CNI Sport Article
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၀
၂၀၂၅ ခုနှစ်အတွက် ချီးမြှင့်မယ့် Ballon d'Or ဆုအတွက် ဆန်ခါတင် ၃၀ ဦးစာရင်းကို ထုတ်ပြန်ခဲ့တာမှာ နာပိုလီနဲ့ စကော့တလန်အသင်း ကွင်းလယ်လူ တော်မီနေးလည်း တစ်ဦးအနေနဲ့ ပါဝင်လာခဲ့ပါတယ်။
အသက် ၂၈ နှစ်အရွယ်ရှိ တော်မီနေးဟာ နာပိုလီအသင်းအတွက် ပွဲဦးထွက်ခဲ့တဲ့ ပြီးခဲ့တဲ့ရာသီမှာ အသင်းကို စီးရီးအေ ချန်ပီယံဆု ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။
အဲဒါကြောင့်လည်း တော်မီနေးဟာ အားကစားလောကရဲ့ ဂုဏ်သိက္ခာ အရှိဆုံး တစ်ဦးချင်း ဆုတွေထဲက တစ်ခုဖြစ်တဲ့ Ballon d'Or ဆု ဆန်ခါတင် စာရင်းထဲမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။
မနှစ်က နွေရာသီမှာ ငယ်ဘဝကလပ် ယူနိုက်တက်အသင်းကနေ ထွက်ခွာပြီး နာပိုလီအသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ တော်မီနေးဟာ နည်းပြကွန်တီရဲ့ အသင်းမှာ ချက်ချင်း အသားကျခဲ့ပြီး အသင်း စီးရီးအေဖလား ရယူနိုင်ခဲ့တာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တာပါ။
တော်မီနေးဟာ ပြီးခဲ့တဲ့ရာသီက နာပိုလီအသင်းအတွက် ပြိုင်ပွဲစုံ ၃၆ ပွဲ ပါဝင်ကစားခဲ့ပြီး ၁၃ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။
Ballon d'Or ဆု ဆန်ခါတင်စာရင်းကို တွေ့ရစဉ်
တော်မီနေးဟာ အီတလီ စီးရီးအေပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သလို အီတလီကို ပြောင်းရွှေ့ အပြီး တစ်နှစ်အကြာမှာ Ballon d'Or ဆု ရယူနိုင်မယ့် စာရင်းထဲ ပါဝင်လာခဲ့တာပါ။
တော်မီနေး အတွက်တော့ သူ့ရဲ့ ကစားသမားဘဝမှာ ပထမဆုံးအကြိမ် Ballon d'Or ဆု ဆန်ခါတင် စာရင်းထဲမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
တော်မီနေးဟာ ၁၉၈၇ ခုနှစ်က အယ်လီမက်ကွိုက်စ် နောက်ပိုင်း ဒီဆုရဲ့ ဆန်ခါတင် စာရင်းထဲပါဝင်တဲ့ ပထမဆုံး စကော့တလန် ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာပါ။
တော်မီနေးဟာ ယူနိုက်တက်အသင်းမှာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရပေမယ့် နာပိုလီအသင်းမှာ အဓိက ကစားသမား ဖြစ်ခဲ့ပြီး နေပယ်လ်မှာ ပရိသတ်အချစ်တော် ကစားသမားတစ်ဦးအဖြစ် ရှိနေပါတယ်။
တော်မီနေးအနေနဲ့ ယူနိုက်တက်အသင်းမှာ ဆက်ရှိမယ်ဆိုရင် Ballon d'Or ဆု ဆန်ခါတင် စာရင်းဝင်ဖို့ ဖြစ်နိုင်ဖွယ် မရှိပေမယ့် နာပိုလီအသင်းမှာတော့ ဒီဆုကို ရရှိဖို့ အိပ်မက်ထဲတောင် ထည့်မက်လို့ရပြီ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်၊ သြဂုတ် ၁ ရက်ကနေ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁ ရက်အတွင်း ပြသခဲ့တဲ့ စွမ်းဆောင်ရည်ပေါ် မူတည်ပြီး ၂၀၂၅ Ballon d'Or ဆုအတွက် ဆန်ခါတင် စာရင်း ရွေးချယ်တာဖြစ်ပြီး တော်မီနေးဟာ ဒီကာလအတွင်းမှာ နာပိုလီအသင်း အတွက်ရော စကော့တလန် လက်ရွေးစင်အသင်းအတွက်ပါ အကောင်းဆုံး စွမ်းဆောင်ရည် ပြသထားတာပါ။
Ballon d'Or ဆုကို စကော့တလန် ကိုယ်စားပြု အနေနဲ့ ယူနိုက်တက်အသင်း ဂန္ထဝင် ဒင်းနစ်လော တစ်ဦးတည်း က ၁၉၆၄ ခုနှစ်မှာ ရယူထားတာ ဖြစ်ပါတယ်။
တော်မီနေးကို တွေ့ရစဉ်
Ballon d'Or ဆန်ခါတင် စာရင်းထဲမှာ ပါဝင်တာဟာ တော်မီနေးအတွက် ဂုဏ်ယူစရာဖြစ်ပြီး ဆုရယူဖို့က ဝေးကွာနေပေမယ့် ဆုပေးပွဲမှာ နံပါတ်ဘယ်လောက် ရပ်တည်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေတာပါ။
နာပိုလီအသင်းဟာ ရာသီသစ်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်တာကြောင့် တော်မီနေးအနေနဲ့ လာမယ့် နှစ်အတွက် Ballon d'Or ဆုကို မျှော်မှန်းချင်တယ်ဆိုရင် ဒီပြိုင်ပွဲမှာ ဗိုလ်စွဲအောင် အသင်းကို ကူညီပေးရမှာ ဖြစ်သလို စီးရီးအေ ချန်ပီယံဆုကို ဆက်ထိန်းဖို့နဲ့ ပြည်တွင်း ပြိုင်ပွဲတွေမှာ အောင်မြင်မှု ရရှိအောင် လုပ်ဆောင် ပေးဖို့ လိုအပ်နေပါတယ်။
ဒါအပြင် စကော့တလန်အသင်းကို ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ ရလဒ်ကောင်းတွေ ရရှိအောင် ကူညီပေး နိုင်ဖို့လည်း လိုအပ်တာပါ။
၂၀၂၅ Ballon d'Or ဆုပေးပွဲ အခမ်းအနားကို စက်တင်ဘာ ၂၂ ရက် ပါရီမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။