CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၆
လီဗာပူးလ်အသင်းက ဘုန်းမောက်အသင်းကို ၄ ဂိုး-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီသစ် အဖွင့်ပွဲစဉ်မှာ တောင်ပံ ကစားသမား ဆာလက်ဟာ အသင်းပရိသတ်တွေက ကွယ်လွန်သွားခဲ့တဲ့ အသင်းဖော်ဟောင်း ဂျိုတာရဲ့ နာမည် သီဆိုချိန်မှာ ငိုကြွေးနေခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီပွဲမှာ ပြီးခဲ့တဲ့ ဇူလိုင်က ယာဉ်မတော်တဆမှုကြောင့် ကွယ်လွန်သွားခဲ့တဲ့ တိုက်စစ်မှူး ဂျိုတာအတွက် အမှတ်တရ အောက်မေ့ဖွယ်တွေ ပြုလုပ်ခဲ့ကြပြီး ပွဲမစခင် ၁ မိနစ် ငြိမ်သက်ခဲ့သလို ၂ သင်းစလုံး ဟာ အနက်ရောင် လက်ပတ်တွေ ဝတ်ဆင်ခဲ့ကြတာပါ။
ဆာလက်ဟာ ဘုန်းမောက်အသင်းဘက်ကို ဂိုးသွင်းယူပြီးနောက် ဂျိုတာရဲ့ အောင်ပွဲခံပုံစံအတိုင်း ပြုလုပ်ခဲ့သလို လီဗာပူးလ်အသင်းအတွက် ဂိုးသွင်းယူခဲ့ကြတဲ့ တိုက်စစ်မှူးသစ် အီကီတိုက်၊ ချီယေဆာနဲ့ ဂတ်ပိုတို့ကလည်း ဂျိုတာကို ရည်စူးတဲ့ အောင်ပွဲခံမှုတွေ ပြုလုပ်ခဲ့ကြတာပါ။
ဆာလက်ကို တွေ့ရစဉ်
လီဗာပူးလ်အသင်း ပရိသတ်တွေဟာ ပွဲအပြီးမှာ ဂျိုတာရဲ့ နာမည် သီဆိုချိန် ဆာလက်ဟာ သူတို့ရဲ့အရှေ့မှာ လက်ခုပ်တီးပြီး ငိုကြွေးနေခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က ဒီနိုင်ပွဲကို ဂျိုတာအတွက် ရည်စူးတယ်လို့ ပွဲအပြီး အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
အာနီဆလော့က “ပွဲပြီးတဲ့အချိန်မှာ အထဲကို ကျနော် မသွားချင်ခဲ့ပါဘူး။ ဘာလို့လဲဆိုရင် ကျနော်တို့ရဲ့ ပရိသတ် တွေက ဂျိုတာအတွက် သီချင်းသီဆိုနေပုံက အလွန်ထူးခြားလို့ပါ။ သူ့ကို ဘယ်လောက်အထိ ချစ်လဲဆိုတာကို ကြားရတာက အထူးပါပဲ။ ဆာလက်ဟာ အလွန်ခံစားခဲ့ရတယ်လို့ ကျနော်ထင်ပါတယ်။ ဂျိုတာရဲ့ဇနီး၊ သူ့ရဲ့ မိသားစု၊ သူ့ရဲ့ကလေးတွေက ဒီမှာရှိကြပါတယ်။ စိတ်ခံစားမှုတွေ၊ ဝမ်းနည်းပူဆွေးမှုတွေ ရှိနေကြဆဲဖြစ်ပြီး ဆာလက်ဟာ ဒါကိုခံစားခဲ့ရတာပါ။ ကျနော်ကတော့ မျက်ရည် မကျပေမယ့် ဒီလိုပဲခံစားခဲ့ရတယ်”လို့ ပြောခဲ့ တာပါ။
ဒီပွဲမှာ ဘုန်းမောက်အသင်း တိုက်စစ်မှူး ဆီမန်ညိုဟာ ပရိသတ်တစ်ဦးရဲ့ လူမျိုးရေး ခွဲခြားမှုကို ခံခဲ့ရတာကြောင့် ပွဲကို ခေတ္တရပ်တန့်ခဲ့ရပါသေးတယ်။
ပရီးမီးယားလိဂ်ကတော့ ဒီဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ ပါတယ်။
Source: Dailymail