CNI Sport News

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၃

နွေရာသီ အပြောင်းအရွှေ့က စံချိန်တင် ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့ ပြောင်းရွှေ့လာပြီး လီဗာပူးလ်အသင်းအတွက် ဂိုးပါဝင်ပတ်သက်မှု ပြုလုပ်နိုင်ခြင်း မရှိသေးလို့ ဝေဖန်မှုတွေ ခံနေရတဲ့ ကြယ်ပွင့် ဖလော်ရီယန်ဗစ်ဇ်ကို ဂျာမနီ အသင်း နည်းပြ နာဂယ်လ်စမန်းက ကာကွယ်ခဲ့ပါတယ်။ 

နာဂယ်လ်စမန်းက “ဗစ်ဇ်ဟာ ဂိုးသွင်း၊ ဂိုးဖန်တီးမှု မပြုလုပ်ရသေးပေမယ့် သူက ပရီးမီးယားလိဂ်မှာ အခွင့်အရေး အများဆုံး ဖန်တီးနိုင်တဲ့ ကစားသမားအဖြစ် ရှိနေပါတယ်။ သူ့ရဲ့အသင်းဖော်တွေက ဒါကို မပြောင်းလဲနိုင်ရင် ဒါက သူ့ရဲ့အမှား မဟုတ်ပါဘူး။ ဗစ်ဇ်ဟာ လိဂ်နဲ့အသားကျဖို့ လိုအပ်ပြီး သူဘာတွေ လုပ်ပြနိုင်လဲဆိုတာ သူသိပါတယ်။ သူအလုပ်ကို ပိုပြီးကြိုးစားလုပ်ရမယ်”လို့ Sport 1 ကို ပြောခဲ့တာပါ။ 

လီဗာပူးလ်အသင်းဟာ ဂျာမန်ကြယ်ပွင့် ဖလော်ရီယန်ဗစ်ဇ်ကို လေဗာကူဆင်အသင်းကနေ ပေါင်သန်း ၁၀၀၊ အပို ဆုကြေး ပေါင် ၁၆ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ 

ဖလော်ရီယန်ဗစ်ဇ်ဟာ လီဗာပူးလ်အသင်းအတွက် ပါဝင်ကစားထားတဲ့ ပွဲတိုင်း အကောင်းဆုံး ခြေစွမ်းပြသနိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ရာသီအစ ပရီးမီးယားလိဂ် ၇ ပွဲမှာ ဂိုးသွင်းယူနိုင်ခြင်း မရှိသေးသလို ဂိုးဖန်တီးမှုလည်း ပြုလုပ် နိုင်ခြင်း မရှိသေးပါဘူး။ 

 ဖလော်ရီယန်ဗစ်ဇ်ကို တွေ့ရစဉ်

အဲဒါကြောင့် ဖလော်ရီယန်ဗစ်ဇ်ဟာ ဝေဖန်မှုအချို့ကို ခံနေရတာဖြစ်ပါတယ်။ 

ဖလော်ရီယန်ဗစ်ဇ်ဟာ လေဗာကူဆင်အသင်းမှာ ကစားခဲ့ချိန်က ဘွန်ဒက်လီဂါပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသလို ဂျာမန်ကလပ်အတွက် ကစားခဲ့တဲ့ ၁၉၇ ပွဲမှာ ၅၇ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၆၅ ကြိမ် ပြုလုပ်ခဲ့တာပါ။ 

ဒါပေမယ့် သူ အန်ဖီးလ်ကို ရောက်ရှိလာချိန်မှာ လီဗာပူးလ်အသင်းရဲ့ ရုန်းကန်မှုတွေနဲ့ ကြုံတွေ့နေရပြီး အသင်း ဟာ နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲစလုံး အရေးနိမ့်ခဲ့ပါတယ်။ 

ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၁ နေရာကို အာဆင်နယ်အသင်းထံပေးပြီး အဆင့် ၂ နေရာကို ဆင်းခဲ့ရ တဲ့ လီဗာပူးလ်အသင်းဟာ လာမယ့် လိဂ်ပွဲစဉ်အဖြစ် ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: CNA