CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃၁
ယူနိုက်တက်အသင်းနည်းပြ မိုက်ကယ်ကာရစ်က မန်စီးတီး၊ အာဆင်နယ်အသင်းတို့ကို အနိုင်ရခဲ့ပြီးနောက် အသင်းအနေနဲ့ ဖူလ်ဟမ်အသင်းကို လျှော့တွက်ခဲ့ရင် မှားသွားလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။
မိုက်ကယ်ကာရစ်က “ခက်ခဲတဲ့ပွဲ၊ ခက်ခဲတဲ့ စိန်ခေါ်မှုဖြစ်ပြီး မာကိုက ဖူလ်ဟမ်ကို အလွန်ကောင်းတဲ့ အသင်း ဖြစ်အောင် လုပ်ခဲ့တယ်လို့ ကျနော် ထင်ပါတယ်။ အိမ်ကွင်းမှာ ကစားရမယ်ဆိုပြီး ပေါ့ပေါ့တန်တန် သဘောထားလို့ မရပါဘူး။ ဒါဆိုရင် မှားသွားပါလိမ့်မယ်”လို့ ပြောခဲ့တာပါ။
ဇန်နဝါရီထဲမှာ ယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတဲ့ မိုက်ကယ်ကာရစ်ဟာ သူ့ရဲ့ပထမဆုံး ၂ ပွဲမှာ ပရီးမီးယားလိဂ်ထိပ်ဆုံး ၂ သင်းကို အနိုင်ယူပြီး စတင်နိုင်ခဲ့ပါတယ်။
မိုက်ကယ်ကာရစ်ဟာ အိုးထရက်ဖို့ဒ်မှာ ကစားရမယ့် ဖူလ်ဟမ်အသင်းနဲ့ ပွဲမှာ ၃ ပွဲဆက်တိုက် နိုင်ပွဲရယူနိုင်ဖို့ မျှော်လင့်နေပေမယ့် ပွဲမတိုင်မီ သူ့ရဲ့အသင်းသားတွေကို သတိပေးမှုပြုလုပ်ခဲ့တာပါ။

ယူနိုက်တက်အသင်းကို တွေ့ရစဉ်
ပြီးခဲ့တဲ့ ၂ ပွဲကို ဒဏ်ရာကြောင့် လွဲချော်ခဲ့တဲ့ တိုက်စစ်မှူး ဇက်ခ်ဇီဟာ ဖူလ်ဟမ်အသင်းနဲ့ပွဲမှာ ပြန်ပါဝင်နိုင်မှာ ဖြစ်ပေမယ့် နောက်ခံလူဒီလစ်ကတော့ ဆက်ပြီးလွဲချော်မှာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းနဲ့ပွဲမှာ တံကောက်ကြော ဒဏ်ရာရခဲ့တဲ့ နောက်ခံလူ ဒေါ်ဂူဟာ အချိန်အတော်ကြာ အနား ယူရဦးမှာဖြစ်လို့ စိတ်ပျက်စရာဖြစ်ခဲ့ပြီး စောင့်ကြည့်ရမယ်လို့ ယူနိုက်တက်အသင်းနည်းပြ မိုက်ကယ်ကာရစ်က ပြောခဲ့ပါတယ်။
ဒေါ်ဂူဟာ မန်စီးတီးနဲ့ အာဆင်နယ်အသင်းတို့ပွဲတွေမှာ ၁ ဂိုးစီသွင်းပြီး ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ယူနိုက်တက် အသင်းအတွက် ထိုးနှက်ချက်ဖြစ်ခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမားသစ် ခေါ်ယူဖို့နဲ့ ပတ်သက်ပြီး စောင့်ကြည့်ဖို့ လည်း မိုက်ကယ်ကာရစ်က ပြောခဲ့ပါတယ်။
Source: ESPN
