CNI Article 

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၈

မြန်မာနိုင်ငံကို ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့မှာ တိုင်းရင်းသားလူမျိုးများပေါင်းစုံ စုပေါင်းပြီး အင်္ဂလိပ်ကိုလိုနီ လက်အောက်ကနေ လွတ်လပ်ရေးယူ၍ တည်ဆောက်လာခဲ့သည်။

သို့သော် ယနေ့ မြန်မာနိုင်ငံသည် ပထမနိုင်ငံတော်လား စတုတ္တနိုင်ငံတော်လား ဆိုသည့်အပေါ် သဘောပေါက်မှု များကလည်း ကွဲလွဲမှုရှိနေသည်။ 

တချို့က အနော်ရထားဘုရင် လက်ထက်က ပထမနိုင်ငံတော်၊ ဘုရင့်နောင် လက်ထက်က ဒုတိယနိုင်ငံတော်၊ အလောင်းဘုရား လက်ထက်က တတိယနိုင်ငံတော်၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား လူမျိုးပေါင်းစုံ စုပေါင်းပြီး ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်က အင်္ဂလိပ်လက်အောက်ကနေ လွတ်လပ်ရေးယူခဲ့ခြင်းက စတုတ္တနိုင်ငံ တော်ဟု ယူဆထားသည်။

တချို့ကတော့ အထူးသဖြင့် ဗမာမဟုတ်သော တိုင်းရင်းသားလူမျိုးများကတော့ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်က ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား လူမျိုးပေါင်းစုံ စုပေါင်းပြီး အင်္ဂလိပ်လက်အောက်ကနေ လွတ်လပ်ရေးရယူ ပြီး ယနေ့ ထူထောင်ထားသော မြန်မာနိုင်ငံသည် ပထမနိုင်ငံတော်ဖြစ်သည်ဟု ယူဆထားကြသည်။

ထို့ကြောင့် မြန်မာနိုင်ငံကို ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်သည့်အခါမှာ ဗမာ မဟုတ်သော တိုင်းရင်းသား လူမျိုးများက အတူယှဉ်တွဲနေထိုင်ရေး ဖက်ဒရယ်(Coming together Federalism)စနစ်ဖြစ်ရမည်၊ တပ်မတော်/ NLD/ USDP  ကတော့ အတူပေါင်းစည်းနေထိုင်ရေး ဖက်ဒရယ်(Holding together Federalism)စနစ်ဖြစ်ရမည် စသဖြင့် အသီးသီးက ရပ်တည်ခဲ့ကြသည်။

အဆိုပါ စနစ် ၂ ခုကြား ယူဆချက်များ ကွဲလွဲခြင်းကနေ မြန်မာနိုင်ငံသည် “We Are Myanmar- ငါတို့အားလုံးက မြန်မာ”ဆိုတာ ဖြစ်ရန် အလှမ်းဝေးနေသည်။ 

မြန်မာအလံကို လွှင့်ထူပြီး ဒီမိုကရေစီတောင်းဆိုနေကြသူများကို တွေ့ရစဉ် 

မြန်မာဆို၍ ထပ်ပြီးတော့ အယူအဆ ကွဲလွဲမှုများကလည်း ရှိနေပြန်သေးသည်။ ထိုအယူအဆ ကွဲလွဲမှုကတော့ “မြန်မာ”ဆိုသော စကားလုံးဖြစ်သည်။ 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၅၀ တွင် မြန်မာစာသည် ရုံးသုံးစာ ဖြစ်သည်ဟု ပြဋ္ဌာန်းထားသည်။ မြန်မာ စာနှင့် မြန်မာစကားက ဘယ်မှာလဲ၊ မြန်မာစာနှင့် မြန်မာစကားသည် ဗမာစာနှင့်ဗမာစကား ဖြစ်နေသည့်အတွက် “မြန်မာ”သည် “ဗမာ”ဖြစ်သည်ဆိုသော ယူဆချက်က ငြင်းမရသလို ဖြစ်နေသည်။

ထို့ကြောင့် “မြန်မာ”ဆိုသော စကား၏ နောက်ကွယ်ကနေ “ဗမာ”ဆိုသော အယူအဆက ကပ်တွဲနေခြင်းကြောင့် “ငါတို့အားလုံးသည် မြန်မာဖြစ်သည်”ဆိုခြင်းကို လက်ခံလိုက်ပါက “ငါတို့အားလုံးသည် ဗမာဖြစ်သည်”ဟု အဓိပ္ပာယ် သက်ရောက်သွားနိုင်၍ “We Are Myanmar- ငါတို့အားလုံး မြန်မာ”ဆိုသော ခံယူချက်ကို လက်ခံရန် ပြောနေခြင်းအား ဗမာမဟုတ်သော တိုင်းရင်းသားများက လက်ခံရန် ခက်ခဲနေခြင်း ဖြစ်နိုင်သည်။

ထို့ပြင် လွတ်လပ်ရေးကို တိုင်းရင်းသား လူမျိုးပေါင်းစုံ ပူးပေါင်းရယူခဲ့သည်ဆိုသော အချက်ကလည်း ဗမာတိုင်းရင်း သား လူမျိုးကပဲ ရယူပေးခဲ့သလို အဓိပ္ပာယ် သက်ရောက်မသွားနိုင်ဘူးလားဆိုသော ယူဆချက်များလည်း ရှိနိုင် သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ နိုင်ငံတော်အခြေခံမူများဆိုသည့် ပုဒ်မ ၃ တွင် နိုင်ငံတော်သည် တိုင်းရင်းသား လူမျိုးပေါင်းစုံတို့ စုပေါင်းနေထိုင်ကြသော နိုင်ငံဖြစ်သည်ဟု ပြဋ္ဌာန်းထားသည့် အချက်နှင့်လည်း ကွဲလွဲသွားနိုင် သည်။

ထို့ကြောင့် “We Are Myanmar” ဆိုသော စိတ်ကို ဗမာမဟုတ်သော တိုင်းရင်းသားလူမျိုးများက လက်ခံလာနိုင် ရေးအတွက် နိုင်ငံတော်ကို အုပ်ချုပ်မည့်သူများနှင့် ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်နေကြသူများက မည်ကဲ့သို့ နည်းလမ်းရှာသင့်လဲ.......? 

အိန္ဒိယနိုင်ငံတွင် ဟိန္ဒူနှင့်မွတ်ဆလင်များကြား အမုန်းပွားကာ သတ်ဖြတ်မှုများ ကြီးကြီးမားမားဖြစ်၍ အိန္ဒိယနှင့် ပါကစ္စတန်ဆိုပြီး နိုင်ငံ ၂ ခု ခွဲ၍ လွတ်လပ်ရေး ရယူခဲ့ရပြီးနောက် ဂန္ဒီကြီးနှင့်နေရူးသည် “We Are India- ငါတို့ အားလုံး အိန္ဒိယနိုင်ငံသား”ဖြစ်သည်ဟု ခံယူကြရန် စည်းရုံးခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင်များနဲ့ တပ်မတော်အကြီးအကဲကို တွေ့ရစဉ် 

ထိုသို့ စည်းရုံးမှုတွင် နေရူးနှင့် ဂန္ဒီကြီးသည် ဘာသာရေးနှင့်နိုင်ငံရေးကို ခွဲခြားထားရန်၊ ဟိန္ဒူနှင့် မွတ်ဆလင်ကြား တန်းတူအခွင့်အရေး ရရှိရန်၊ တရားဥပဒေအရ ခွဲခြား ဆက်ဆံမှုမရှိစေရန်၊ လူမျိုးပေါင်းစုံ တန်းတူအခွင့်အရေး ရရှိရေး စသည့် အခြေခံမူများကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သေချာထည့်သွင်း ရေးဆွဲ၍ ဖော်ဆောင်ခဲ့သည်။ 

အလားတူ အမေရိကန်နိုင်ငံသည်လည်း ဌာနေတိုင်းရင်းသားများထက် ကမ္ဘာတစ်ဝန်းက ရွှေ့ပြောင်းအခြေချသူ များဖြင့် စုစည်း၍ “We Are American”ဟု စုစည်းထားသည်။

ထိုသို့ “We Are American”ဟု ကမ္ဘာတစ်ဝန်းက ရွှေ့ပြောင်းအခြေချများကို စုစည်းထားနိုင်ခြင်းက သာတူညီမျှ ရှိပြီး ခွဲခြားဆက်ဆံမှု မရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် “We Are India”၊ “We Are American”၊ “We Are Singapore” ဟု ဖြစ်တည်လာခြင်း ဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံသည်လည်း “We Are Myanmar” ဖြစ်စေရန် တန်းတူညီမျှနှင့် ခွဲခြားဆက်ဆံမှုမရှိပဲ တိုင်းရင်းသားလူမျိုးများ အားလုံးလက်ခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို ရေးဆွဲ၍ ဖော်ဆောင်သင့်သည်။

သို့မဟုတ်ပါက “We Are Myanmar” ဖြစ်ရန် ခက်ခဲနိုင်သလို အခက်မသင့်ပါက “Myanmar” ဆိုသော နိုင်ငံပါ ပျောက်သွားနိုင်သည်ကို သတိချပ်သင့်သည်။

မည်သို့ပင်ဆိုစေကာမူ လက်ရှိ မိမိတို့ နေထိုင်နေသော နိုင်ငံတော်၏ အနာဂတ်သည် မည်သို့မည်ပုံ ဖြစ်တည်လာ မည်ကိုတော့ စောင့်ကြည့်ရန်သာရှိတော့သည်။