CNI Sport Article
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၅
နွေရာသီ အပြောင်းအရွှေ့ ကာလရောက်တိုင်း ကစားသမားတွေနဲ့ ကလပ်အသင်းတွေ အကြားမှာ အဆင်မပြေမှု တွေ အများအပြားရှိပြီး နောက်ဆုံးမှာ အဖုအထစ်တွေဖြစ်ကာ ဆက်ဆံရေးတွေ ပျက်ပြယ် သွားခဲ့ကြတာ ဖြစ်ပါ တယ်။
ကစားသမားတွေဟာ စိန်ခေါ်မှု အသစ်အတွက် အသင်းပြောင်းရွှေ့ချင်ကြတဲ့ သူတွေရှိသလို တချို့ ကစားသမား တွေကြတော့ အသင်းက သူတို့ကို မလိုအပ်တော့လို့ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ရတဲ့ သူတွေလည်း ရှိကြတာပါ။
ဒီနွေရာသီ အပြောင်းအရွှေ့မှာလည်း နာမည်ကြီး ကစားသမားတွေနဲ့ ထိပ်တန်းကလပ်တွေ အကြားမှာ အဆင် မပြေမှုတွေ အများအပြား ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက အီတလီဂိုးသမား ဒွန်နာရမ်မာဟာ PSG အသင်းက သူ့အပေါ် ဆက်ဆံပုံတွေကို အလွန် စိတ်ပျက်ပြီး ဒီနွေရာသီမှာ အသင်းက ထွက်ခွာတော့မယ်လို့ ကြေညာခဲ့တာပါ။
ဒွန်နာရမ်မာဟာ ပြီးခဲ့တဲ့ရာသီက PSG အသင်းကို ချန်ပီယံလိဂ်ဖလား ရယူပေးနိုင်ခဲ့သလို ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတွေထဲက တစ်ဦးအဖြစ် အသိအမှတ်ပြုခြင်းကို ခံထားရတဲ့သူလည်း ဖြစ်ပါတယ်။
အသက် ၂၆ နှစ် အရွယ်သာရှိသေးတဲ့ ဒွန်နာရမ်မာကို ဒီနွေရာသီမှာ ရောင်းချမယ့် PSG အသင်းရဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်တဲ့သူတွေ ရှိကြပေမယ့် သူ့ကို ရောင်းချဖို့ ဆုံးဖြတ်ခဲ့တဲ့ အကြောင်းအရင်းတွေကလည်း ရှိနေတာပါ။
ဒွန်နာရမ်မာကို တွေ့ရစဉ်
ဒွန်နာရမ်မာဟာ PSG အသင်းမှာ လုပ်ခလစာ အများဆုံးရရှိတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်သလို သူ့ရဲ့ စာချုပ်က ၁ နှစ်ပဲ ကျန်ရှိတော့တာ ဖြစ်ပါတယ်။
PSG အသင်းဟာ သူတို့ရဲ့ လုပ်ခလစာ ပေးချေမှုတွေကို ပြန်လည်သုံးသပ်နေသလို ဘတ်ပီ တုန်းကလို အလွတ်နဲ့ ဆုံးရှုံးရမှာကို ထပ်မဖြစ်ချင်တာကြောင့် ဒွန်နာရမ်မာကို ဒီနွေရာသီမှာ ရောင်းချတော့မှာ ဖြစ်ပါတယ်။
နယူးကာဆယ်အသင်းနဲ့ တိုက်စစ်မှူး အစ်ဆက်တို့ရဲ့ အခြေအနေကလည်း ဒီနွေရာသီ အပြောင်းအရွှေ့ ကာလ တစ်လျှောက်လုံး ခေါင်းကြီးပိုင်းအဖြစ် ရှိနေတာပါ။
အစ်ဆက်ဟာ နယူးကာဆယ်အသင်းကနေ ထွက်ခွာပြီး လီဗာပူးလ်အသင်းထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ပြီးပြီ ဖြစ်ပေမယ့် နယူးကာဆယ်အသင်းဟာ သူ့ကို ရောင်းချဖို့ ဆန္ဒမရှိတာ ဖြစ်ပါတယ်။
အစ်ဆက်ဟာ ရာသီကြို ခြေစမ်းပွဲတွေမှာလည်း နယူးကာဆယ်အသင်းနဲ့ မပူးပေါင်းသလို တစ်ဦးတည်း လေ့ကျင့်မှုတွေ ပြုလုပ်နေတာပါ။
နယူးကာဆယ်အသင်းဟာ အစ်ဆက်ရဲ့ နေရာမှာ အစားထိုးဖို့ တိုက်စစ်မှူးတွေ ရှာဖွေပေမယ့် သူတို့ရှာဖွေထားတဲ့ တိုက်စစ်မှူးတွေဟာ ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းတွေကို ရွေးချယ်ခဲ့တာကြောင့် အခက်တွေ့နေတာ ဖြစ်ပါတယ်။
အဲဒါကြောင့် အစ်ဆက်ကို အသင်းမှာ ဆက်ထိန်းသိမ်းဖို့ လုပ်ဆောင်နေပေမယ့် အစ်ဆက်ကတော့ အပြောင်းအရွှေ့ မဖြစ်ခဲ့ရင်လည်း နယူးကာဆယ်အသင်းအတွက် ကစားပေးတော့မှာ မဟုတ်ဘူးလို့ ပြောခဲ့တာကြောင့် တင်းမာမှုတွေ ပိုပြီးဖြစ်လာနိုင်တာပါ။
ယူနိုက်တက်အသင်းရဲ့ "bomb squad"လို့ သတ်မှတ်ခြင်း ခံထားရတဲ့ ဂါနာချို၊ ဆန်ချို၊ အန်တိုနီနဲ့ မာလာစီယာ တို့ဟာ အသင်းအတွက် ကစားပေးဖို့ ဆန္ဒမရှိတော့ဘဲ အသင်းသစ် ရှာဖွေမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
ဂါနာချိုဟာ ချယ်လ်ဆီးအသင်းထံ အပြောင်းအရွှေ့ ဖြစ်အောင် မလုပ်ပေးရင် တစ်ရာသီလုံး ယူနိုက်တက် အသင်းအတွက် ကစားမှာ မဟုတ်ဘူးလို့ ပြတ်သားတဲ့ မက်ဆေ့ချ် ပေးထားတာပါ။
ဆန်ချို၊ အန်တိုနီ၊ ဂါနာချိုကို တွေ့ရစဉ်
ယူနိုက်တက် အသင်းအနေနဲ့ သူတို့လိုချင်တဲ့ ပြောင်းရွှေ့ကြေး မရရင် ဂါနာချိုကို ရောင်းချသွားမှာ မဟုတ်သလို သူ့ကို တစ်ရာသီလုံး အသုံးမပြုဘဲ လူစာရင်းကနေ ဖယ်ထားခဲ့ရင် ကစားသမားအတွက် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ မှာ အာဂျင်တီးနား လက်ရွေးစင် အသင်းအတွက် ပါဝင်ခွင့်ရဖို့ မျှော်လင့်ချက် ပြီးဆုံးသွားမှာ ဖြစ်ပါတယ်။
ဆန်ချိုနဲ့ အန်တိုနီတို့ဟာ ယူနိုက်တက်အသင်းကနေ ထွက်ခွာခွင့်ရဖို့ ကြိုးပမ်းနေကြပြီး အသင်းဘက်ကလည်း သူတို့ ၂ ဦးစလုံးကို ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေးရရင် ချက်ချင်း ရောင်းချသွားတော့မှာပါ။
ဘရန်ဖို့ဒ်အသင်း တိုက်စစ်မှူး ဝီဆာကလည်း အသင်းကနေ ထွက်ခွာချင်တာကြောင့် အသင်းရဲ့ ရာသီကြို ခြေစမ်းပွဲတွေကို မပါဝင်ခဲ့သလို ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်ကိုလည်း လွဲချော်ခဲ့တာဖြစ်ပါတယ်။
အတ္တလန်တာအသင်း တိုက်စစ်မှူး လွတ်ခ်မန်းဆိုရင်လည်း နွေရာသီ အပြောင်းအရွှေ့မှာ ထွက်ခွာဖို့ ကြိုးပမ်း နေပြီး အသင်းနဲ့ အဆင်မပြေမှုတွေ ပိုပြီးတိုးလာနေတာပါ။
နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ပိတ်ဖို့ ရက်အနည်းငယ်သာ လိုတော့တာကြောင့် လက်ရှိဖြစ်နေတဲ့ အခြေအနေတွေ ဘယ်လို အဆုံးသတ် သွားမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေတာ ဖြစ်ပါတယ်။