CNI Sport Article
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၂
မြန်မာအမျိုးသမီးအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၅ အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲမှာ သြစတြေးလျ ယူ-၂၃ အသင်းကို ဗိုလ်လုပွဲမှာ ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ပြီး ဒုတိယရရှိခဲ့ပါတယ်။
၁၀ နှစ်ကျော်ကြာ ဝေးကွာနေတဲ့ အာဆီယံဗိုလ်လုပွဲကို ပထမဆုံးအကြိမ် ပြန်တက်နိုင်ခဲ့တဲ့ မြန်မာအမျိုးသမီး အသင်းဟာ ၂၀၀၇ ခုနှစ်နောက်ပိုင်း ချန်ပီယံဆုကို ပြန်လည်ရယူနိုင်ဖို့ အစွမ်းကုန် ကြိုးစားအားထုတ်ခဲ့ပေမယ့် ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတာပါ။
မြန်မာအမျိုးသမီးအသင်းဟာ ဒီပြိုင်ပွဲမတိုင်မီ အာရှဖလား ခြေစစ်ပွဲ မအောင်မြင်ခဲ့တာနဲ့ အာဆီယံချန်ပီယံရှစ် အုပ်စုအဆင့်မှာ သြစတြေးလျ ယူ-၂၃၊ ဖိလစ်ပိုင်အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့တဲ့အတွက် ခက်ခဲမယ် လို့ သုံးသပ်မှုတွေ ခံခဲ့ရပါတယ်။
အာရှဖလား ခြေစစ်ပွဲ မအောင်မြင်တာဟာ မြန်မာအသင်းအပေါ် သက်ရောက်မှုတွေ ရှိခဲ့ပေမယ့် အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ မတိုင်မီ တရုတ်နိုင်ငံ သွားရောက်ပြီး စခန်းသွင်း လေ့ကျင့်မှုတွေ ပြုလုပ်ကာ အသင်းကို အကောင်းဆုံးပုံစံဖြစ်အောင် ပြန်တည်ဆောက်နိုင်ခဲ့ပါတယ်။
တကယ်လည်း မြန်မာအသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ သြစတြေးလျ ယူ-၂၃ အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ယူပြီး အားလုံးကို အံ့အားသင့်သွားစေခဲ့တာပါ။
အုပ်စုဒုတိယပွဲစဉ်ဖြစ်တဲ့ တီမောအသင်းနဲ့ပွဲစဉ်မှာ ၃ ဂိုး-ဂိုးမရှိနဲ့သာ အနိုင်ရပြီး ဂိုးရနိုင်မယ့် အခွင့်အရေးတွေကို လွဲချော်ခဲ့တာကြောင့် မြန်မာအမျိုးသမီး အသင်းအပေါ်မှာ အားမလိုအားမရတွေ ဖြစ်ခဲ့ကြပါတယ်။
မြန်မာအမျိုးသမီးအသင်း တိုက်စစ်မှူး မေထက်လူကို တွေ့ရစဉ်
အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဖိလစ်ပိုင်အသင်းနဲ့ ပွဲစဉ်ဟာ မြန်မာအသင်းအတွက် အရေးပါခဲ့ပြီး ၁ ဂိုးစီ သရေကန် ကာ အုပ်စုပထမနဲ့ ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့တာပါ။
ဆီမီးဖိုင်နယ်မှာတော့ ပြိုင်ဘက်ကြီး ထိုင်းအသင်းနဲ့တွေ့ဆုံခဲ့ပြီး ဦးဆောင်ဂိုး ပေးခဲ့ရပေမယ့် အသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်းက ချေပဂိုးနဲ့ အနိုင်ဂိုးသွင်းပေးပြီး ဂိုးသမား မျိုးမြမြငြိမ်းရဲ့ လက်စွမ်းပြမှုတွေ၊ တစ်သင်းလုံးရဲ့ ကြိုး စား အားထုတ်မှုတွေကြောင့် မြန်မာအသင်းဟာ အာဆီယံချန်ပီယံရှစ် ဗိုလ်လုပွဲကို တက်နိုင်ခဲ့ပါတယ်။
မြန်မာအသင်း ပရိသတ်တွေကတော့ ထိုင်းအသင်းကို အနိုင်ရပြီး ဗိုလ်လုပွဲ တက်နိုင်ခဲ့တဲ့ အမျိုးသမီးအသင်းကို အလွန်ဂုဏ်ယူခဲ့ကြပြီး ၁၀ နှစ်ကြာဝေးကွာခဲ့တဲ့ အာဆီယံဗိုလ်လုပွဲကို ပြန်ယှဉ်ပြိုင်ရမယ့် အပေါ်မှာ အလွန် စိတ်လှုပ်ရှားခဲ့ကြပါတယ်။
မြန်မာအသင်းဟာ အုပ်စုတွင်း တွေ့ဆုံခဲ့ပြီး အနိုင်ရခဲ့တဲ့ သြစတြေးလျ ယူ-၂၃ အသင်းနဲ့ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင် ရမှာဖြစ်ပေမယ့် ဒီတစ်ကြိမ် တွေ့ဆုံမှုက မလွယ်ကူဘူးဆိုတာ ပရိသတ်တွေ အများအပြားက လက်ခံခဲ့ကြပါ တယ်။
မြန်မာအသင်းဟာ ဗိုလ်လုပွဲမှာ သြစတြေးလျ ယူ-၂၃ အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပေမယ့် တစ်သင်းလုံး ဟာ ရာနှုန်းပြည့် အားထုတ်ခဲ့ကြပြီး ဒိုင်လူကြီးရဲ့ ပွဲသိမ်းခရာ မမှုတ်မီအချိန်ထိ အရာအားလုံးပေး ကစားခဲ့ကြတာ ပါ။
မြန်မာအမျိုးသမီးအသင်း ကစားသမားကို တွေ့ရစဉ်
မြန်မာအသင်းဟာ ဗိုလ်လုပွဲမှာ အရေးနိမ့်ခဲ့ပေမယ့် ပရိသတ်တွေကတော့ သူတို့ကို ချန်ပီယံအသင်းအဖြစ် သတ်မှတ်ပြီး ဂုဏ်ပြုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဒီပြိုင်ပွဲမှာ မြန်မာအသင်း တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းဟာ သွင်းဂိုး ၇ ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် ဂိုးသွင်း အများဆုံးဆုကို ရရှိခဲ့ပြီး ပြိုင်ပွဲတစ်လျှောက် မြန်မာအသင်းရဲ့ ဂိုးပေါက်ကို အကောင်းဆုံး ကာကွယ်နိုင်ခဲ့တဲ့ ဂိုးသမား မျိုးမြမြငြိမ်းက အကောင်းဆုံး ဂိုးသမားဆုကို ရရှိခဲ့ပါတယ်။
ချန်ပီယံဆု မရယူနိုင်တာကလွဲပြီး ဒီပြိုင်ပွဲဟာ မြန်မာအမျိုးသမီးအသင်းအတွက် ကျေနပ်စရာ ကောင်းခဲ့တယ်လို့ ပြောရမှာပါ။
မြန်မာအသင်းဟာ ပြီးခဲ့တဲ့ အာရှဖလား ခြေစစ်ပွဲ မအောင်မြင်ခဲ့တာကြောင့် စိတ်ထိခိုက်မှုတွေနဲ့ စိတ်ဒဏ်ရာတွေ ရခဲ့ပေမယ့် သူတို့အကောင်းဆုံး ပြန်လုပ်ပြမယ်ဆိုပြီး စိတ်ပိုင်းဖြတ်ခဲ့တာကြောင့်လည်း အာဆီယံချန်ပီယံရှစ် ပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ ရောက်ရှိခဲ့တာလို့ အသင်းခေါင်းဆောင် ခင်မာလာထွန်းက ပြောခဲ့ပါတယ်။
အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲ အပြီးမှာ မြန်မာအမျိုးသမီးအသင်းကို နောက်ထပ် ဆီးကြိုနေတဲ့ ပြိုင်ပွဲကတော့ ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ဆီးဂိမ်းစ်ပြိုင်ပွဲပါ။
နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲတုန်းက ငွေတံဆိပ်နဲ့ ကျေနပ်ခဲ့ရတာကြောင့် မြန်မာအမျိုးသမီးအသင်း အနေနဲ့ လာမယ့် ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ရအောင် လုပ်ဆောင်ပြနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါ တယ်။