CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃၁
စပါးအသင်းနည်းပြ သောမတ်စ်ဖရန့်ခ်က အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ဆီမန်ညိုကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် အပြောင်းအရွှေ့ ဈေးကွက်က Football Manager ဂိမ်းလို မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
သောမတ်စ်ဖရန့်ခ်က “ကလပ်အသင်းဟာ ဆီမန်ညိုကို ခေါ်ယူချင်ခဲ့တာရှင်းပြီး သူတို့အရာအားလုံး လုပ်ခဲ့ပါတယ်။ ဒါက လူစာရင်း အင်အားကောင်းအောင် ကျနော်တို့ ရှာဖွေနေတဲ့ ကစားသမားတွေရဲ့ အရည်အသွေးတွေပါ။ လူတိုင်းက ကလပ်အတွက် အကောင်းဆုံးကိုပဲ လိုချင်ကြတာပါ။ ဒါပေမယ့် အပြောင်းအရွှေ့က Football Manager လိုမဟုတ်ပါဘူး”လို့ ပြောခဲ့တာပါ။
ဘုန်းမောက်အသင်း ကြယ်ပွင့်ဟောင်း ဆီမန်ညိုဟာ စပါးအသင်း ရင်ဆိုင်ရမယ့် မန်စီးတီးအသင်းထံ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ပေါင် ၆၂.၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
စပါးအသင်းဟာ ဒီအပြောင်းအရွှေ့မှာ အက်သလက်တီကိုအသင်း ကွင်းလယ်လူ ဂယ်လာဂါကို ပေါင် ၃၅ သန်း၊ ဘရာဇီးလ် ဘယ်နောက်ခံလူ ဆူဇာကို ကာလရှည် စာချုပ်ချုပ်ဆိုပြီး ခေါ်ယူအားဖြည့်ထားတာပါ။

သောမတ်စ်ဖရန့်ခ်ကို တွေ့ရစဉ်
သောမတ်စ်ဖရန့်ခ်ဟာ ပြီးခဲ့တဲ့နှစ်ဇွန်လမှာ စပါးအသင်း နည်းပြရာထူးကို ရယူခဲ့ပြီး ၂၀၂၈ ခုနှစ်ရာသီကုန်အထိ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
ဒါပေမယ့် စပါးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၁၄ နေရာ ရပ်တည်နေတာနဲ့အတူ နိုင်ပွဲတွေ ပျောက်ဆုံး နေတာကြောင့် သောမတ်စ်ဖရန့်ခ်ဟာ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။
စပါးအသင်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာတော့ ဖရန့်ဖတ်အသင်းကို အနိုင်ရခဲ့ပြီး ၁၆ သင်းအဆင့်ကို တိုက်ရိုက် တက်နိုင်ခဲ့တာပါ။
မန်စီးတီးအသင်းနဲ့ပွဲမှာ ဒဏ်ရာကြောင့် အဓိက ကစားသမား ၈ ဦးအထိ လွဲချော်မယ့် စပါးအသင်းဟာ နွေရာသီမှာ ကြီးမားတဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေ ရှိလာနိုင်တယ်လို့ နည်းပြ သောမတ်စ်ဖရန့်ခ်က ပြောခဲ့ပါတယ်။
စပါးအသင်းဟာ အသင်းလက်မဲ့ဖြစ်နေတဲ့ ချယ်လ်ဆီးအသင်း ကစားသမားဟောင်း စတာလင်ကို ချိတ်ဆက်မှုတွေ ရှိနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
Source: BBC
