CNI Sport News

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၁

အာဂျင်တီးနားကလပ် ရေးဗားပလိတ်အသင်းဟာ ကျင်းပနေတဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပေါ်တူဂီ အသင်းခေါင်းဆောင် ရော်နယ်ဒိုကို အသင်းအတွက် ပါဝင်ကစားစေဖို့ ကြိုးစားခဲ့တယ်လို့ နည်းပြဂယ်လာဒိုက ပြောခဲ့ပါတယ်။

ဂယ်လာဒိုက “ကျနော်တို့ ကလပ်ကမ္ဘာ့ဖလား ကစားဖို့ရှိတယ်၊ ကစားဖို့ စိတ်ဝင်စားလား။ ဒီလိုပြိုင်ပွဲတွေက မင်းတို့လို လူတွေအတွက် လုပ်ပေးထားတဲ့ ပြိုင်ပွဲဆိုပြီး သူ့ကိုပြောခဲ့ပါတယ်။ သူဟာ ဒါကိုဂုဏ်ယူသလို ခံစားခဲ့ ရပြီး စဉ်းစားဖို့လည်း အချိန်ယူခဲ့ပါတယ်။ ဒါပေမယ့် အဆုံးမှာ လာမယ့်ရာသီအတွက် ပြင်ဆင်မှုတွေပြုလုပ်ဖို့ အာရုံစိုက်ရမယ်ဆိုပြီး ကျနော့်ကို သူပြောခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။ 

ရော်နယ်ဒိုက သူဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ကစားဖို့အတွက် အာဂျင်တီးနားကလပ် အသင်း တစ်သင်းရဲ့ ဖိတ်ခေါ်မှုကို ရရှိခဲ့တယ်လို့ ပြောခဲ့ပေမယ့် အသင်းအမည်ကိုတော့ ပြောခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။ 

အခုအချိန်မှာတော့ ရေးဗားပလိတ်အသင်းဟာ ရော်နယ်ဒိုကို ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူတို့အတွက် ပါဝင် ကစားစေဖို့ ကြိုးစားခဲ့တယ်လို့ အတည်ပြုခဲ့တာပါ။

 ရော်နယ်ဒိုကို တွေ့ရစဉ်  

ရော်နယ်ဒိုဟာ ဒီပြိုင်ပွဲမှာ ပါဝင်ကစားဖို့အတွက် အသင်းအချို့ရဲ့ ကမ်းလှမ်းမှုတွေလည်း ရရှိခဲ့တာဖြစ်ပါတယ်။ 

ဒါပေမယ့် ပေါ်တူဂီကစားသမားက သူဟာ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်မကစားဘူးလို့ ပြောခဲ့တာပါ။ 

ရော်နယ်ဒိုဟာ ဒီလကုန်ရင် ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းနဲ့ စာချုပ်ကုန်ဆုံးမှာဖြစ်ပေမယ့် နောက်ထပ် တစ်ရာသီ စာချုပ်သက်တမ်းတိုးဖို့ ရှိနေပါတယ်။ 

ရေးဗားပလိတ်အသင်းဟာ ဖီဖာကလပ် ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲစဉ်မှာ အူရာဝါရတ်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိထားပြီး ၃ မှတ်ရရှိထားတာပါ။

ရေးဗားပလိတ်အသင်းဟာ အုပ်စုဒုတိယမြောက် ပွဲစဉ်အဖြစ် အဖွင့်ပွဲစဉ်မှာ အင်တာမီလန်အသင်းနဲ့ ၁ ဂိုးစီ သရေကျထားတဲ့ မွန်တာရေးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: Goal