CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၁၉
နစကအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် တွေ့ဆုံဆွေးနွေးရေး ပြုလုပ်မည်ဆိုပါက ဦးတည်ချက် ခေါင်းစဉ် တစ်ခုတည်းဖြင့် သွား၍မရကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦး က CNI သတင်းဌာနသို့ ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့၏ လမ်းကြောင်းနှင့် တိုင်းရင်းသား လက်နက်ကိုင်(EAO)အဖွဲ့တို့၏ လမ်းကြောင်းမှာ မတူညီဘဲ ကွဲလွဲနေကြသလို လိုလားချက်များမှာလည်း မတူညီကြသည်ကို တွေ့ရသည်။
ထို့ကြောင့် တွေ့ဆုံဆွေးနွေးရေးကို အပစ်ခတ်ရပ်စဲရေးခေါင်းစဉ် အောက်မှပြုလုပ်ပါက ဖြစ်နိုင်သော်လည်း နောက်ပိုင်း ဆက်လက် ညှိနှိုင်းရမည့်အပိုင်းတွင် ပိုရှုပ်ထွေးလာနိုင်ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေး အဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
လက်နက်ကိုင် ခေါင်းဆောင်များနဲ့ နစကဥက္ကဋ္ဌကို တွေ့ရစဉ်
၎င်းက “သူက ဘယ်ခေါင်းစဉ်နဲ့ သွားမလဲပေါ့။ ငြိမ်းချမ်းရေးလမ်းကြောင်းနဲ့ သွားမှာလား။ လက်ရှိ ဖြစ်ပျက်နေ တာကို ကြည့်လိုက်ရင် NUG တို့ PDF တို့ ပေါ်တယ်ဆိုတာက ရွေးကောက်ပွဲကနေ အာဏာထိန်းတာကို မတရား လုပ်တယ်ဆိုပြီး အဲဒီခေါင်းစဉ်အောက်ကနေ သွားတာ။ တကယ်တမ်း အပြင်ကသွားနေတဲ့ EAO တွေ လမ်းကြောင်းနဲ့ သူတို့လမ်းကြောင်း တူသလားဆိုတာ နိုင်ငံရေးအရ သွားကြည့်ရင် မတူဘူး။ ခေါင်းစဉ်တွေက ကွဲနေတယ်။ ဘယ်သူက ဘယ်ခေါင်းစဉ်နဲ့ ဆွေးနွေးမလဲဆိုတာတော့ အဲဒါကတော့ သက်ဆိုင်ရာ အဖွဲ့တွေရဲ့ သဘော(ထား)အပေါ်မှာ မူတည်လိမ့်မယ်ထင်တယ်။ တကယ်တမ်းကြတော့ ခေါင်းစဉ် တစ်ခုအောက်ထဲမှာ အပစ်ခတ်ရပ်စဲရေးဆိုတဲ့ ခေါင်းစဉ်တစ်ခု အောက်ထဲမှာတော့ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် အပစ်ခတ်ရပ်စဲပြီး နောက်ပိုင်း ဘာတွေဘယ်လို လိုအပ်တယ်ဆိုတာ ညှိနှိုင်းတဲ့အပိုင်းကြရင် ခေါင်းစဉ်တွေကွဲမှာ။ အဲဒါကတော့ နည်းနည်းပိုပြီး ရှုပ်ထွေးလာမယ်။ ဦးတည်ချက်တစ်ခု ခေါင်းစဉ်တစ်ခုတည်း အောက်ကနေသွားလို့ မရနိုင် လောက်ဘူး။ အဖွဲ့တစ်ဖွဲ့ချင်းစီမှာ သူ့ရဲ့ လိုလားချက် တစ်ခုစီဖြစ်တဲ့ အတွက်ကြောင့် အဲဒါတွေကို သေချာ ညှိနှိုင်း နိုင်ဖို့ သီးသန့်ဆွေးနွေးပွဲမျိုး လိုအပ်လိမ့်မယ်လို့ မြင်တယ်” ဟု ပြောသည်။
နစကအနေဖြင့် မြန်မာ့နိုင်ငံရေးကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပေးထားချက်အရ ရွေးကောက်ပွဲ လမ်းကြောင်းဖြင့် လည်းကောင်း၊ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းများဖြင့် လည်းကောင်း ပြိုင်တူသွား နိုင်ကြောင်းလည်း သုံးသပ်မှုများရှိသည်။
လက်ရှိတွင် တစ်နိုင်ငံလုံး မတည်မငြိမ် ဖြစ်နေသည့် ကာလတစ်ခုအောက်၌ တွေ့ဆုံဆွေးနွေးရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမှာလည်း မရှိသလောက်နည်းပါးပြီး ကျဉ်းမြောင်းသည့် ကာလဖြစ်ကြောင်း 7 EAO Alliance မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။
NUG-PDF ကို တွေ့ရစဉ်
၎င်းက “လောလောဆယ်ကတော့ ကျနော်တို့နိုင်ငံမှာ စစ်ရေးဘောင်က အရမ်းကို ကျယ်ပြန့်နေတော့ နိုင်ငံရေးလို့ ပြောနေတဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲပဲပြောပြော ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲပဲ ပြောပြော အဲဒါတွေက မရှိသလောက် ကျဉ်းမြောင်းပိတ်ကပ်နေတဲ့ ကာလတစ်ခုအောက်မှာ ကျနော်တို့ အနေနဲ့က စစ်ရေးဘောင်က ကျယ်နေတဲ့အချိန်မှာ သဘာဝလည်း ကျပါတယ်။ စစ်ရေးဘောင်က ကျယ်နေတော့ နိုင်ငံရေးဘောင်က ကျဉ်း ရမယ်ဆိုတာ မလွှဲမသွေ ရင်ဆိုင်ရမယ့် အရာတစ်ခုဖြစ်ပါတယ်။ အဲဒါကလည်း သဘာဝကျတာပေါ့လေ။ ဆိုလိုချင် တာကတော့ နိုင်ငံရေးကိစ္စရပ်နဲ့ပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးကိစ္စရပ်နဲ့ပဲဖြစ်ဖြစ် စစ်ရေးဘောင် ကျယ်ပြန့်ပြီးတော့ တစ်နိုင်ငံလုံး မတည်မငြိမ်ဖြစ်နေတဲ့ ကာလတစ်ခုအောက်မှာ နိုင်ငံရေးဆွေးနွေးပွဲတို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတို့ ကတော့ မရှိသလောက်ကို နည်းပါးတယ်၊ ကျဉ်းမြောင်းတဲ့ ကာလဖြစ်ပါတယ်” ဟု ပြောသည်။
မြန်မာ့တပ်မတော်မှ တဆင့် နစကသည် ၂၀၂၁ ခုနှစ်မှစတင်၍ အာဏာရယူပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်း လက်နက်ကိုင်ပဋိပက္ခများ ပိုမို ကျယ်ပြန့်လာခဲ့သည်။ ထို့နောက် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တို့တွင် တိုင်းရင်းသား လက်နက်ကိုင်များ၏ နယ်မြေစိုးမိုးမှုများကလည်း ပိုမိုများပြားလာခဲ့သည်။
ထိုအခြေအနေတွင် နစကဥက္ကဋ္ဌမှ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ သို့မဟုတ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ တွင် အစောဆုံး ကျင်းပနိုင်ရန် စီစဉ်နေကြောင်းလည်း သိရသည်။
နိုင်ငံတစ်ဝှမ်း မတည်မငြိမ် ဖြစ်နေချိန် ရွေးကောက်ပွဲ ကျင်းပဖြစ်ခဲ့ပါကလည်း မြို့နယ်ပေါင်း သုံးပုံ တစ်ပုံခန့် လောက်သာ ပြုလုပ်နိုင်ဖွယ်ရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။