CNI Sport News

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၃

အီတလီချန်ပီယံ နာပိုလီအသင်းဟာ ပွဲဦးထွက်ရာသီမှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ တော်မီနေးကို ခေါ်ယူဖို့ အပြောင်းအရွှေ့ ကမ်းလှမ်းမှုတွေ ရှိနေတဲ့အတွက် ရောင်းမှာမဟုတ်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီက ယူနိုက်တက်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ တော်မီနေးဟာ နာပိုလီအသင်းကို စီးရီးအေ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်အောင် ကူညီပေးနိုင်ခဲ့ပြီး အသင်းပရိသတ်တွေရဲ့ အချစ်တော် ကစားသမားဖြစ်ခဲ့သလို ပြီးခဲ့တဲ့ရာသီ စီးရီးအေပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့တာပါ။ 

တော်မီနေးဟာ ပြီးခဲ့တဲ့ရာသီက နာပိုလီအသင်းအတွက် စီးရီးအေပွဲပေါင်း ၃၄ ပွဲ ပါဝင်ကစားခဲ့ပြီး ၁၂ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ 

နာပိုလီအသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တဲ့ တော်မီနေးကို ခေါ်ယူဖို့ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ် အသင်းက ချဉ်းကပ်မှုတွေ ပြုလုပ်လာခဲ့တာပါ။

နာပိုလီအသင်းကတော့ အသင်းနဲ့ ၂၀၂၈ ခုနှစ်၊ ဇွန်လအထိ စာချုပ်ရှိနေတဲ့ တော်မီနေးကို ဘယ်လိုဈေးနှုန်းနဲ့မှ ရောင်းချမှာ မဟုတ်ဘူးလို့ အယ်လ်ဟီလယ်အသင်းရဲ့ ချဉ်းကပ်မှုကို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။ 

တော်မီနေးကို တွေ့ရစဉ်

တော်မီနေးကလည်း နာပိုလီအသင်းမှာ ပျော်ရွှင်နေတာကြောင့် အသင်းကနေ ထွက်ခွာဖို့ စဉ်းစားထားခြင်း မရှိတာပါ။ 

လီဗာပူးလ်နဲ့ စကော့တလန် နောက်ခံလူ ရော်ဘတ်ဆန်က တော်မီနေးကို နာပိုလီအသင်းထံ ရောင်းချခဲ့တဲ့ အပြောင်းအရွှေ့ မှားယွင်းမှုအတွက် ယူနိုက်တက်အသင်းကို ဝေဖန်မှုပြုလုပ်ခဲ့သလို သူဟာ မန်ချက်စတာ ကလပ်မှာ သူနဲ့ထိုက်တန်တဲ့ လေးစားမှုကို မရရှိခဲ့ဘူးလို့ ပြောခဲ့ပါတယ်။ 

နာပိုလီအသင်းနည်းပြ ကွန်တီက တော်မီနေး အသင်းထံ လာရောက်မယ်ဆိုတာ မယုံကြည်ခဲ့ဘူးလို့ ဒီရက်သတ္တပတ်ထဲ Sky Sports Italy နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

နာပိုလီအသင်းဟာ လာမယ့်ရာသီမှာ စီးရီးအေ ချန်ပီယံဆု ဆက်ထိန်းနိုင်ဖို့နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှု ရရှိနိုင်ဖို့အတွက် မန်စီးတီးအသင်းက ဒီဘရိုင်းကို ခေါ်ယူထားသလို မန်စီးတီးအသင်းက ဂရီလစ်ရှ်၊ ယူနိုက်တက် အသင်းက ဆန်ချိုတို့နဲ့လည်း ချိတ်ဆက်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ 

Source: metro