CNI Sport News

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁

နယူးကာဆယ်အသင်းကို အိမ်ကွင်းမှာ ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ပြီးနောက် စပါးအသင်း ပရိသတ်တွေရဲ့ ထုတ်ပယ်ဖို့ တောင်းဆိုမှုတွေခံနေရတဲ့ နည်းပြ သောမတ်စ်ဖရန့်ခ်က အသင်းရဲ့နည်းပြအဖြစ် ဆက်ပြီးရှိနေမယ်လို့ ယုံကြည် နေပါတယ်။ 

သောမတ်စ်ဖရန့်ခ်က “ကျနော် ဒီမှာဆက်ရှိနေမယ်လို့ ယုံကြည်ပါတယ်။ မေးခွန်းကို နားလည်သလို ကျနော့်ကို ထောက်ပြဖို့က လွယ်ကူပါတယ်။ ဒါက တစ်ဦးတည်းနဲ့ သက်ဆိုင်တာ မဟုတ်ပါဘူး၊ အားလုံး ပါဝင်ပါတယ်။ ကျနော်တို့ဟာ အခုအချိန်မှာ ထိပ်တန်းအဆင့် အနေအထား မရှိသေးသလို ပိုကောင်းအောင် လုပ်ရမယ့် အရာ တွေအတွက် ကြိုးစားလုပ်ဆောင်နေပါတယ်”လို့ ပြောခဲ့ပါတယ်။ 

စပါးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁၁ ပွဲမြောက် ရှုံးပွဲကြုံတွေ့ပြီးနောက် ပရိသတ်တွေဟာ နည်းပြဟောင်း ပိုချက်တီနိုရဲ့ နာမည် သီကြွေးခဲ့ကြသလို သောမတ်စ်ဖရန့်ခ်ကို “မနက်ကျရင် ထုတ်ပယ်ခံရ တော့မယ်”ဆိုပြီး အော်ဟစ်ခဲ့ကြတာပါ။

စပါးအသင်းဟာ ဒီရှုံးပွဲကြောင့် ပရီးမီးယားလိဂ်မှာ ၈ ပွဲ ဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပြီး တန်းဆင်းဇုန်ထဲက အသင်းနဲ့ ၅ မှတ်အကွာ အဆင့် ၁၆ နေရာမှာ ရပ်တည်နေပါတယ်။ 

 စပါးအသင်းကို တွေ့ရစဉ်

ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေ ခံခဲ့ရတဲ့ စပါးအသင်းဟာ FA ဖလားပြိုင်ပွဲကနေလည်း ထွက်ခွာထားရလို့ အာဆင်နယ်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲအတွက် နောက်ထပ် ၁၂ ရက်ကြာ စောင့်ဆိုင်းရဦးမှာပါ။ 

သောမတ်စ်ဖရန့်ကတော့ သူဟာ စပါးအသင်း နည်းပြအဖြစ် ဆက်ရှိပြီး အာဆင်နယ်အသင်းနဲ့ပွဲကို ကိုင်တွယ် နိုင်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။ 

စပါးအသင်းဟာ လက်ရှိအချိန်မှာ ကစားသမား ၁၀ ဦးကို ဒဏ်ရာကြောင့် အနားပေးထားရသလို အသင်း ခေါင်းဆောင် ရိုမဲရိုးကိုလည်း ပွဲပယ်ကြောင့် ဆုံးရှုံးထားရတာပါ။

စပါးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၁၇ ပွဲမှာ ၂ ပွဲသာ အနိုင်ရခဲ့ပြီး အဆိုပါ အချိန်အတွင်းမှာ ရမှတ် ၁၂ မှတ်သာ ရယူနိုင်ခဲ့ပါတယ်။ 

နည်းပြ သောမတ်စ်ဖရန့်ခ်က သူဟာ စပါးအသင်းကို ဦးဆောင်ဖို့ မှန်ကန်သင့်တော်တဲ့ သူဖြစ်ပြီး ရလဒ်ဆိုးတွေကို အတူတကွ လက်တွဲပြီး ကျော်ဖြတ်နိုင်မှာပါလို့ ပြောခဲ့ပါတယ်။ 

Source: ESPN