CNI News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၃
လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းအရ လာမည့် ၂၀၂၅ ခုနှစ်သည် စီးပွားရေးလုပ်ငန်းများ ကောင်းမွန်ပြီး တိုးတက်မည့် နှစ်တစ်နှစ် ဖြစ်လာနိုင်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။
၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပနိုင်ရန် ကြိုးစားနေပြီ ဖြစ်သည့်အပြင် လက်ရှိတွင်လည်း တိုက်ပွဲဖြစ်ပွားနေ သည့် ရှမ်းမြောက်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်တချို့ကလည်း အပစ်အခတ်ရပ်စဲရေးနှင့် တွေ့ဆုံဆွေးနွေး ရေးကို ဦးတည်လာနေကြခြင်းကြောင့် နယ်မြေတည်ငြိမ်လာမည့် အခြေအနေ ရောက်လာနိုင်လာကြောင်း ထောက်ပြကြသည်။
ထို့ကြောင့် မြန်မာနိုင်ငံရှိ လက်နက်ကိုင်ပဋိပက္ခများ လျော့နည်းမည့် အလားအလာ ရှိနေခြင်းကြောင့် စီးပွားရေး လုပ်ဆောင်ရာတွင် တိုးတက်ကောင်းမွန်လာမည် ဖြစ်သည်ဟု စီးပွားရေးလေ့လာသုံးသပ်သူ ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။
ပို့ကုန်များကို တွေ့ရစဉ် (နောင်နောင်)
၎င်းက “၂၀၂၅ ကတော့ ကျနော်တို့နိုင်ငံအတွက် အမှောင်ထဲကနေ ရုန်းထွက်ပြီးတော့ ရောင်နီကို ရောက်တော့ မယ့် နှစ်တစ်ခုလို့ ကျနော် မြင်ပါတယ်။ အဲဒီလိုမျိုး ဖြစ်စေချင်ပါတယ်။ ဘာကြောင့်လဲဆို ကျနော်တို့က ၃ နှစ် ကျော်လောက် အယူအဆ ကွဲလွဲတွေကြားထဲမှာ တိုင်းပြည်က တော်တော်ကြီးကို အနောက်ကို ရောက်သွားခဲ့ပြီး တော့ ကြိုးစားရုန်းကန်ခဲ့ရတယ်ပေါ့နော်။ အစိုးရအနေနဲ့လည်း ခက်ခဲသလို ပြည်သူတွေအတွက်လည်း အိပ်မက် ဆိုးကြီးတစ်ခုလို မက်ခဲ့ပြီးတော့ ဒီအိပ်မက်ကတော့ ၂၀၂၄ မှာပဲ အဆုံးသတ်ပြီးတော့ ၂၀၂၅ မှာ ကျနော်တို့က စိတ်သစ်လူသစ် နိုင်ငံသစ်ကိုပေါ့နော် ကျနော်တို့ အယူအဆ အသစ်တွေနဲ့ ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှု တွေနဲ့ စီးပွားရေးတစ်ခု တိုးတက်ဖို့၊ တိုင်းပြည်တိုးတက်ဖို့ဆိုတာ အဓိကကတော့ တည်ငြိမ်အေးချမ်းဖို့ လိုတာပေါ့ နော်။ ကျနော်တို့ အယူအဆအတိုင်းပဲ လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးကလည်း တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ ခေါင်းစဉ်ကို ထုတ်လာခဲ့ပြီဆိုတဲ့ အခြေအနေမျိုးမှာ တကယ့်ကို စိတ်သဘောထား မှန်မှန်နဲ့ တွေ့ဆုံဆွေးနွေးပြီး တော့ ပြည်ထောင်စုကနေ မခွဲထွက်ဘဲနဲ့ အားလုံးက တိုင်းရင်းသားတွေဆိုတဲ့ စိတ်ဓာတ်တစ်ခုနဲ့ ကျနော်တို့ ဆောင်ရွက်မယ်ဆိုရင်တော့ လာမယ့် ၂၀၂၅ က အပြုသဘောဆောင်တဲ့ နှစ်ဖြစ်မှာပါ။ ရွေးကောက်ပွဲကလည်း ၂၀၂၅ မှာ လုပ်ဖို့ စီစဉ်နေတာ ဖြစ်တဲ့အတွက်ကြောင့် ရွေးကောက်ပွဲလည်း အောင်အောင်မြင်မြင်နဲ့ ကျင်းပနိုင်ပြီး တော့ ပြည်သူတကယ်လိုလားတဲ့ အစိုးရတရပ်ပေါ့နော် ပြည်သူက လိုလားထောက်ခံတဲ့ အစိုးရတရပ်ကို တပ်မတော်အနေနဲ့ ပြောင်းလဲဆောင်ရွက် ပေးနိုင်မယ်ဆိုရင်တော့ တိုင်းပြည်က ကောင်းလာမယ်လို့ ယူဆတယ်” ဟု ပြောသည်။
သို့သော်လည်း ပြည်တွင်းပဋိပက္ခ၊ သဘာဝဘေးနှင့် အခြေခံကုန်စည် ရှားပါးမှုများကြောင့် ၂၀၂၅ ခုနှစ်သည် မြန်မာ့စီးပွားရေး မျှော်မှန်းချက်အနေဖြင့် အားရစရာမရှိကြောင်း ကမ္ဘာ့ဘဏ်က ဒီဇင်ဘာလ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံ စီးပွားရေးစောင့်ကြည့်ရေး အစီရင်ခံစာအရ လက်ရှိဘဏ္ဍာရေးနှစ်အတွင်း ၂၀၂၅ ခုနှစ်၊ မတ်လအတွက် စီးပွားရေး ခန့်မှန်းချက်သည် အနုတ် ၁ ရာခိုင်နှုန်းဖြစ်သည်ဟု ပြောထားသည်။
မြန်မာ့စီးပွားရေး ကောင်းမွန်လာရန် မဟာဗျူဟာမြောက် စဉ်းစားချက်များရှိဖို့ လိုအပ်သည်ဟု ဘဏ်ရေးရာ ကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
ဗိုလ်ချုပ်ဈေးအတွင်း တစ်နေရာကို တွေ့ရစဉ်
၎င်းက “ဒီက လုပ်ငန်းရှင်တွေကတော့ နိုင်ငံရေးအမြင်အရ ပြောတာ ပေါ့။ အမြင်ရှုထောင့် ကွာလို့ရှိရင် အဖြေက ကွာတာပဲလေ။ မဟာဗျူဟာမြောက် အဲဒါမျိုး ရှိစေချင်တာပေါ့လေ။ ဒါပေမယ့် တစ်ခုရှိတာက ရွေးကောက်ပွဲ လုပ်တာတော့ မှန်တယ်။ သို့သော်လည်း ဒီနိုင်ငံကြီးက ဒီအတိုင်း ဆက်သွားလို့မှ မရတာ။ ထွက်ပေါက်တစ်ခု အနေနဲ့တော့ လက်ခံပါတယ်။ ဒါပေမယ့် အဲဒါကို မဟာဗျူဟာမြောက် စဉ်းစားနိုင်တဲ့ဟာမျိုး လိုတာပေါ့လေ။ အားလုံးနားလည်နိုင်ဖို့ လိုတာပေါ့”ဟု ပြောသည်။
လက်ရှိ ၂၀၂၄ ခုနှစ်တွင်လည်း မြန်မာ့စီးပွားရေးသည် တိုးတက်မှု မရှိသည့်အပြင် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်း အားလုံးနီးပါးသည် ရပ်ဆိုင်းလုနီးပါး ဖြစ်ပေါ်နေကြောင်း၊ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးတစ်ခုကိုသာ အဓိက အားထားနေရခြင်းကြောင့် ပို့ကုန်သွင်းကုန်လုပ်ငန်းတွင်လည်း ထင်သလောက် အရာမရောက်ခဲ့ပဲ ဖြစ်နေသည်။
သို့သော် ရွေးကောက်ပွဲကြောင့် နိုင်ငံရေး အခြေအနေ ပြန်လည်ကောင်းမွန်လာနိုင်သည်ဟု သုံးသပ်နေကြသည့် အတွက် တချို့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကဏ္ဍများတွင် တိုးတက်မှုရှိလာကြောင်း၊ အဓိကအားဖြင့် စက်သုံးဆီ၊ လျှပ်စစ်ကားနှင့် အထည်ချုပ်ကဏ္ဍတို့တွင် တိုးတက်လာကြောင်း စီးပွားရေးလုပ်ငန်းရှင်များထံမှ သိရသည်။