CNI News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၃

ဧရာဝတီမြစ်ရေ ဝင်‌ရောက်မှုကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဒေသတွင်းနေ ပြည်သူများ ရေဘေးသင့်ခဲ့ခြင်းကြောင့် ဒေသခံကြက်ခြေနီအသင်းများက ထောက်ပံ့ကူညီမှုများ ပေးလျက်ရှိကြောင်း သိရ သည်။

စေတနာရှင် အလှူရှင်များ၏ ထောက်ပံ့ကူညီပေးသော ဆန်၊ ကြက်ဥ၊ သောက်ရေသန့်နှင့် ဆေးဝါးများကို အလှူရှင်များနှင့်အတူ ဒေသခံကြက်ခြေနီအသင်းများက ပြည်မြို့နယ်၊ ဇလုံကျေးရွာအုပ်စုမှ ရေဘေးသင့် ပြည်သူများကို ထောက်ပံ့ကူညီပေးခဲ့သည်။

ထို့နောက် မိုးညိုမြို့ ယာယီရေဘေးကယ်ဆယ်ရေးစခန်းရှိ ရေဘေးသင့်ပြည်သူများအား စိတ်ပိုင်းဆိုင်ရာ အားပေး ခြင်း၊ ထိခိုက်ဒဏ်ရာ ရသူများအား ရှေးဦးသူနာပြု နည်းလမ်းများဖြင့် ပြုစုပေးခြင်း၊ ဝမ်းပျက်ဝမ်းလျှော ရောဂါ အသိပညာပေးခြင်း၊ အလှူရှင်များ လှူဒါန်းသော ထမင်းဘူးများကို ကူညီဝေငှပေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

‌အလားတူ ရွှေတောင်မြို့နယ်၊ သရက်တောရပ်ကွက် ယာယီ‌ရေဘေး ကယ်ဆယ်ရေးစခန်းရှိ ရေဘေးသင့်ပြည်သူ များအတွက်လည်း အလှူရှင်များ လှူဒါန်းထားသည့် ထမင်းဘူးများကို ကူညီဝေငှပေးခြင်း၊ သဘာဝ ဘေးအန္တရာယ် မကျ‌ရောက်မီ ကြိုတင်လေ့ကျင့်ခြင်း၊ အသိပညာပေးခြင်းများ ပြုလုပ်ခဲ့သည်။

ထို့အပြင် သဘာဝဘေးအန္တရာယ် ကျရောက်သည့် အချိန်များတွင် ထိခိုက်ခံစားရသူများကို ကူညီခြင်း၊ သဘာဝ ဘေးအန္တရာယ် ကျရောက်ပြီး အချိန်များတွင် တုန့်ပြန်ဆောင်ရွက်ခြင်းတို့ကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ရပ်ရွာလူထုများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။