CNI News

၂၀၂၅ ခုနှစ်၊ မတ်လ ၂၄

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)က ဦးဆောင်၍ နေပြည်တော်မှာ Peace Talk 2025 (ငြိမ်းချမ်းရေးစကားဝိုင်း-၂၀၂၅)ကို ၂၀၂၅ ခုနှစ်၊ မတ်လ ၂၄ ရက်မှ ၂၆ ရက်ထိ ကျင်းပလျက်ရှိသည်။

အဆိုပါ ဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီများ၊ ငြိမ်းချမ်းရေး အကျိုးဆောင်များ၊ နိုင်ငံရေးအကဲခတ်များ၊ လွှတ်တော် ကိုယ်စားလှယ်ဟောင်းများ၊ လက်နက်ကိုင်များ၊ သတင်းမီဒီယာများ စသဖြင့် လူပုဂ္ဂိုလ် ၁၀၀ ကျော်ဖြင့် ဆွေးနွေး လျက်ရှိသည်။

မတ်လ ၂၄ ရက်က စတင်ခဲ့သော ပထမနေ့တွင် NSPNC ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးရာပြည့်က အဖွင့်အမှာစကား ပြောပြီး UPWC ဒုဥက္ကဋ္ဌနှင့် ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ဦးသိန်းဇော်က နှုတ်ခွန်းဆက် စကားပြောကြားခဲ့ကြောင်း၊  NSPNC အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီးမင်းနိုင်က ငြိမ်းချမ်းရေးစကားဝိုင်း-၂၀၂၅ ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။

Peace Talk 2025 ဆွေးနွေးနေကြစဉ်

ထို့နောက် မတ်လ ၂၅ ရက်နေ့တွင် ဒေါ်လဲ့လဲ့သိန်းက “ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းရာတွင် စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှု၏ အရေးပါသည့်ကဏ္ဍ”ဆိုသော ခေါင်းစဉ်ဖြင့် ဆွေးနွေးမည် ဖြစ်သည်။

မတ်လ ၂၆ ရက်နေ့ ဒုတိယနေ့မှာတော့ “ပဋိပက္ခလျှော့ချရေး ကာလအတွင်း စီးပွားရေးကြံ့ကြံ့ခံမှုကို ကြိုးပမ်းရာ တွင် ဆက်စပ်သည့် ကဏ္ဍများကိုလည်း ထည့်သွင်းစဉ်းစားခြင်း” ခေါင်းစဉ်ဖြင့် ဒေါက်တာဇော်ဦးက လည်းကောင်း၊  “ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုကို ပုံဖော်ခြင်း” ခေါင်းစဉ်ဖြင့် ဒေါက်တာညိုညိုသင်းကလည်းကောင်း ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

အလားတူ တတိယနေ့တွင် “ရွေးကောက်ပွဲ၊ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေး” ခေါင်းစဉ်ဖြင့် ဒုဗိုလ်ချုပ်ကြီး မြင့်စိုး(ငြိမ်း)က လည်းကောင်း၊ ဦးကိုကိုကြီးက လည်းကောင်း ဆွေးနွေးမည်ဖြစ်ကြောင်း ဆွေးနွေးပွဲ တက်ရောက်နေသော ကိုယ်စားလှယ်များက ပြောသည်။

အဆိုပါ ၃ ရက်တာ ကျင်းပမည့် ဆွေးနွေးမှုများကို စကားဝိုင်းအလိုက်နှင့် စကားဝိုင်းအလိုက် တစ်ဦးစီးတို့ဖြင့် လည်း ဆွေးနွေးကြမည်ဟု သိရသည်။