CNI Sport News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၆

ယူနိုက်တက်အသင်း နည်းပြ အာမိုရင်ဟာ ပရီးမီးယားလိဂ် အတွေ့အကြုံ အများအပြားရှိတဲ့ ဗီလာတိုက်စစ်မှူး ဝက်ကင်စ်ကို ခေါ်ယူဖို့ ပိုပြီးနှစ်သက်တယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ပေမယ့် သူကတော့ တိုက်စစ်မှူးသစ် ဆက်စ်ကိုနဲ့ အတူတွဲ အလုပ်လုပ်ရတာကို ဝမ်းမြောက်တယ်လို့ ပြောခဲ့ပါတယ်။ 

အာမိုရင်က “ကျနော် အလွန်ပျော်ရွှင်ပြီး သူဟာ ကြီးမားတဲ့ အလားအလာ ရှိသလို ဘောလုံး အမျိုးစားတိုင်းကို လည်း ကစားနိုင်ပါတယ်။ ကျနော်ကတော့ သူဟာ ယူနိုက်တက်အသင်းမှာ နှစ်ပေါင်းများစွာကြာ တိုက်စစ်မှူး အဖြစ် ရှိနေမှာကို မြင်နေပါတယ်။ ဒါကြောင့်လည်း အသင်းဟာ တိုက်စစ်မှူး တစ်ဦးအတွက် ငွေကြေး အများ အပြား သုံးစွဲခဲ့တာပါ။ သူဟာ အသင်းအတွက် ပါဝင်ကစားဖို့ အဆင့်သင့် ဖြစ်နေပါပြီ။ ပွဲထွက် လူစာရင်းမှာ သူ ပါဝင်နိုင်မလားဆိုတာ မြင်တွေ့ရမှာပါ”လို့ ပြောခဲ့တာပါ။ 

ယူနိုက်တက်အသင်းဟာ အသင်းအတွက် လိုအပ်နေတဲ့ တိုက်စစ်မှူး နေရာအတွက် ဆက်စ်ကို,ကို လိုက်ပ်ဇစ် အသင်းကနေ ပေါင် ၇၄ သန်းအထိ ရောက်ရှိလာနိုင်တဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ် အတွေ့အကြုံရှိတဲ့ ကစားသမားတွေကို အဓိကထား ခေါ်ယူနေတာကြောင့် တိုက်စစ်မှူး နေရာအတွက်လည်း အက်စတွန်ဗီလာအသင်း တိုက်စစ်မှူး ဝက်ကင်စ်ကို ဦးစားပေး ခေါ်ယူချင်နေတယ်လို့ သတင်းထွက်ခဲ့တာပါ။ 

ဒါပေမယ့် နည်းပြအာမိုရင်က ဆက်စ်ကိုနဲ့ အလုပ်တွဲလုပ်ရတာကို ပျော်ရွှင်ပြီး သူဟာ အာဆင်နယ်အသင်းနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ ယူနိုက်တက်အသင်း ကစားသမားဘဝ ပွဲဦးထွက်အဖြစ် ပါဝင်မယ်လို့ ပြောခဲ့ပါ တယ်။

ယူနိုက်တက်အသင်းဟာ ဆက်စ်ကို,ကို ခေါ်ယူခဲ့တာကြောင့် ဒိန်းမတ်တိုက်စစ်မှူး ဟော့ဂျ်လန်းရဲ့ အနာဂတ်ဟာ မရေမရာဖြစ်ခဲ့ပြီး ဒီနွေရာသီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေတာပါ။ 

ယူနိုက်တက်အသင်း နည်းပြ အာမိုရင်က ဟော့ဂျ်လန်းဟာ ရွေးချယ်စရာအဖြစ်ရှိနေပြီး အသင်းရဲ့ ကစားသမား အဖြစ် ရှိနေဆဲလို့ ပြောခဲ့ပါတယ်။ 

ဒါအပြင် အာမိုရင်က ဒီရာသီ ယူနိုက်တက် အသင်းရဲ့ ရည်မှန်းချက်က လာမယ့်ရာသီ ဥရောပပြိုင်ပွဲကို ပြန်လည် ယှဉ်ပြိုင်ခွင့်ရရှိဖို့ ဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။

Source: Goal