CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၈
စပါးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းကို ၄ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အရေးနိမ့် ခဲ့ပေမယ့် PSG အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ဥရောပစူပါဖလားပွဲအတွက် သူတို့အဆင်သင့် ဖြစ်နေလိမ့်မယ်လို့ နည်းပြ သောမတ်စ်ဖရန့်ခ်က ပြောခဲ့ပါတယ်။
သောမတ်စ်ဖရန့်ခ်က “ဒီပွဲအတွက် ကျနော်တို့ ၁၀၀ ရာခိုင်နှုန်း အဆင်သင့် ဖြစ်နေမှာပါ။ ဒါနဲ့ပတ်သက်ပြီး ကျနော် ကတော့ သံသယမရှိပါဘူး။ ဒီပွဲအတွက် ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ အချိန်ရှိပါသေးတယ်။ ကျနော်တို့ဟာ ကောင်းမွန် တဲ့ လေ့ကျင့်ခန်း အစီအစဉ် ၃ ကြိမ် ဒါမှမဟုတ် ၄ ကြိမ်လောက် ပြုလုပ်ပြီးရင် PSG အသင်းနဲ့ ယှဉ်ပြိုင်ကစားဖို့ အဆင်သင့်ဖြစ်နေမှာပါ”လို့ ပြောခဲ့တာပါ။
ဘိုင်ယန်မြူးနစ်အသင်းကို အရေးနိမ့်ခဲ့တာဟာ နည်းပြ သောမတ်စ်ဖရန့်ခ် လက်ထက်မှာ စပါးအသင်းရဲ့ ပထမဆုံး ရှုံးပွဲ ဖြစ်ခဲ့ပါတယ်။
စပါးအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းကို ပထမပိုင်းမှာ ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ အသင်း ကြီး ကစားသမားတွေနဲ့ အကယ်ဒမီ ကစားသမားတွေကို တွဲဖက်အသုံးပြုခဲ့တာကြောင့် ၃ ဂိုး ထပ်ပေးရပြီး ဂိုးပြတ် ရှုံးနိမ့်ခဲ့တာပါ။
စပါးအသင်း နည်းပြ သောမတ်စ်ဖရန့်ခ်ကို တွေ့ရစဉ်
စပါးအသင်းဟာ ရာသီကြို ခြေစမ်းပွဲတွေမှာ ရက်ဒင်းနဲ့ အာဆင်နယ်အသင်းကို အနိုင်ရခဲ့ပြီး ဝိုင်ကမ်ဘီ၊ လူတန်နဲ့ နယူးကာဆယ်အသင်းတို့ကို သရေကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။
စပါးအသင်းနည်းပြ သောမတ်စ်ဖရန့်ခ်က ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပွဲရလဒ်ဟာ သူတို့အတွက် ဆိုးရွားခဲ့ပေမယ့် သင်ယူစရာတွေ ရခဲ့သလို အပြုသဘောဆောင်တဲ့ စွမ်းဆောင်ရည်လည်း ရခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဒါအပြင် သောမတ်စ်ဖရန့်ခ်က စပါးအသင်းဟာ သူတို့လိုချင်တဲ့ ပုံစံကို ရောက်ရှိဖို့ အချိန်အနည်းငယ် ယူရမှာ ဖြစ်ပေမယ့် ရောက်ရှိနိုင်မယ်ဆိုတာ သံသယ မရှိဘူးလို့လည်း ပြောခဲ့တာပါ။
စပါးအသင်းနဲ့ PSG အသင်းတို့ရဲ့ ဥရောပစူပါဖလား ပွဲစဉ်ကို သြဂုတ် ၁၃ ရက် အီတလီနိုင်ငံမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
Source: Dailymail