အန်တိုနီကို ကိုမိုအသင်းက ခေါ်ယူဖို့ စိတ်ဝင်စား

CNI Sport News

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၁

အီတလီစီးရီးအေကလပ် ကိုမိုအသင်းဟာ ယူနိုက်တက်အသင်းမှာ အနာဂတ် မရေမရာဖြစ်နေတဲ့ တောင်ပံ ကစားသမား အန်တိုနီကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ 

၂၀၂၂ ခုနှစ်က အေဂျက်စ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ အန်တိုနီဟာ ယူနိုက်တက်အသင်းမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး သူ့ကိုခေါ်ယူခဲ့တုန်းက ပေးခဲ့ရတဲ့ ပြောင်းရွှေ့ကြေးပေါင် ၈၆ သန်းတန်ကြေးကို ဖြည့်ဆည်း ပေးနိုင် ခြင်း မရှိတာပါ။ 

အန်တိုနီဟာ ယူနိုက်တက်အသင်းအတွက် ၉၆ ပွဲ ပါဝင်ကစားထားပြီး ၁၂ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

အန်တိုနီနဲ့ ယူနိုက်တက်အသင်းရဲ့ စာချုပ်ဟာ ၂၀၂၇ ခုနှစ် ရာသီကုန်အထိ ရှိနေပေမယ့် နည်းပြအာမိုရင်ရဲ့ အစီအစဉ်မှာ ပါဝင်ဖို့ မသေချာတော့တာပါ။ 

ပုံစာ- အန်တိုနီကို တွေ့ရစဉ်

အန်တိုနီဟာ ပြီးခဲ့တဲ့ဇန်နဝါရီက ဘက်တစ်အသင်းမှာ အငှားသွားရောက် ကစားခဲ့ပြီး ၂၆ ပွဲမှာ ဂိုးပါဝင်ပတ်သက်မှု ၁၄ ဂိုးရှိကာ ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ 

အဲဒါကြောင့်လည်း အန်တိုနီဟာ ပြီးခဲ့တဲ့ နိုင်ငံတကာပွဲတွေမှာ ဘရာဇီးလ်အသင်း လူစာရင်းထဲ ပြန်လည် ခေါ်ယူခြင်းခံခဲ့ရတာပါ။ 

အန်တိုနီဟာ ဘက်တစ်အသင်းနဲ့ အငှားစာချုပ် ကုန်ဆုံးခဲ့ပြီဖြစ်လို့ ရာသီကြို လေ့ကျင့်မှုတွေ ပြုလုပ်ဖို့ ယူနိုက်တက် အသင်းထံ ပြန်လာရတော့မှာ ဖြစ်ပါတယ်။ 

ဒါပေမယ့် ယူနိုက်တက်အသင်းဟာ သူ့ကို နွေရာသီ အပြောင်းအရွှေ့မှာ အပြီးသတ်ရောင်းချဖို့ ဆန္ဒရှိနေတာ ပါတယ်။ 

ဘက်တစ်အသင်းဟာ အန်တိုနီကို အပြီးသတ် ခေါ်ယူခွင့် အပါအဝင် အငှားနဲ့ နောက်ထပ် ခေါ်ယူဖို့ ပစ်မှတ်ထား နေသလို ကိုမိုအသင်းကလည်း သူ့ကိုခေါ်ယူဖို့ ကြိုးပမ်းလာခဲ့တယ်လို့ ဖာဘရီဇီယိုရိုမန်နိုက ဖော်ပြထားတာပါ။

ကိုမိုအသင်းကို အာဆင်နယ်နဲ့ ချယ်လ်ဆီးအသင်း ကစားသမားဟောင်း ဖာဘရီဂတ်စ် ကိုင်တွယ်နေပြီး ၂၀၂၄-၂၅ ရာသီစီးရီးအေပြိုင်ပွဲမှာ အဆင့် ၁၀ နဲ့ ရာသီအဆုံးသတ်ခဲ့ပါတယ်။ 

အန်တိုနီအနေနဲ့ အသင်းသစ် မရရှိသေးရင် အမေရိကန်ကို ထွက်ခွာမယ့် ရာသီကြို ခြေစမ်းခရီးစဉ်မှာ ယူနိုက်တက် အသင်းနဲ့ လိုက်ပါခွင့်ရမှာ မဟုတ်ဘဲ ကာရင်တန်မှာသာ လေ့ကျင့်မှုတွေ ဆက်ပြီးပြုလုပ်ရမယ်လို့ သိရပါတယ်။ 

Source: Dailymail