CNI International Article

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၆

စစ်ပွဲ၏ ဥပဒေသနှင့် နိုင်ငံတကာ တရားဥပဒေကို လေးစားလိုက်နာကြောင်း တဖွဖွပြောခဲ့သည့် အစ္စရေးသည် လက်ရှိတွင် ကမ္ဘာလုံးဆိုင်ရာ စင်မြင့်ထက်တွင် ဂုဏ်သိက္ခာ ကျဆင်းနေသော အနေအထားနှင့် ရင်ဆိုင်နေရသည်။

ဂါဇာစီးတီးကို အစ္စရေးစစ်တပ်က ထိန်းချုပ်မည့် ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyah) ၏ အစီအစဉ်၊ ဂါဇာတွင် ငတ်မွတ်ခေါင်းပါးမှု အကျပ်အတည်း မြင့်တက်လာမှုနှင့် အနောက်ဘက်ကမ်းဒေသ (West Bank) တွင် အစ္စရေး၏ ဖိနှိပ်မှု အစီအစဉ်များသည် အစ္စရေးနိုင်ငံ၏ အကျပ်အတည်းကို မီးမောင်းထိုးပြသနေ သည်။

အမေရိကန်၏ ထောက်ခံမှုကို ရရှိထားသည့်တိုင် အစ္စရေးနိုင်ငံသည် နိုင်ငံတကာတွင် ယုံကြည်မှု ကျဆင်းနေသည့် အကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်ရန် နှစ်ပေါင်းများစွာကြာ အချိန်ယူရဖွယ်ရှိ သည်။

Pew Research Center ၏ လေ့လာချက် စစ်တမ်းတွင် အစ္စရေးအပေါ် နိုင်ငံတကာ၏ အမြင်သည် အကောင်းမြင် ခြင်းထက် အဆိုးမြင်မှုများက ပိုမိုများပြားနေသည်။

၂၀၂၅ ခုနှစ် အစောပိုင်းက ပြုလုပ်ခဲ့သည့် စစ်တမ်းတွင် အစ္စရေးအပေါ် အဆိုးမြင်သည့် ရလဒ်များအနက် နယ်သာလန်က ၇၈ ရာခိုင်နှုန်း၊ ဂျပန်က ၇၉ ရာခိုင်နှုန်း၊ စပိန် ၇၅ ရာခိုင်နှုန်း၊ ဩစတြေးလျက ၇၄ ရာခိုင်နှုန်း၊ တူရကီက ၉၃ ရာခိုင်နှုန်းနှင့် ဆွီဒင်က ၇၅ ရာခိုင်နှုန်း ထွက်ပေါ်ခဲ့သည်။

စစ်ပွဲအတွင်းက ဂါဇာဒေသကို တွေ့ရစဉ်

နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) ကလည်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၊ ကာကွယ်ရေးဝန်ကြီးဟောင်း ယိုအက်ဗ် ဂဲလန် (Yoav Gallant) တို့ကို စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်ကို ဆန့်ကျင်သည့် ရာဇဝတ်မှုများဖြင့် ဖမ်းဝရမ်းထုတ်ပြန်ထားသည်။

နိုင်ငံတကာ ဥပဒေပညာရှင်များ၊ လူမျိုးသုဉ်း သတ်ဖြတ်မှု လေ့လာရေး ပညာရှင်များနှင့် လူ့အခွင့်အရေး အဖွဲ့များကလည်း အစ္စရေးသည် ဂါဇာတွင် လူမျိုးသုဉ်း သတ်ဖြတ်မှု ကျူးလွန်နေကြောင်း စွပ်စွဲခဲ့သည်။

ပြည်တွင်းပြည်ပရှိ အစ္စရေးကို ကာလကြာရှည် ထောက်ခံသူများကပါ နေတန်ယာဟု အစိုးရ၏ လုပ်ရပ်များကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။

၎င်းတို့အနက် အစ္စရေးဝန်ကြီးချုပ်ဟောင်းများဖြစ်သည့် အီဟွတ် အိုလ်မက် (Ehud Olmert) နှင့် အီဟွတ် ဘာရက် (Ehud Barak) ၊ အစ္စရေး၏ နာမည်ကျော်စာရေးဆရာ ဒေးဗစ် ဂရို့စ်မန်း (David Grossman) တို့လည်း ပါဝင်ခဲ့ သည်။

ထို့ပြင် ရာနှင့်ချီသည့် အငြိမ်းစား အစ္စရေး လုံခြုံရေးအရာရှိများက နေတန်ယာဟုကို စစ်ပွဲအဆုံးသတ်ရေးအတွက် တွန်းအားပေးရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ကို မေတ္တာရပ်ခံနေကြသည်။

မကြာသေးမီ သီတင်းပတ်များအတွင်း ဂါဇာတွင် ငတ်မွတ်ခေါင်းပါးနေသည့် ကလေးငယ်များ၏ ဓာတ်ပုံများ ထွက်ပေါ်လာခဲ့ပြီး အနောက်နိုင်ငံများမှ အစ္စရေး၏ မဟာမိတ်များသည် ဂါဇာတွင် အစ္စရေး၏ မူဝါဒကို သည်းမခံ နိုင်တော့ကြောင်း အရိပ်အမြွက် ပြောကြားခဲ့ကြသည်။

 စစ်ပွဲအတွင်းက အငတ်ဘေး သင့်လာတဲ့ ဂါဇာဒေသက ကလေးငယ်တွေကို တွေ့ရစဉ်

ကမ္ဘာလုံးဆိုင်ရာ ကြီးမားသော အပြောင်းအလဲ တစ်ခုအဖြစ် ပြင်သစ်သည် စက်တင်ဘာလတွင် ပါလက်စတိုင်း နိုင်ငံအဖြစ် အသိအမှတ်ပြုမည်ဟု ကြေညာခဲ့သည်။

ထို့နောက် ဗြိတိန်နှင့် ကနေဒါတို့ကလည်း ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုမည်ဟု ကြေညာခဲ့ကြ သည်။

လက်ရှိ ဂျာမနီကလည်း ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုရေး လုပ်ငန်းစဉ်ကို စတင်နေပြီဖြစ်သည်။

သြစတြေးလျဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘန်းနိစ် (Anthony Albanese) က ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုရေးသည် အချိန်ကာလ အနည်းငယ်သာ လိုတော့ကြောင်း ပြောကြားခဲ့သည်။

စပိန်နှင့် ဆွီဒင်တို့ကလည်း အစ္စရေးနှင့် ဥရောပသမဂ္ဂကြား ကုန်သွယ်ရေး သဘောတူညီချက်ကို ဆိုင်းငံ့ရန် တိုက်တွန်းနေကြပြီး နယ်သာလန်နိုင်ငံကမူ အစ္စရေးကို လုံခြုံရေး ခြိမ်းခြောက်မှုအဖြစ် တရားဝင် တံဆိပ်ကပ်ခဲ့ သည်။

အစ္စရေးနှင့် အမေရိကန်တို့က အဆိုပါ စွပ်စွဲချက်များနှင့် အစီအစဉ်များ အားလုံးကို ပယ်ချခဲ့သည်။ 

သို့သော် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် အစ္စရေးအပေါ် အဓိက ထောက်ခံနေသည့် အင်အားကြီးနိုင်ငံဟူ၍ အမေရိကန် တစ်နိုင်ငံတည်းသာ ကျန်ရှိတော့သည်။

အစ္စရေး၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် သာယာဝပြောမှုသည် ယခုအခါတွင် အမေရိကန်၏ ထောက်ခံမှု အပေါ်တွင်သာ မူတည်နေသည်။

အမေရိကန်၏ အကူအညီမပါဘဲ အထူးသဖြင့် အမေရိကန်၏ လက်နက်ရောင်းချမှုများ မရှိပါက အစ္စရေးသည် ၁၉၆၇ ခုနှစ် အာရပ်-အစ္စရေး စစ်ပွဲနောက်ပိုင်း အနောက်ဘက်ကမ်းနှင့် အရှေ့ဂျေရုဆလင်တို့ ဖိနှိပ်ရန် သို့မဟုတ် ဂါဇာစစ်ဆင်ရေးကို အရှိန်ထိန်းထားရန် ရုန်းကန်ရဖွယ်ရှိသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို တွေ့ရစဉ်

လက်ရှိ အချိန်အထိ ထရမ့်သည် အစ္စရေးကို ဆက်လက် ထောက်ခံထားဆဲ ဖြစ်သော်လည်း အမေရိကန် မဲဆန္ဒရှင် အများစုသည် အမေရိကန် အစိုးရအဖွဲ့အတွင်း နေတန်ယာဟု၏ ဩဇာလွှမ်းမိုးမှု ပမာဏနှင့် အစ္စရေးအတွက် အမေရိကန်က အကူအညီပေးနေသည့် ပမာဏတို့ကို ချင့်တွက်လာခဲ့ကြသည်။

မတ်လက ပြုလုပ်ခဲ့သော Gallup လူထုသဘောဆန္ဒ ကောက်ယူမှု စစ်တမ်းတစ်ခုတွင် အမေရိကန်နိုင်ငံသား စုစုပေါင်း၏ ၄၆ ရာခိုင်နှုန်းကသာ အစ္စရေးကို ထောက်ခံကြောင်း ဖော်ပြခဲ့ကြသည်။

ထိုနှုန်းထားသည် Gallup ၏ ၂၅ နှစ်ကြာ နှစ်စဉ် စစ်တမ်းကောက်ယူမှု သမိုင်းတွင် အနိမ့်ဆုံး နှုန်းထားဖြစ်ခဲ့သည်။

ထို့ပြင် ထရမ့်၏ မဲဆွယ်စည်းရုံးရေးအဖွဲ့နှင့် နိုင်ငံရေး မဟာဗျူဟာပညာရှင် စတိဗ်ဘန်နွန် (Steve Bannon) ၊ လွှတ်တော်ကိုယ်စားလှယ် မာဂျော်ရီ တေလာ ဂရင်နီ (Marjorie Taylor Greene) တို့ကဲ့သို့ ထရမ့်၏ ဘက်တော် သားများကပါ အစ္စရေးကို မကျေနပ်သည့် လေသံများ ထုတ်ပြောလာကြသည်။

အစ္စရေးနိုင်ငံသား အများစုကလည်း နေတန်ယာဟုနှင့် ၎င်း၏ လက်ယာစွန်း နောက်လိုက်နောက်ပါများကို ရာထူး မှ နုတ်ထွက်ရန် ဆန္ဒရှိနေကြသည်။

အစ္စရေး၏ Channel 12 ရုပ်သံလိုင်း၏ စစ်တမ်းကောက်ယူမှုတွင် အစ္စရေးနိုင်ငံသား ၇၄ ရာခိုင်နှုန်းက ဟားမာ့စ် အဖွဲ့က ထိန်းသိမ်းထားသည့် ဓားစာခံများကို ပြန်လည်လွတ်မြောက်ရေးအတွက် စစ်ပွဲကို အဆုံးသတ်ပြီး သဘောတူညီမှု ရရှိစေလိုကြောင်း လေ့လာတွေ့ရှိရသည်။

ထို့ကြောင့် လက်ရှိ အနေအထားများကို ခြုံငုံသုံးသပ်ရမည်ဆိုပါက ဂါဇာစစ်ပွဲသည် နိုင်ငံတကာတွင် အစ္စရေး၏ ပုံရိပ်ကို ထိခိုက်လာစေနိုင်ပြီး အမေရိကန် အနေနှင့်လည်း အစ္စရေးနှင့် အမေရိကန်၏ မဟာမိတ်များအကြား အကွဲအပြဲ မဖြစ်စေရန် ဆက်ဆံရေးများကို ထိန်းညှိဆောင်ရွက်ရမည် ဖြစ်သည်။

Source: Asia Times