CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၁၉
အိန္ဒိယနိုင်ငံ၏ လွတ်လပ်သောအဖွဲ့အစည်းဖြစ်သည့် ကမ္ဘာ့ရေးရာအိန္ဒိယကောင်စီ(ICWA)နှင့် တွေ့ဆုံဆွေးနွေး ပွဲတွင် မြန်မာကိုယ်စားလှယ်များ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် ဘာရလိုက်လဲဆိုသည့်အပေါ် အားလုံးက စိတ်ဝင်တစားစောင့်ကြည့်နေကြသည်။
အိန္ဒိယနိုင်ငံ၏ Think Tanks အဖွဲ့ကြီးဖြစ်သည့် ကမ္ဘာ့ရေးရာအိန္ဒိယကောင်စီ(ICWA)နှင့် မြန်မာနိုင်ငံက နိုင်ငံရေး ပါတီ ၁၂ ပါတီ၊ NSPNC အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်၊ တိုင်းရင်းသားလက်နက်ကိုင်(EAOs) ၅ ဖွဲ့၊ အရပ်ဖက် အဖွဲ့အစည်း(CSO)၊ လွှတ်တော်အမတ်ဟောင်းများ စုစုပေါင်း ၄၀ ကျော်တို့ တွေ့ဆုံ၍ ဖက်ဒရယ်စနစ် နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်၊ မတ်လ ၁၈ ရက်က မြန်မာနိုင်ငံရှိ အိန္ဒိယသံရုံး၏ အိန္ဒိယစင်တာတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။
အဓိက အနေဖြင့် အိန္ဒိယနိုင်ငံ၏ ညှိနှိုင်းနိုင်သည့် စွမ်းရည်အား မြင်တွေ့ခဲ့ရကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ(NDF)မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဓိက,ကတော့ အိန္ဒိယနိုင်ငံရဲ့ တစ်လုံးတည်းချုပ်ပြောမယ် ဆိုလို့ရှိရင်တော့ အိန္ဒိယရဲ့ ညှိနှိုင်းနိုင်တဲ့ စွမ်းရည်ပေါ့နော်၊ ကျနော်တို့ဆီမှာကျတော့ ရရင်ရ၊ မရရင်ချဆိုတဲ့ ၀ နဲ့ ၁၀၀ ပေါ့၊ ၁၀၀ ရရင်ရ၊ မရရင် ၀ ပဲဆိုတဲ့ ဟာမျိုး အဲပုံစံမျိုး။ ကျနော်တို့ရဲ့ မြန်မာတွေရဲ့ စိတ်ခံစားချက်က အဲအတိုင်းသွားတာပေါ့၊ အိန္ဒိယက အဲတိုင်း မဟုတ်ဘူး၊ တော်တော်ကို နှစ်ပေါင်း ၇၀ ကျော်ကြာတဲ့ထိ စိတ်ရှည်လက်ရှည်နဲ့ တဖြည်းဖြည်းချင်း တဖြည်းဖြည်း ချင်းပဲ ရသလောက်ပေါ့နော်၊ ဒီဟာ ဒါညှိနှိုင်းလို့ ဒီလောက်ရတယ် အဲလိုမျိုးနဲ့ သူတို့ ဆက်ပြီးရွှေ့လာလိုက်တာ အခု ဆိုရင် ဒါတော်တော်လေးကို ခရီးရောက်လာတယ် ဆိုတဲ့ဟာမျိုးပေါ့နော်၊ နိုင်ငံရေးမှာ အကြမ်းဖက်တဲ့ဟာနဲ့ လက်နက်ကိုင်တော်လှန်ရေးတွေလည်း သူတို့လည်း ကြုံတွေ့ရတယ်၊ ဒါပေမယ့် ဒီဟာပေါ်မှာ ထိန်းထားပြီးတော့ မှပဲ တတ်နိုင်သလောက် နိုင်ငံရေးအရ စကားပြောမှုပေါ့နော်၊ ဒါကိုပဲ များများမြှင့်တင်ပြီးတော့မှ သွားပြီးတော့ တဖြည်းဖြည်း စိတ်ရှည်လက်ရှည်ပဲ၊ ဒါမျိုးအနေအထားထိ ရောက်အောင် ဘယ်လိုစိတ်ရှည် လက်ရှည်လုပ်လာခဲ့ ရတယ်၊ ဘယ်လိုညှိနှိုင်းမှုတွေနဲ့ ဘယ်လိုအပေးအယူမျိုးတွေ လုပ်ပြီးတော့မှ လုပ်လာခဲ့ရတယ်ဆိုတဲ့ဟာတွေ လည်း မြင်ရတာပေါ့”ဟု ပြောသည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၁၈ ရက်က ဖက်ဒရယ်နဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆွေးနွေးပွဲမှာ အိန္ဒိယပညာရှင်များကို တွေ့ရစဉ်
အဆိုပါ ဆွေးနွေးပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ မူဘောင်များနှင့် ဖက်ဒရယ်စနစ်အရေး၊ လူမျိုးပေါင်းစုံနှင့် ဘာသာစကား ပေါင်းစုံ ဖက်ဒရယ်စနစ်ကို စီမံခန့်ခွဲရာတွင် အိန္ဒိယ၏ အတွေ့အကြုံများ၊ အားလုံးပါဝင်သော အုပ်ချုပ်မှုနှင့် အာဏာခွဲဝေမှုဆိုင်ရာကိစ္စရပ်များ၊ အိန္ဒိယဖက်ဒရယ်စနစ်နှင့် လူမျိုးစု မတူကွဲပြားမှုများအရေး စသည့် ခေါင်းစဉ်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာကိစ္စရပ်များ၊ တိုင်းရင်းသားလူမျိုးများကဏ္ဍနှင့် လက်နက်ကိုင်ပဋိပက္ခ ရှိသည့် နယ်မြေများတွင် တွေ့ဆုံဆွေးနွေး အဖြေရှာပြီး နိုင်ငံရေးအားဖြင့် အဖြေထုတ်သည့် ကိစ္စရပ်များအား ဆွေးနွေး မျှဝေခဲ့ကြကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အချက်လေးတွေပေါ့ဗျာ သူတို့ဘာကြောင့် အခုထိ အခြေခံဥပဒေဟာ ခိုင်မြဲနေတာလဲ၊ အရင်ကတည်းက အငြင်းအခုံလေးတွေနဲ့ တစ်ချက်ချင်း တစ်ချက်ချင်းကို ကြိုတင် ပြဋ္ဌာန်းထားခဲ့တဲ့ ဥစ္စာတွေ၊ အခုလက်တွေ့ အဲတာ ကို အကောင်အထည်ဖော်ပေးတဲ့ အနေအထားတွေ စသည်ဖြင့်ပေါ့၊ ကျနော်တို့ နိုင်ငံဖက်ကလည်းပဲ အခြေခံဥပဒေ နဲ့ ပတ်သက်လို့ ပြင်ခြင်း၊ ပြုခြင်းလေးတွေ ဒါလေ့လာနေဆဲ ဖြစ်တာပေါ့၊ နိုင်ငံပေါင်း ၈ ခုလောက်ရဲ့ အခြေခံဥပဒေ ကို လေ့လာနေတယ်လို့ မှတ်သားရပါတယ်၊ အဲတော့ အိန္ဒိယ ဖွဲ့စည်းပုံလည်း အပါအဝင်ပေါ့၊ ဆိုတော့ ဘယ်လို ကိုယ့်နိုင်ငံအတွက် အသုံးတည့်မှာလဲ ဆိုတာကတော့ တစ်ချက်ချင်း တစ်ချက်ချင်း သွားကြရမယ်ထင်တယ်၊ သူတို့ ဖက်ကလည်း အခုက အဓိကအချက်လေးတွေပေါ့၊ အိန္ဒိယဖွဲ့စည်းပုံရဲ့ အဓိက အချက်လေးတွေ ကျနော်တို့မှာက တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ပြဿနာတွေ၊ အဲတော့ တိုင်းရင်းသားလူမျိုးကဏ္ဍကို ဘယ်လိုသူတို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းထားတယ်၊ ဘယ်လိုပဋိပက္ခ မဖြစ်ဘဲနဲ့ ပြေလည်အောင်နေကြတယ်၊ လက်နက်ကိုင် ပဋိပက္ခရှိတဲ့ နယ်မြေတွေကို ဘယ်လို တွေ့ဆုံဆွေးနွေး အဖြေရှာပြီးမှ နိုင်ငံရေးအားဖြင့် အဖြေထုတ်ကြတယ် စသဖြင့်ပေါ့ အဲတာလေးတွေ မျှဝေတာပါ” ဟု ပြောသည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၁၈ ရက်က ဖက်ဒရယ်နဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆွေးနွေးပွဲမှာ အိန္ဒိယပညာရှင်များနဲ့ မြန်မာကိုယ်စားလှယ်များကို တွေ့ရစဉ်
အိန္ဒိယပညာရှင်များနှင့် ဆွေးနွေးသည့်အခါမှာ အိန္ဒိယသည် မြန်မာနိုင်ငံတွင် ဗဟိုအစိုးရပြိုကွဲသွားမှာကို စိုးရိမ်မှုရှိ နေကြောင်းနှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ထူထောင်ရေးကို ဝိုင်းဝန်း ကူညီတည့်မတ်ပေးစေလိုကြောင်း အချက် ၂ ချက်ကို ရလိုက်သည်ဟု ဆွေးနွေးပွဲမှာ ပါဝင်ခဲ့သော ပြည်တွင်း/ပြည်ပ သံတမန်များနှင့်နီးစပ်သူ နိုင်ငံရေးသမား တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံမှ နိုင်ငံရေးနှင့်အုပ်ချုပ်ရေး အင်အားစုများသည် ဖက်ဒရယ်ဆိုင်ရာ ဆွေးနွေးမှုများကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၅ ရက်မှ ၇ ရက်အထိ အိန္ဒိယနိုင်ငံသို့ သွားရောက်၍ လေ့လာခဲ့သေးသည်။
အဆိုပါ အိန္ဒိယခရီးစဉ်၏ အဆက်ကို ၂၀၂၅ ခုနှစ်၊ မတ်လ ၁၈ ရက်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ အိန္ဒိယစင်တာ၌ ဒုတိယအကြိမ် ကျင်းပခြင်းဖြစ်သည်။
ထို့ပြင် ဖက်ဒရယ်စနစ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်များအား နေပြည်တော်တွင် နောက်ထပ် တစ်ကြိမ် တွေ့ဆုံဆွေးနွေးသွားရန် ရှိကြောင်းလည်း နိုင်ငံရေးပါတီများက ပြောသည်။