CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၆
ဗီယက်နမ်နိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၂၅ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့် ပွဲစဉ်တွေ ဖြစ်တဲ့ ဆီမီးဖိုင်နယ်၊ တတိယ နေရာလုပွဲနဲ့ ဗိုလ်လုပွဲတွေမှာ VAR နည်းပညာစနစ်ကို အသုံးပြုသွားမှာ ဖြစ်ပါ တယ်။
VAR စနစ်ကို အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ သမိုင်းမှာ ပထမဆုံးအကြိမ် အသုံးပြုသွားမှာပါ။
ဆီမီးဖိုင်နယ် ၂ ပွဲနဲ့ ဗိုလ်လုပွဲတွေမှာ ပွဲချိန်မိနစ် ၉၀ အတွင်း သရေကျရင် အချိန်ပို ဆက်ကစားမှာဖြစ်ပြီး အနိုင် အရှုံး ရလဒ် မထွက်ပေါ်ရင် ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းမှာဖြစ်ပါတယ်။
တတိယနေရာ လုပွဲမှာတော့ မိနစ် ၉၀ အတွင်း သရေကျရင် အချိန်ပို ဆက်မကစားဘဲ ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းမယ်လို့ အတည်ပြုထားတာပါ။
VAR စနစ်ကိုတွေ့ရစဉ်
အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို သြဂုတ် ၁၆ ရက်(ဒီနေ့) ကစားသွားမှာဖြစ်ပြီး မြန်မာနဲ့ ထိုင်းအသင်း၊ အိမ်ရှင်ဗီယက်နမ်နဲ့ သြစတြေးလျအသင်းတို့ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
မြန်မာနဲ့ ထိုင်း အသင်းပွဲစဉ်ကို မြန်မာစံတော်ချိန် ညနေ ၃ နာရီ မိနစ် ၃၀ အချိန်မှာ ကျင်းပသွားမှာပါ။
မြန်မာအမျိုးသမီးအသင်း နည်းပြယူကီက ဆီမီးဖိုင်နယ်ပွဲစဉ်ကို အကောင်းဆုံး ကြိုးစားသွားမှာဖြစ်ပြီး အာရုံ စူးစိုက်မှုအပြည့်နဲ့ တစ်ပွဲချင်းအလိုက် ပြင်ဆင်သွားမယ်လို့ ပွဲကြိုမီဒီယာ တွေ့ဆုံမှုမှာ ပြောခဲ့ပါတယ်။
မြန်မာအမျိုးသမီးအသင်းခေါင်းဆောင် ခင်မာလာထွန်းက အုပ်စုတွင်းမှာ အသင်းကောင်းတွေနဲ့တွေ့ဆုံခဲ့ပေမယ့် အားလုံးကြိုးစားခဲ့လို့ ဆီမီးဖိုင်နယ်ကို ရောက်ရှိခဲ့တာဖြစ်ပြီး ဆီမီးဖိုင်နယ်ပွဲစဉ်မှာလည်း ရလဒ်ကောင်း ရယူနိုင်ဖို့ စည်းစည်းလုံးလုံးနဲ့ အကောင်းဆုံး ကြိုးစားသွားမယ်လို့ ပြောခဲ့တာပါ။
ထိုင်းအမျိုးသမီးအသင်း နည်းပြက မြန်မာအသင်းဟာ တောင့်တင်းတာကြောင့် ခက်ခဲတဲ့ပွဲ ဖြစ်လာမယ်လို့ ပြောခဲ့ပါတယ်။
မြန်မာအသင်းဟာ အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲမှာ ၂ ကြိမ် ဗိုလ်စွဲထားပြီး ထိုင်းအသင်းနဲ့ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၂၀၂၃ ဆီးဂိမ်းစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။