CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၁
လေဗာကူဆင်အသင်းကနေ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၁၆ သန်းနဲ့ လီဗာပူးလ်အသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ ကစားသမားသစ် ဖလော်ရီယန်ဗစ်ဇ်က လီဗာပူးလ်အသင်းနဲ့ ဆုဖလားအားလုံး ရယူချင်တယ်လို့ ပြောခဲ့ပါတယ်။
ဖလော်ရီယန်ဗစ်ဇ်က “ကျနော်ဟာ နှစ်တိုင်း အရာအားလုံးကို အနိုင်ယူချင်ပါတယ်။ အရင်ဆုံးကတော့ ကိုယ်လုပ်ရမယ့် အလုပ်ကို အကောင်းဆုံး ကြိုးစားရမှာပါ။ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့တဲ့အတွက် ကျနော်ဟာ ပရီးမီးယားလိဂ်ဖလားကို ထပ်ပြီးရယူနိုင်ဖို့နဲ့ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့ ရည်မှန်းထားပါတယ်။ စွန့်စားမှုအသစ်အတွက် စိတ်လှုပ်ရှားမိပြီး ကျနော် အကောင်းဆုံးလုပ်နိုင်ဖို့ မျှော်လင့်တယ်”လို့ ပြောခဲ့တာပါ။
သောကြာနေ့က လီဗာပူးလ်အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ ဆေးစစ်မှု ပြီးမြောက်ခဲ့တဲ့ ဖလော်ရီယန်ဗစ်ဇ်ဟာ အသင်းမှာ ၂၀၃၀ ခုနှစ်အထိရှိမယ့် ၅ နှစ် စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
ဖလော်ရီယန်ဗစ်ဇ်ကို တွေ့ရစဉ်
လီဗာပူးလ်အသင်းဟာ ဖလော်ရီယန်ဗစ်ဇ်အတွက် လေဗာကူဆင်အသင်းကို ပေါင်သန်း ၁၀၀ အရင်ဆုံး ပေးရမှာဖြစ်ပြီး သူ့ရဲ့စွမ်းဆောင်ရည်အပေါ် မူတည်ကာ နောက်ထပ် ပေါင် ၁၆ သန်းထပ်ပေးရမှာပါ။
ဖလော်ရီယန်ဗစ်ဇ်ဟာ လေဗာကူဆင်အသင်းအတွက် ၁၉၇ ပွဲ ကစားခဲ့ပြီး ၅၇ ဂိုးသွင်းယူကာ ဘွန်ဒက်လီဂါ၊ ပိုကယ်ဖလားနဲ့ ဂျာမန်စူပါဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ နွေရာသီ အပြောင်းအရွှေ့မှာ ဖလော်ရီယန်ဗစ်ဇ် မတိုင်မီ သူ့ရဲ့ လေဗာကူဆင် အသင်းဖော် ဖရင်ပေါင်ကို ပေါင် ၂၉.၅ သန်းနဲ့ ပြီးခဲ့တဲ့လက ခေါ်ယူထားတာပါ။
လီဗာပူးလ်အသင်းဟာ နောက်ထပ် ခေါ်ယူမှုအဖြစ် ဘုန်းမောက်အသင်း ဘယ်နောက်ခံလူ ကာကတ်ဇ်ကို ခေါ်ယူဖို့လည်း သဘောတူညီမှု ရရှိထားတာဖြစ်ပါတယ်။
Source: BBC