့ဆိုင်ရဲ့ အဝင်အထွက် လမ်းကြောင်းတွေမှာ ရေကျော်သွားတယ်ဆိုတော့ သူတို့လည်း ဆိုင်တွေ ပိတ်ထားရတာပေါ့။ လိုသလောက်မရဘူး စက်သုံးဆီ။ အခုတချို့ဆိုရင် ၁ လီတာတောင် ၁ သောင်း ကျော်လောက် ဝယ်နေရတယ် ပြောကြတယ်။ ဒါတောင်မှ မရမက လိုက်ရှာ။ တချို့ဆို ၁ သောင်းခွဲတဲ့ အဲဒီလို ဖြစ်တယ်။ ကယ်ဆယ်ရေးအတွက်လည်း အဲဒီစက်သုံးဆီက အခက်အခဲဖြစ်တယ်။ ကားသွားလို့မရတဲ့ နေရာတွေ ကြတော့ လှေတွေဘာတွေ၊ စက်သုံးဆီတွေ လိုတာပေါ့။ လှေတွေရှိရင်လည်း စက်သုံးဆီ လိုအပ်တာပေါ့။ တချို့ တွေကြ ကိုယ်ထူကိုယ်ထလေးတွေနဲ့ ကော်ပုံးလေးတွေကို ဖောင်ဖွဲ့ပြီးမှ လုပ်ကြတာ အဲဒီလိုမျိုးလေးတွေတော့ ရှိတာပေါ့” ဟု ပြောသည်။
ရေကြီးရေလျှံမှုများ နေအိမ်အများအပြား ရေနစ်မြှုပ်သွားသဖြင့် တစ်မြို့နယ်လျှင် လူဦးရေ ထောင်ကျော်  ပြောင်း ရွှေ့ပေးထားရသဖြင့် ကချင်တစ်ပြည်နယ်လုံး အတိုင်းအတာအရ လူဦးရေ ၁၀၀,၀၀၀ (တစ်သောင်း)ကျော်အား ဘေးလွတ်ရာ ကုန်းအမြင့်တွင်ရှိသည့် ဘုန်းကြီးကျောင်းများနှင့် လူစုလူဝေးဖြင့် နေထိုင်နိုင်သော အဆောက်အအုံ များသို့ ပြောင်းရွှေ့ပေးထားရကြောင်း သိရသည်။

 မြစ်ကြီးနားမြို့ပေါ် ရေကြီးရေလျှံမှု ကူညီကယ်ဆယ်နေကြစဉ်

လက်ရှိတွင် ရေဘေးသင့်ပြည်သူများမှာ စားနပ်ရိက္ခာနှင့် အဝတ်အစားများ လိုအပ်နေပြီး အချို့မှာ ရေစီးဖြင့် အိမ်များမျောပါသွား၍ အိုးမဲ့အိမ်မဲ့ဖြစ်သွားကြကြောင်း လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့များထံက သိရသည်။

လွန်ခဲ့သည့် ၂၀၀၄ ခုနှစ်တွင် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များတွင် ရေကြီးရေလျှံမှုများ ကြုံတွေ့ခဲ့ဖူး သော်လည်း ယခုနှစ် ရေကြီးရေလျှံမှုမှာ ပို၍များပြားကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ကချင်ပြည်နယ် ရုံးမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “၂၀၀၄ ကထက်စာရင်တော့ များတာပေါ့။ ကျနော်တို့ကကြတော့ လုံးဝရေကြီးရေလျှံမှုဆိုတော့ ရပ်ကွက် အလိုက် လိုက်ပြီး ကူညီကယ်ဆယ်ရေး လုပ်ဆောင်တဲ့အခါမှာ လှေမလောက်တာပေါ့။ လှေမလောက်တာရယ် ပြီးတော့ ဆီမရတာရယ်ပေါ့ အဲဒါအခက်အခဲပေါ့။ အခုလက်ရှိ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ မန္တလေး တိုင်းရုံးကို ခေါ်ထားတယ်။ ပြီးတော့ ကချင်ပြည်နယ်မှာရှိတဲ့ မိုးညှင်း၊ မိုးကောင်း၊ နမ္မတီးအသင်းအဖွဲ့ အကုန်လုံး စုပြီးမှ လုပ်ဆောင်နေတာ။ အခုမန္တလေးကနေ ၄ စီးပြန်မှာထားတာ အဲဒါကတော့ ဒီနေ့ ညနေပိုင်းလောက် ရောက် မယ်။ လိုတာကတော့ လိုတာပေါ့။ ပြန်လို့တော့ မရသေးဘူး။ ရေကျတယ်ဆိုပေမယ့် လုံးဝ ကျသွားတာ မဟုတ် ဘူး။ ခါးလောက်ကျတဲ့ နေရာရှိတယ်။ ရင်ဘတ်လောက်ရှိတဲ့ နေရာရှိတယ်။ ကြက်ပေါင်ခြံတို့ဆိုလည်း ရေက လုံးဝ မကျသေးဘူး။ အဲဒီဘက် ကူညီကယ်ဆယ်ရေးတွေ ဆက်လုပ်ဆောင် နေရတယ်။ ကျောင်းတွေကတော့ ဖွင့်လို့ အဆင်မပြေသေးဘူး ဒီတစ်ပတ်၊ နှစ်ပတ်လောက်ကတော့။ လုံးဝရေနစ်ထားတာဆိုတော့” ဟု ပြောသည်။

မြစ်ကြီးနားမြို့ပေါ်က ရေဘေး ဒုက္ခကြုံတွေ့ကြ ရသူများကို တွေ့ရစဉ်

ဧရာဝတီမြစ်ရေသည် ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး မြင့်တက်လာခဲ့ရာ ဇူလိုင် ၁ ရက်နေ့တွင် မြစ်ကြီးနားမြို့၏ စိုးရိမ်ရေမှတ် ၁၂၀၀ စင်တီမီတာရှိသည့်အနက် မြစ်ရေသည် ညအချိန် တိုင်းတာချက်အရ ၁၄၀၆ စင်တီမီတာအထိ အမြင့်ဆုံး မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဇွန်လ ၃၀ ရက်နေ့မှ စတင်ကာ ကချင်ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော်၊ ချီဖွေ၊ တနိုင်း၊ ဖားကန့် စသည့် အနိမ့်နေရာများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များအား ဆောင်ရွက် ရာတွင် အချိန်ကြန့်ကြာမှုများ ရှိနိုင်ကြောင်း လူမှုကူညီကယ်ဆယ်ရေး အသင်းအဖွဲ့များက သုံးသပ်သည်။