CNI News

၂၀၂၃ ခုနှစ်၊ မေ ၁၇

မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံတချို့သည် လက်ရှိ အချိန်အထိ အကူအညီများ မရရှိသေးဘဲ ဖြစ်နေကြောင်း ရခိုင်ဒေသခံ ပြည်သူများထံက သိရသည်။

မုန်တိုင်းကြောင့် ပျက်စီးမှုများကို ကိုယ်ထူကိုယ်ထဖြင့် ရုန်းကန်နေရကြောင်း၊ မည်သည့် အဖွဲ့အစည်းမျှ လာရောက်ကူညီခြင်း မရှိသေးကြောင်း စစ်တွေ မြို့ခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “စစ်တွေ အခြေအနေက ဘယ်လိုပြောမလဲ ကိုယ့်အားကိုယ်ကိုး ရုန်းကန်နေရတယ်ပေါ့ဗျာ၊ ကူသူမဲ့ ကယ် သူမဲ့ အရပ်သား ပေါလန်တီယာတွေကလည်း ကူနိုင်မယ့် အနေအထား မဟုတ်ဘူးလေ။ အခု လောလေဆယ် ဆယ်က အရေးတကြီး ရှာနေကြတာ အိမ်မိုးသွပ်ပြား၊ သွပ်မိုးထားတဲ့ အိမ်ဆိုတာက အခေါင်မကွာဆိုတာ မရှိ သလောက်လေ၊ အားလုံးနီးနီး ကွာတာပေါ့၊ အခေါင်က အဲဒါကြောင့် အိမ်မိုးသွပ်ပြား ရှာကြတယ်၊ နောက်ပြီးတော့ သောက်ရေပေါ့ အခက်အခဲ၊ စားရေးသောက်ရေးလည်း ဒီလိုပဲ ဝေမျှစားသောက်နေကြတာ ပေးတယ်၊ ကမ်းတယ် သတင်းမေးဖော်တောင် မရဘူး။ ပေးမယ့်ကမ်းမယ့်သူဆိုဝေး။ မနေ့ကတော့ ရပ်ကွက်အုပ်ချုပ်ရေးက အပျက်အစီး စာရင်း လာကောက်သွားတာတော့ တွေ့တယ်၊ ဒါပေမဲ့ ဘာမှတော့ အဖြေကတော့ မသိသေးဘူး။ လေလိုင်းက ထုတ်နေကြတာ၊ ဘာမှမရောက်ဘူး။ စစ်တွေကိုတောင် သတင်းမေးဖော် မရပါဘူးဆို။ အပေါ်ကတော့ ကောင်း ကင်ကတော့ ရဟတ်ယာဉ်တွေ ပျံနေတာတော့ တွေ့တယ်၊ ဝေါ်ကီတော်ကီ ကားတန်းတွေ သွားနေတာတော့ တွေ့ တယ်၊ ဒါပေမဲ့ လူထုဆီ ရောက်တာမှ မဟုတ်တာ၊ စစ်တွေဈေးဆိုလည်း ဖွတ်ဖွတ်ကြေလေ၊ ပြန်လို့ အသက်ဝင်ဖို့ က မလွယ်တာ” ဟု ပြောသည်။

မုန်တိုင်းတိုက်ခတ်အပြီး ရခိုင်ပြည်နယ်ကို မြင်တွေ့ရစဉ်

လက်ရှိတွင် နစက၏ ရခိုင်ပြည်နယ်အစိုးရအဖွဲ့သည် ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်၊ စစ်တွေမြို့နယ် ၊ ကျောက်ဖြူမြို့နယ်တို့၌ မုန်တိုင်းသင့် ပြည်သူများကို စားနပ်ရိက္ခာများထောက်ပံ့ပေးနေသလို ပြန်လည်ထူထောင် ရေးလုပ်ငန်းများလည်း လုပ်ဆောင်နေကြောင်း နစက-က သတင်းထုတ်ပြန်ထားသည်။

ကျောက်တော်မြို့နယ်မှ ပြည်သူတစ်ဦးကလည်း အကူအညီများ မရရှိကြောင်းနှင့် ကိုယ်ထူကိုယ်ထဖြင့်သာ လုပ်ဆောင်နေရကြောင်း ပြောသည်။

မုန်တိုင်းကြောင့် ပျက်စီးသွားသည့် တိုက်ပွဲရှောင်စခန်းများ ပြန်လည် တည်ဆောက် နိုင်ခြင်း မရှိသေးသလို အလှူ ရှင်များလည်း လာရောက် ကူညီခြင်း မရှိသေးကြောင်း မြောက်ဦးမြို့နယ် စင်းဘောကိုင်း တိုက်ပွဲရှောင်စခန်း တာဝန်ခံ ဦးညီပုက CNI သတင်းဌာနသို့ ပြောသည်။

လူကယ်ပြန်က မောင်တောမြို့မှာ မုန်တိုင်းသင့် ဒေသခံများကို ထောက်ပံ့ပေးနေစဉ်

၎င်းက “အခုလောလောဆယ်က သူတို့က အနီးအနားမှာရှိတဲ့ ရွာတွေက ဘုန်းကြီးကျောင်းတွေမှာ ဝင်ပြီး ခိုလှုံ နေကြတယ်၊ အခုဆိုရင် သူတို့လည်း တဲအိမ်တွေ ပြန်ပြီးပြုပြင်ဖို့ အခက်အခဲ တော်တော် ဖြစ်နေကြတယ်။ အခက်အခဲဆိုတာမှာ မုန်တိုင်းပြီးခါစဆိုတော့ တဲအိမ်တွေက အကုန်လုံး ပျက်စီးသွားတာဆိုတော့ သစ်တွေ၊ ဝါး တွေ၊ အုန်းတွေ ပြီးရင် ဒါပလင်တွေ အဲဒါတွေ မရှိတဲ့အချိန်ကြတော့ ပြုပြင်ရမယ့်ဟာက အချိန် ကြန့်ကြာနေတယ်။ အဖွဲ့အစည်းတွေက လှူဒါန်းတာတွေ အကူအညီ ပေးတာတွေတော့ မရှိသေးဘူး။ အခုလောလောဆယ်တော့ ICRC ဘက်ကတော့ တဲအိမ်တွေ ပျက်စီး စာရင်းကိုတော့ ကောက်ခံခိုင်းထားတာတော့ ရှိတယ်” ဟု ပြောသည်။

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သော မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းမှာ ဆက်သွယ်ရေး တာဝါတိုင် များ၊ နေအိမ်များ၊ သာသနိက အဆောက်အဦများ၊ လမ်းမီးတိုင်များ၊ သစ်ပင်များ လှဲကျခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။

ထို့နောက် ဆန်၊ စားနိပ်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းများ လိုအပ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ဝင်ရောက် တိုက်ခတ်ခဲ့သော ဆိုင်ကလုန်း မုန်တိုင်းကြောင့် ထိခိုက်ခံစားရသူများအား ကူညီထောက်ပံ့ရေး ဒေါ်လာ ၁ သန်း သုံးစွဲရန် ဘတ်ဂျက် သတ်မှတ်ထားကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က မေလ ၁၆ ရက်တွင် ပြောကြားထားသည်။

အလားတူ မုန်တိုင်းသင့် ရခိုင်ဒေသ ပြန်လည်ထူထောင်ရေး ကျပ်သိန်းပေါင်း ၇ သောင်း အပါအဝင် ဆန်နှင့် စားနပ် ရိက္ခာများ ထောက်ပံ့ပေးလျက်ရှိကြောင်း နစကမှ ထုတ်ပြန်ခဲ့သည်။