CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၀
အာဆင်နယ်အသင်းဟာ နွေရာသီအပြောင်းအရွှေ့မှာ ချယ်လ်ဆီးအသင်း တောင်ပံကစားသမား မာဒူကီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ တစ်သင်းအနေနဲ့ ပါဝင်လာခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ နွေရာသီမှာ တိုက်စစ်မှူးတစ်ဦး ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေသလို တောင်ပံတိုက်စစ် ကစားသမားတစ်ဦးကိုလည်း ခေါ်ယူချင်နေတာပါ။
အာဆင်နယ်အသင်းဟာ အစောပိုင်းက ဘီလ်ဘာအိုအသင်းက နီကိုဝီလီယံစ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် သူက ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိသွားခဲ့ပါတယ်။
အဲဒါကြောင့် အာဆင်နယ်အသင်းဟာ တောင်ပံနေရာအတွက် ရီးရယ်လ်အသင်းက ရိုဒရီဂိုနဲ့ နယူးကာဆယ် အသင်းက ဂေါ်ဒွန်တို့ကိုလည်း သူတို့ရဲ့ ရွေးချယ်စရာတွေထဲ ထည့်သွင်းထားတာပါ။
မာဒူကီကို တွေ့ရစဉ်
The Daily Telegraph က မာဒူကီဟာ အာဆင်နယ်အသင်း ခေါ်ယူဖို့ ပစ်မှတ်ထားတဲ့ စာရင်းထဲမှာ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ မာဒူကီအတွက် ချယ်လ်ဆီးအသင်းကို ချဉ်းကပ်မှု မပြုလုပ်ထားပေမယ့် သူဟာ တောင်ပံနှစ်ဖက်စလုံးမှာ ကစားပြီး ဂိုးတွေသွင်းယူနိုင်တဲ့သူ ဖြစ်တာကြောင့် အသင်းနဲ့ အံ့ဝင်နိုင်မယ့် သူအဖြစ် ယူဆနေတာပါ။
အာဆင်နယ်နဲ့ ချယ်လ်ဆီးအသင်းတို့ဟာ လန်ဒန်ပြိုင်ဘက်တွေ ဖြစ်ပေမယ့် ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ကစားသမား အရောင်းအဝယ်တွေ ရှိခဲ့ကြပါတယ်။
အာဆင်နယ်အသင်းဟာ ချယ်လ်ဆီးအသင်းကနေ ဒေးဗစ်လူးဝစ်ဇ်၊ ဟာဗက်ဇ်၊ ဂျော်ဂျင်ဟိုနဲ့ စတာလင်တို့ကို ခေါ်ယူခဲ့သလို ဒီနွေရာသီမှာ ဂိုးသမားကယ်ပါကို ခေါ်ယူနိုင်ဖို့လည်း စီစဉ်နေတာပါ။
အင်္ဂလန်ကြယ်ပွင့် မာဒူကီဟာ ပြီးခဲ့တဲ့ရာသီက ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ ၁၁ ဂိုးသွင်းပြီး ၅ ဂိုး ဖန်တီးနိုင်ခဲ့ပေမယ့် အသင်းမှာ အနာဂတ် မရေမရာ ဖြစ်နေပါတယ်။
ပြီးခဲ့တဲ့လပိုင်းက သတင်းတွေမှာ မာဒူကီဟာ ချယ်လ်ဆီးအသင်း ရောင်းချမယ့် ကစားသမား စာရင်းထဲမှာ ပါဝင်တယ်လို့ ဖော်ပြခြင်းခံထားရတာပါ။
၂၀၂၃ ခုနှစ်က PSV အသင်းကနေ ရောက်ရှိလာခဲ့တဲ့ မာဒူကီဟာ ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ ၈၈ ပွဲ ပါဝင်ကစားထားပြီး သွင်းဂိုး ၂၀ သွင်းယူကာ ပြီးခဲ့တဲ့ရာသီက ကွန်းဖရန့်လိဂ်ဖလား ရယူနိုင်ခဲ့ပါတယ်။
Source: metro