CNI Sport News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈

စပါးအသင်းနည်းပြ သောမတ်စ်ဖရန့်ခ်က အသေးစား ကားမတော်တဆမှုဖြစ်ခဲ့တဲ့ ပြင်သစ်တိုက်စစ်မှူး မူအာနီရဲ့ အခြေအနေ ကောင်းမွန်တယ်လို့ ပြောခဲ့ပါတယ်။ 

အင်္ဂါနေ့က ဆိုရှယ်မီဒီယာပေါ်ပျံ့နှံ့ခဲ့တဲ့ ဓါတ်ပုံတွေထဲမှာ မူအာနီနဲ့ အသင်းဖော် အိုဒိုဘတ်တို့ဟာ ပျက်ဆီးနေတဲ့ ဖာရာရီကားဘေးမှာ ရပ်နေခဲ့တာပါ။ 

အိုဒိုဘတ်ကလည်း သူ့ရဲ့ကိုယ်ပိုင်ကားနဲ့ သွားနေတာဖြစ်ပြီး မူအာနီကို ကူညီဖို့ ကားကို ရပ်တန့်ခဲ့ပါတယ်။ 

ဒီမတော်ဆမှုဟာ ဖရန့်ဖတ်အသင်းနဲ့ ချန်ပီယံလိဂ် League Phase နောက်ဆုံးပွဲအတွက် ဂျာမနီနိုင်ငံကို ထွက်ခွာဖို့ လေဆိပ်ထံသွားချိန်မှာ ဖြစ်ခဲ့တာလို့ သတင်းမှာ ဖော်ပြထားတာပါ။ 

မူအာနီနဲ့ အိုဒိုဘတ်တို့ ၂ ဦးစလုံးဟာ စပါးအသင်းထံ အနောက်ကနေ လိုက်ပါ ပူးပေါင်းမှာဖြစ်ပြီး နည်းပြ သောမတ်စ်ဖရန့်ခ်က မတော်တဆမှုမှာ ပါဝင်ခဲ့တဲ့ သူအားလုံး အခြေအနေ ကောင်းမွန်တယ်လို့ ပြောခဲ့ပါတယ်။ 

မူအာနီကိုတွေ့ရစဉ် 

မူအာနီနဲ့ အိုဒိုဘတ်တို့ ၂ ဦးစလုံး ဖရန့်ဖတ်အသင်းနဲ့ပွဲမှာ ပါဝင်နိုင်မယ်လို့လည်း သောမတ်စ်ဖရန့်ခ်က အပြည့်အဝ မျှော်လင့်နေပါတယ်။ 

PSG အသင်းကနေ အငှားနဲ့ လာရောက်ကစားနေတဲ့ မူအာနီဟာ စပါးအသင်းအတွက် ဥရောပပြိုင်ပွဲမှာ ၂ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားပါတယ်။

မူအာနီဟာ ဒီအပြောင်းအရွှေ့မှာ အသင်းဟောင်း ဂျူဗင်တပ်စ်အသင်းထံ ပြန်သွားဖို့ သတင်းတွေ ထွက်ပေါ် နေတာပါ။ 

စပါးအသင်းရဲ့ အဓိကနောက်ခံလူတွေဖြစ်တဲ့ ဗန်ဒီဗန်နဲ့ ပေါ်ရိုတို့ကတော့ ဒဏ်ရာတွေကြောင့် ဖရန့်ဖတ်အသင်း နဲ့ပွဲကို လွဲချော်မှာဖြစ်ပါတယ်။

စပါးအသင်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ရလဒ်ကောင်းနေပေမယ့် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ရလဒ်ဆိုးနေပြီး အဆင့် ၁၄ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ 

Source: BBC