CNI Sport News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၅

ပရီးမီးယားလိဂ်ကလပ် ဖူလ်ဟမ်အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာ ရဖွယ်ရှိနေတဲ့ ဒိန်းမတ်တိုက်စစ်မှူး ဟော့ဂျ်လန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ 

၂၀၂၃ ခုနှစ်က အတ္တလန်တာအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဟော့ဂျ်လန်းဟာ ယူနိုက်တက်အသင်းအတွက် ကစားခဲ့တဲ့ ၂ ရာသီမှာ ပွဲပေါင်း ၉၅ ပွဲကစားခဲ့ပြီး ၂၆ ဂိုးသွင်းယူနိုင်ခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ဒီနွေရာသီမှာ လိုက်ပ်ဇစ်အသင်း တိုက်စစ်မှူး ဆက်စ်ကို၊ ဝုလ်ဗ်စ်အသင်းက ကွန်ညာနဲ့ ဘရန်ဖို့ဒ်အသင်းက အမ်ဘူမိုတို့ကို ခေါ်ယူထားပြီး အသင်းရဲ့တိုက်စစ်ကို အပြောင်းအလဲ ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် ဟော့ဂျ်လန်းဟာ ဒီနွေရာသီမှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာရတော့မှာပါ။ 

 ဟော့ဂျ်လန်းကို တွေ့ရစဉ် 

ဟော့ဂျ်လန်းဟာ ယူနိုက်တက်အသင်းမှာ ဆက်နေပြီး နေရာအတွက် တိုက်ပွဲဝင်မယ်လို့ ပြောထားပေမယ့် လက်ရှိ အခြေအနေမှာ အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

Daily Mail က ဖူလ်ဟမ်အသင်းဟာ ဟော့ဂျ်လန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဖော်ပြထားတာပါ။ 

ဖူလ်ဟမ်အသင်းဟာ အတ္တလန်တာအသင်းထံ ပြောင်းရွှေ့ဖွယ်ရှိနေတဲ့ မူနစ်ဇ်ရဲ့နေရာမှာ ဟော့ဂျ်လန်းကို အစားထိုးချင်နေတာ ဖြစ်ပါတယ်။ 

ဟော့ဂျ်လန်းကို ခေါ်ယူဖို့ အေစီမီလန်အသင်းကလည်း ပစ်မှတ်ထားနေပြီး ယူနိုက်တက်အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ထားတာပါ။

ဒိန်းမတ်တိုက်စစ်မှူး ဟော့ဂျ်လန်းဟာ နွေရာသီ အပြောင်းအရွှေ့ မပိတ်မီမှာ သူ့ရဲ့အနာဂတ်ကို အမြန်ဆုံးဖြေရှင်း ပြီး အသင်းသစ်ထံ သွားရောက်ပူးပေါင်းချင်နေပါတယ်။ 

ပြီးခဲ့တဲ့ ဖီအိုရင်တီးနားအသင်းနဲ့ ခြေစမ်းပွဲမှာ ပါဝင်ခွင့်မရခဲ့တဲ့ ဟော့ဂျ်လန်းဟာ အာဆင်နယ်အသင်းနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာလည်း ယူနိုက်တက်အသင်းအတွက် ပါဝင်ခွင့်ရဖွယ်မရှိတာ ဖြစ်ပါတယ်။ 

Source: Goal