CNI News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၂
မြန်မာနိုင်ငံအတွင်းရှိ ပြည်သူ ၁ သိန်းကျော်အတွက် အိန္ဒိယအစိုးရက ဆန်တန်ချိန် ၂၂၀၀ တန်ကို ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ထုတ်ပြန်ခဲ့သည်။
မြန်မာပြည်သူ ၁၄၀,၀၀၀ ခန့်ကို အကျိုးပြုရန်အတွက် ကွန်တိန်နာ ၈၆ လုံးပါ သင်္ဘောဖြင့် ဆန်တန်ချိန် ၂၂၀၀ တန်ကို ဒီဇင်ဘာ ၁၂ ရက်က ရန်ကုန်ဆိပ်ကမ်းမှာ အိန္ဒိယသံအမတ်ကြီး Mr. Abhay Thakur က ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းကို လွှဲပြောင်း ပေးအပ်ခဲ့သည်။
အဆိုပါ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် လူမှုအဖွဲ့အစည်းများမှ တာဝန် ရှိသူများလည်း တက်ရောက်ခဲ့သည်။
အိန္ဒိယသည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ကောင်းမွန်သော အိမ်နီးချင်း နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံအတွင်းမှာ ကုလားတန်မြစ်စီမံကိန်းနှင့် ထိုင်း-မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးလမ်း စီမံကိန်းများကို ဖော်ဆောင်လျက်ရှိသည်။
အလားတူ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလည်း လုပ်ဆောင်လျက်ရှိသည်။