CNI Article
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၀
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သည် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ကို အခြေပြု၍ ၁၉၆၁ ခုနှစ်တွင် ဖွဲ့စည်းထူထောင်ခဲ့သည်။
စတင် ဖွဲ့စည်းစဉ်က ဦးနုသည် ဗုဒ္ဓဘာသာ နိုင်ငံတော် ဘာသာအဖြစ် သတ်မှတ်လိုက်ခြင်းနောက်ပိုင်း ဘာသာရေး အရ သဘောထားကွဲလွဲခြင်းကနေ ပေါ်ပေါက်လာခြင်းဖြစ်ပြီး နောက်ပိုင်းမှ တိုင်းရင်းသားအရေး၊ ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေး တို့ကို ရှေ့တန်းတင်လာခြင်းဖြစ်သည်။
ထို့နောက် KIA သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့အထိ အင်အား တည် ဆောက်၍ လှုပ်ရှားလာခဲ့ရာ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအဖြစ် ရပ်တည်လျက်ရှိ သည်။
မည်သို့ပင်ဆိုစေကာမူ KIA သည် မြန်မာ့တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ NLD အစိုးရကို ဖြုတ်ချ လိုက်ခြင်းကြောင့် ပြောင်းလဲလာသော နိုင်ငံရေး အခင်းအကျင်းကြီးထဲမှာ အင်အားကို ပိုမို ကြီးထွားအောင် တည် ဆောက်နိုင်ခဲ့သလို ထိန်းချုပ်နယ်မြေများလည်း ကျယ်ပြန့်လာခဲ့သည်။
ပင်လည်ဘူးမှာ တွေ့ရတဲ့ NUG ဝန်ကြီး ဦးရည်မွန်ကို တွေ့ရစဉ်
တနည်းအားဖြင့် နွေဦးတော်လှန်ရေး ကာလအတွင်းမှာ KIA သည် စစ်ကိုင်းတိုင်းဒေသကြီးကို ထိန်းချုပ်နိုင်ရေး အထူးအာရုံစိုက်လာခဲ့သည်။ မည်သည့်အတွက်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးကို KIA အလေးထား အာရုံစိုက် နေရသလဲ စဉ်းစားစရာ ရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီးကို KIA ထိန်းချုပ်ရန် အာရုံစိုက်ရခြင်းမှာ (၁) ကချင်ပြည်နယ်ကို ထိန်းချုပ်နိုင်ပြီးနောက် ကာကွယ်ထားနိုင်ရေး၊ (၂) သယံဇာတ ပေါကြွယ်ဝခြင်း၊ (၃) ကုန်သွယ်ရေး ကျယ်ပြန့်စွာ တည်ဆောက်ထားနိုင် ခြင်း၊ (၄) အိန္ဒိယနယ်စပ် ထွက်ပေါက်ရှိခြင်း၊ (၅) ရှမ်းနီတပ်ဖွဲ့ SNA ၏ အရင်းအမြစ်ကို ဖြတ်တောက်လိုခြင်း၊ (၆) ရှမ်းနီလူမျိုးများ၏ နိုင်ငံရေး တက်ကြွမှုကို ဟန့်တားလိုခြင်း၊ (၇) အနောက်မြောက် ဒေသတစ်လျှောက် ထိန်းချုပ် ခြင်းကနေ ပင်လယ်ထွက်ပေါက်ကို တည်ဆောက်ထားလိုခြင်း၊ (၈) တပ်မတော်နှင့် ဆွေးနွေးရေးတွင် အခွင့်အရေး ပိုမိုရရှိရေးတို့ ဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ အိန္ဒိယနယ်စပ် ထွက်ပေါက် ၂ ပေါက်ရှိသည်။ တစ်ပေါက်က တမူး-မိုရေးဖြစ်ပြီး နောက်တစ်ပေါက်ကတော့ ပန်ဆောင်(နာဂဒေသ)ထွက်ပေါက် ဖြစ်သည်။
ထိုထွက်ပေါက် ၂ ပေါက်အနက် တမူး-မိုရေး နယ်စပ်ထွက်ပေါက် ရရှိရေးအတွက် KIA သည် ကူကီး၊ PDF တို့ကို လက်နက်ခဲယမ်း ထောက်ပံ့ပေးပြီး အကောင်အထည်ဖော်နေသလို ပန်ဆောင်(နာဂဒေသ)ထွက်ပေါက်ကိုတော့ NSCN-K/YA နှင့် NSCN-K/AM အဖွဲ့ကို စည်းရုံးခြင်းနည်းလမ်းဖြင့်လည်းကောင်း အရှေ့နာဂအမျိုးသားများ ကာကွယ်ရေးတပ်မတော်(ENDA/ENNO)ကို လက်နက်ခဲယမ်း ထောက်ပံ့ပေးခြင်းဖြင့်လည်းကောင်း အကောင် အထည်ဖော်လျက်ရှိသည်။
SNA ကို တွေ့ရစဉ်
အလားတူ SNA နှင့် ရှမ်းနီလူမျိုးများ၏ နိုင်ငံရေး လှုပ်ရှားမှုကို ဖြတ်တောက်နိုင်ရေးအတွက် PDF များကို လက်နက်ခဲယမ်း ထောက်ပံ့ခြင်းနှင့် ကိုယ်တိုင်ဝင်ရောက် ပူးပေါင်းခြင်းဖြစ် တိုက်ပွဲဖော်ဆောင်ကာ ဟန့်တား လျက်ရှိသည်။
ထို့ပြင် ကချင်ပြည်နယ်ကို ဝင်ပေါက်ဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ဆယ်ဇင်း၊ ဗန်းမောက်၊ အင်းတော်တို့ကို KIA က ထိန်းချုပ်နိုင်ရေး ထိုးစစ်ဆင် တိုက်ခိုက်နေရာ အင်းတော်မြို့ကို သိမ်းပိုက်ထားပြီးဖြစ် သည်။
လက်ရှိတွင် KIA သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဟုမ္မလင်း၊ ဗန်းမောက်၊ ထီးချိုင့်၊ တမူး၊ ခမ်းပတ်၊ ဖောင်းပြင်၊ ရွှေပြည်အေး၊ မော်လိုက်၊ ကသာ၊ ကောလင်း၊ ပင်လည်ဘူး၊ အင်းတော် အပါအဝင် နာဂဒေသတို့ကို ထိန်းချုပ်နိုင်ရေးအတွက် PDF၊ KNA-Burma(ကူကီး)၊ နာဂလက်နက်ကိုင်များဖြစ်သော ENDA/ENNO နှင့် NPDF၊ ABSDF၊ AA၊ CNDF တို့ကို ချိတ်ဆက်ကာ အကောင်အထည်ဖော်လျက်ရှိကြောင်း ဒေသတွင်း တော်လှန်ရေး အင်အားစုများက ပြောသည်။
ထိုဒေသများအနက် ခမ်းပတ်၊ ပင်လည်ဘူး၊ အင်းတော်၊ ရွှေပြည်အေးတို့ကို တော်လှန်ရေး အင်အားစုများက ထိန်းချုပ်ထားပြီး ကျန်ဒေသများမှာတော့ စစ်ရေးပဋိပက္ခများ ဖြစ်ပွားနေသလို ပွတ်တိုက်မှုများ ဖြစ်ပွားနေသည်။
အဆိုပါ အခြေအနေများအတွင်းမှာ KIA ၏ စစ်ကိုင်းတိုင်းဒေသကြီး ထိန်းချုပ်နိုင်ရေးအတွက် အတားအဆီးဖြစ်နေ သည်မှာ ရှမ်းနီလူမျိုးများနှင့် ရှမ်းနီအမျိုးသားများတပ်မတော်(SNA) အပါအဝင် နာဂလူမျိုးများနှင့် နာဂ လက်နက် ကိုင်အဖွဲ့ တချို့ဖြစ်သည်။
ထို့ကြောင့် KIA ၏ မဟာဗျူဟာနှင့် နည်းဗျူဟာသည် စစ်ကိုင်းတိုင်းဒေသကြီးကို လက်တွေ့ ထိန်းချုပ်နိုင်ရေး အကောင်အထည် ဖော်နိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမည်။