CNI News

၂၀၂၄ ခုနှစ်၊ မေလ ၃၁

စီးပွားရေးဆိုင်ရာ ကဏ္ဍများဖြစ်သည့် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေး၊ ငွေကြေးနှင့် ကုန်စည်စီးဆင်းမှုတို့နှင့် ပတ်သက်သည့် ကော်မတီများ၊ ဌာနများ အပါအဝင် ကော်မရှင်များတွင် စီးပွားရေးနှင့် သက်ဆိုင်သည့် ကျွမ်းကျင် ပိုင်နိုင်သူများကိုသာ ခန့်ထားသင့်ကြောင်း စီးပွားရေးလုပ်ငန်းငန်ရှင်များနှင့် စီးပွားရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

စင်္ကာပူ၊ မလေးရှား၊ ထိုင်းနှင့် တောင်ကိုရီးယား စသည့် အာဆီယံနှင့် အာရှနိုင်ငံများတွင် စီးပွားရေးနှင့်ပတ်သက် သည့် လုပ်ငန်းများကို စီးပွားရေးပိုင်းဆိုင်ရာ ပိုင်နိုင်မှုမရှိသူများကို နေရာပေးလေ့မရှိကြောင်း၊ သို့မှသာ စဉ်းစား ဆုံးဖြတ်ချက်များ မှန်ကန်မည်ဖြစ်သည်ဟု ထောက်ပြကြသည်။

လက်ရှိ မြန်မာနိုင်ငံတွင် စီးပွားရေးဆိုင်ရာ ကဏ္ဍများ၌ စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရှင် မဟုတ်သည့်သူများ ပါဝင်နေကြောင်း၊ သို့သော်လည်း ၎င်းတို့၏ တိုင်ပင်နိုင်မှုအပေါ်တွင် မူတည်သည်ဟု ဘဏ်ရေးရာ ကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒါက လူကြီးတွေ technically ဘယ်လောက်သိသလဲ၊ သို့မဟုတ် technical သိတဲ့လူနဲ့ ဘယ်လောက် တိုင်ပင်နိုင်သလဲ အဲဒါ အရေးကြီးတာပဲ။ နံပါတ် ၁ က မလေးရှားမှာ၊ စင်္ကာပူမှာ၊ ထိုင်းမှာ၊ တောင်ကိုရီးယားမှာ စီးပွားရေးနဲ့ ပတ်သက်တဲ့ အေဂျင်စီတွေအကုန်လုံးကို စီးပွားရေးမှာ မပိုင်ရင် မခန့်ကို မခန့်ဘူး ဒါပဲ အဖြေကတော့။ အဲဒီတော့မှ စဉ်းစားတာ မှန်တော့မှာပေါ့။ အဲဒီတော့ သို့မဟုတ် တပ်ချုပ်ကြီးက စီးပွားရေးပညာရှင် မဟုတ်ဘူး။ ဒါပေမယ့် သို့သော်ငြားလည်း သူက ဘယ်လောက်ထိ တိုင်ပင်နိုင်မလဲ အဲဒီအပေါ်မှာ မူတည်တာပေါ့” ဟု ပြော သည်။

ဒုတိယဗိုလ်ချုပ်ကြီးညိုစောနဲ့ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

လက်ရှိတွင် နစက-က နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ(FESC) ၏ ဥက္ကဋ္ဌအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော ကို ခန့်အပ် တာဝန်ပေးထားသည်။

ထို့အပြင် ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေး ဗဟိုကော်မတီဥက္ကဋ္ဌအဖြစ်နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်မှုကော်မရှင်(MIC) ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး မြထွန်းဦး ခန့်အပ် တာဝန်ပေးထားသည်။

စီးပွားရေးဆိုင်ရာတာဝန်များကို စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူများထက် စီးပွားရေးဆိုင်ရာ ကျွမ်းကျင်သူများက ပို၍ တာဝန်ယူသင့်သည်ဆိုသော်လည်း ယခင် ဦးသန်းရွှေ အစိုးရလက်ထက်တွင်လည်း စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူများက တာဝန်ယူခဲ့ကြောင်း၊ ထိုအချိန်က မြန်မာ့စီးပွားရေး ကောင်းမွန်ခဲ့ပြီး ကုန်သွယ်ရေးကဏ္ဍတွင် ပိုငွေများ ပြခဲ့သည်။

စစ်ဘက်ဖြစ်စေ၊ အရပ်ဘက်ဖြစ်စေ စီးပွားရေးဆိုင်ရာ တာဝန်များကို ထမ်းဆောင်ရာတွင် အဓိကအားဖြင့် ကျင့်သုံးသည့် စီးပွားရေးမူဝါဒ အပေါ်တွင်သာ မူတည်ကြောင်း၊ ထို့နောက် လက်ရှိတွင်လည်း စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများက ပညာရှင်များထံမှ အကြံဉာဏ်များယူ၍ စီးပွားရေးနှင့် ဟန်ချက်ညီသည့် ပေါ်လစီဖြစ်ရန် လုပ်ဆောင်မှသာ အဆင်ပြေမည်ဟု အမည်မဖော်လိုသည့် စီးပွားရေး လေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဟိုးအရင် ဦးသန်းရွှေ လက်ထက်ကလည်း လုပ်ခဲ့တာပဲ။ သူက ကိုင်တယ်။ အဲဒီလိုမျိုးပဲ သူက import တွေအများကြီး တက်မလာအောင် သူက export နဲ့ ပြန်ထိန်းသွားတယ်။ export ဝင်ငွေရှိမှ import ပြန်သွင်း ရမယ်လို့ လုပ်လိုက်တယ်။ လုပ်လိုက်တော့ export ဈေးနှုန်းတွေကလည်း တိုးတယ်။ ဝင်လာတဲ့ ဒေါ်လာတွေက အကုန်တက်ကုန်ရော။ ဘာဖြစ်လဲဆိုတော့ import သမားအတွက် အဆင်ပြေတယ်။ တစ်ခါ export သမား အတွက်လည်း ဈေးကောင်းရတော့ ပိုပြီး export ပို့ချင်တယ်။ ဆိုတော့ အရင်ကလည်း စစ်တပ်ကလူပဲ၊ အခုလည်း စစ်တပ်ကလူပဲ၊ ဒါပေမယ့် ပေါ်လစီချင်းက ကွာသွားတဲ့အခါမှာ အခြေအနေချင်းက ကွာသွားတယ်။ ဦးသန်းရွှေ လက်ထက်က ဆိုလို့ရှိရင် ကုန်သွယ်မှု ပိုငွေတောင် ပြတယ်။ အခုတော့ ဒီအစိုးရလက်ထက်မှာ သူတို့က ပိုငွေပြချင် နေတာ။ အမျိုးသားစီမံကိန်းမှာလည်း ပိုငွေပြအောင် လုပ်မယ်ဆိုပြီးတော့ တေးထားတယ်။ ဒါပေမယ့် တစ်ခါမှ မပြတဲ့အပြင် ပိုပိုပြီး ဆိုးလာတယ်။ အဲဒါကြောင့် ပြောချင်တာတော့ တက်လာတဲ့လူနဲ့တော့ မဆိုင်ဘူး။ သူတို့ ဘယ်လို ပေါ်လစီနဲ့ချမလဲ။ ဒါနဲ့ပဲ ဆိုင်တာပေါ့။ တစ်ခုရှိတာတော့ စစ်တပ်ကလူကတော့ ပေါ်လစီပိုင်းဆိုင်ရာ သူတို့ရဲ့ ပရော်ဖက်ရှင်နယ် မဟုတ်တော့ သူတို့ သေချာနားလည်ချင်မှ နားလည်မယ်။ ဒါပေမယ့် သူက ပညာရှင်ကို ချဉ်းကပ်ရမှာ။ ပညာရှင်ဆီက အကြံဉာဏ်ယူရမှာ။ အကြံဉာဏ်ယူပြီးတော့ လုပ်တယ်ဆိုရင်တော့ စီးပွားရေးနဲ့ သွားပြီးတော့ ဟန်ချက်ညီတဲ့ ပေါ်လစီ ဖြစ်မယ်။ မဟုတ်လို့ရှိရင် အဆင်မပြေနိုင်ဘူး” ဟု ပြောသည်။

ကုန်စုံဆိုင်ကိုတွေ့ရစဉ်

လက်ရှိ မြန်မာ့စီးပွားရေးကဏ္ဍသည် ကျဆင်းနေပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲ၊ နိုင်ငံခြားငွေကြေး ထိန်းချုပ်ထားမှု၊ ပို့ကုန်သွင်းကုန်ပါမစ် ကန့်သတ်ထားမှုများကြောင့် ကုန်သွယ်ရေးများ ကျဆင်းနေကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှာလည်း ထွက်ခွာနေမှုများရှိနေပြီး ပြန်လည်ဝင်ရောက် လာမှုများမှာ အလွန်နည်းပါး နေကြောင်း သိရသည်။

ထို့နောက် မြန်မာငွေကြေး တန်ဖိုးကျဆင်းမှုများကြောင့် ပြည်တွင်းတွင် ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းများလည်း ဖြစ်ပေါ်လျက် ရှိနေသည်။

စီးပွားရေး ပြန်လည်ကောင်းမွန်ရန်နှင့် မြန်မာကျပ်ငွေတန်ဖိုး ပြန်လည်မြင့်တက်လာရန်အတွက် အဓိအားဖြင့် စီးပွားရေးတွင် ဗဟိုချုပ်ကိုင်မှုစနစ်ကို ဖြေလျှော့ပေးရန် လိုအပ်ကြောင်း၊ ထို့နောက် ပို့ကုန်ရငွေ မူဝါဒနှင့် ပတ်သက်၍ ထိန်းချုပ်ထားမှုများကို ဖြေလျှော့ပေးပြီး ပို့ကုန် ပိုမိုတင်ပို့နိုင်ရန်အတွက် ဆောင်ရွက်သင့်ကြောင်း စီးပွားရေး လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

အလားတူ ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားများ၏ ဝင်ငွေများ ပြည်တွင်းသို့ တရားဝင် ဝင်ရောက်လာစေရန် အတွက် ငွေလဲလှယ်သည့် နှုန်းထားများကို တိုးမြှင့်ပေးရန် လိုအပ်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။