CNI Article

၂၀၂၅ ခုနှစ်၊ မတ်လ ၂၆

မြန်မာနိုင်ငံကို တောင်တန်း-ပြည်မ ပူးပေါင်း၍ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ်ရေးရယူခဲ့ကြသည်။ 

ထိုသို့ လွတ်လပ်ရေးကို ရယူစဉ်မှာ တိုင်းရင်းသားအားလုံး တန်းတူညီမျှရေးကို အခြေခံခဲ့ကြသလို အားလုံး ပေါင်း စည်းရေးကို ဦးတည်ခဲ့ကြသည်။

သို့သော် လွတ်လပ်ရေးရပြီး မကြာခင်မှာပဲ လူနည်းစုနှင့် လူများစုကြား တန်းတူညီမျှမှု မရှိခြင်း၊ လူမျိုး တစ်မျိုးက အရာရာမှာ အခွင့်အရေး အသာစီးရယူထားခြင်း၊ ကိုယ့်ကံကြမ္မာ ကိုယ်တိုင် ဖန်တီးခွင့်များ ဆုံးရှုံးလာခြင်း၊ တရားမျှ တမှုများ အားနည်းလာခြင်း စသည့် အခြေခံ မူများအပေါ်မှာ သဘောထားကွဲလွဲမှုများ ဖြစ်ကာ လက်နက်ကိုင် တော်လှန်ရေးဆီသို့ ဦးတည်သွားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံသည် ဗမာလူမျိုးကြီး ကျင့်သုံးသည်ဟု ဆိုသော အမြင်များ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသလို ဗမာလူမျိုးများက တခြားသော လူမျိုးများကို တိုင်းရင်းသားဟု ခေါ်ဝေါ် သုံးစွဲခြင်းနှင့် မျိုးနွယ် စုလေးများဟု မှတ်ယူလာခြင်းများ ရှိလာခဲ့သည်။

ထို့ကြောင့် လက်နက်ကိုင်တော်လှန်ရေးများ အဆုံးသတ်ရေး ငြိမ်းချမ်း‌ရေး (သို့မဟုတ်) နိုင်ငံရေး စေ့စပ် ဆွေးနွေး မှုများတွင်လည်းကောင်း၊ အုပ်ချုပ်သူ လူတန်းစားများကြားတွင်လည်းကောင်း တိုင်းရင်းသားများဆိုသော စကား လုံးများကို သုံးဆွဲလေ့ရှိသည်။

ဥပမာ- တိုင်းရင်းသား အခွင့်အရေး၊ တိုင်းရင်းသားများ တောင်းဆိုသည့် အချက်များ၊ တိုင်းရင်းသားများ ဆွေးနွေး သည့် အချက်များ စသဖြင့် တိုင်းရင်းသား ဆိုသော စကားလုံးများကို ကျယ်ကျယ်ပြန့်ပြန့် ပြောလေ့ရှိသည်။

ထိုသို့ဆိုလျှင် မေးခွန်းထုတ်စရာများရှိလာသည်။ ဗမာလူမျိုးကရော တိုင်းရင်းသား မဟုတ်ဘူးလား....?၊ ဗမာက လွဲပြီး တခြားသော လူမျိုးများကပဲ တိုင်းရင်းသားများလား.....?၊ ဗမာလူမျိုးများ၏ ကိုယ်ပိုင်အမှတ်အသား သရုပ် သဏ္ဍန်က ဘာလဲ....?၊ ဗမာမဟုတ်သော လူမျိုးများက ဆွေးနွေးပွဲများလုပ်သည့်အခါ ဗမာကို ဘာကြောင့် အများစုက ချန်လေ့ရှိတာလဲ....? စသည့် မေးခွန်းများ ရှိလာသည်။ 

ထို့ကြောင့် ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်သည့် အစိုးရ လက်ထက်များက ကျင်းပခဲ့သော ငြိမ်းချမ်းရေးညီလာခံ (သို့မဟုတ်) ၂၁ ရာစုပင်လုံညီလာခံများ အပါအဝင် ဆွေးနွေးပွဲများတွင် မရှင်းလင်းသော ကိုယ်စားပြုမှု တစ်ခုရှိခဲ့သည်။

အလားတူ လက်ရှိ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်ပြီး လျှောက်လှမ်းနေသည့် အင်အားစု လက်ထက်မှာ လည်း မရှင်းလင်းသော ကိုယ်စားပြုမှု တစ်ခုရှိသည်။

ထိုအချက်က ဗမာလူမျိုးကို ဘယ်သူက ကိုယ်စားပြုနေပါသလဲ....?၊ ဗမာလူမျိုးများ ဖြစ်စေလိုသော နိုင်ငံ၏ စနစ် (သို့မဟုတ်)သရုပ်သဏ္ဍန်က ဘယ်လိုမျိုးလဲ....?ဆိုသော အချက်ဖြစ်သည်။

ဗမာမဟုတ်သော တိုင်းရင်းသားများတွင် မိမိတို့၏ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများက ကိုယ်စားပြု ပါဝင်နေပြီး သက်ဆိုင်ရာ လူမျိုးများ၏ အသံကို ၂၁ ရာစုပင်လုံ ညီလာခံသို့ တင်ပြ ဆွေးနွေးနိုင် နေကြသော်လည်း ဗမာတိုင်းရင်းသားများကမူ မည်သူ (သို့) မည်သည့်အဖွဲ့က ကိုယ်စားပြု ဦးဆောင်နေသည်မှာ မရှင်းလင်းပေ။

ထိုအချက်မှာ စဉ်းစားစရာများ ရှိနေသကဲ့သို့ မေးခွန်း ထုတ်စရာမျာ လည်း ရှိလာသည်။ ဗမာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ မရှိခြင်းကြောင့်လား၊ တပ်မတော်ကို ဗမာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဟု မှတ်ယူ ထားခြင်းကြောင့်လား သို့မဟုတ် အစိုးရအား ဗမာတိုင်းရင်းသား အစိုးရအဖွဲ့ဟု မှတ်ယူထားခြင်းကြောင့်လား စသဖြင့် မေးခွန်းထုတ်စရာများ ဖြစ်လာသည်။

တပ်မတော်နှင့် အစိုးရအဖွဲ့အား ဗမာတိုင်းရင်းသား လူမျိုးများ၏ ဦးဆောင်သူဟု မှတ်ယူကြမည်ဆိုလျှင်တောင်မှ ဗမာတိုင်းရင်းသားများက တပ်မတော်နှင့် အစိုးရအဖွဲ့သည် မိမိတို့အား ကိုယ်စားပြုကြောင်း ထုတ်ဖော် ပြောကြား ခြင်း မရှိသည့်အတွက် ရှင်းလင်းမှု မရှိပေ။

မြန်မာနိုင်ငံ လွတ်လပ်ရေးရအောင် အဓိကကျခဲ့သော ပင်လုံစာချုပ် သဘောတူညီချက်တွင် ဗိုလ်ချုပ် အောင်ဆန်း သည် ဗမာတိုင်းရင်းသားများကို ကိုယ်စားပြုသည်ဟု ပြောနိုင်သော်လည်း သူသည် တပ်မတော်နှင့် အစိုးရ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့ခြင်းမဟုတ်ပဲ ဖဆပလဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ် သည်။

တချို့က တပ်မတော်နှင့် အစိုးရသည် ဗမာတိုင်းရင်းသားများကို ကိုယ်စားပြုသည်ဟု မြင်ကောင်း မြင်နိုင်ပါသည်။ ထိုအဖွဲ့အစည်း ၂ ရပ်သည် ဗမာတိုင်းရင်းသားများကို ကိုယ်စားပြုကြောင်း ထုတ်ပြန် ကြေညာထားခြင်း မရှိသ ကဲ့သို့ ပြောဆိုမှုများလည်း မရှိပေ။

တပ်မတော်သည် နိုင်ငံ့တပ်မတော် ဖြစ်သကဲ့သို့ အစိုးရသည်လည်း နိုင်ငံ့အစိုးရဖြစ်ရာ လူမျိုးတစ်မျိုးတည်းကို ကိုယ်စားပြု၍ မရဘဲ နိုင်ငံအတွင်းရှိ လူမျိုးများအားလုံးကို ကိုယ်စားပြုရပြီး နိုင်ငံသားအားလုံး၏ အကျိုးစီးပွား အား ဆောင်ရွက်ရသည်။

ဤသို့မဟုတ်ပဲ လူမျိုး တစ်မျိုးတည်းကိုသာ ကိုယ်စားပြု၍ ဆောင်ရွက်နေပါက လူမျိုးကြီးဝါဒ ကျင့်သုံးနေခြင်းဟု မှတ်ယူသွားနိုင်ပြီး နိုင်ငံသား အချင်းချင်းအကြား စိတ်ဝမ်းကွဲမှုများ ဖြစ်ပွား၍ အတူယှဉ်တွဲ နေထိုင်နိုင်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ (ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံနှင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံဟု သဘောထားကွဲလွဲနေ) တည်ဆောက်ရေးအပေါ် အဟန့်အတားများ ဖြစ်လာနိုင်သည်။

ထို့ကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့် ငြိမ်းချမ်းရေး ညီလာခံများတွင် တပ်မတော်နှင့် အစိုးရမှ ကိုယ်စားလှယ်များ ဆွေးနွေးမှုများသည် နိုင်ငံတော်ကို ကိုယ်စားပြု၍ ဆွေးနွေးနေခြင်းသာဖြစ်ပြီး လူမျိုး တစ်မျိုးတည်းကို ကိုယ်စားပြု တင်ပြဆွေးနွေးမှုကိုဖြင့် မတွေ့ရခြင်းကြောင့် ဗမာတိုင်းရင်းသားများကို ကိုယ်စားပြုနေခြင်း မဟုတ်ကြောင်း မှတ်ယူနိုင်မည်ဟု ထင်ပါသည်။

အလားတူ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)တို့သည် လည်း ဗမာတိုင်းရင်းသားများ အများစု ပါဝင် ဖွဲ့စည်းထားသော်လည်း တိုင်းရင်းသားအားလုံး ပါဝင်နေခြင်း ကြောင့် သူတို့၏ ကိုယ်စားပြုမှုများမှာလည်း မရှင်းလင်းပေ။

ကျင်းပပြီးစီးခဲ့သော ၂၁ ရာစု ပင်လုံညီလာခံများ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၊ ငြိမ်းချမ်းရေး ညီလာခံများကို ပြန်လည် လ့လာကြည့်ပါက USDP နှင့် NLD ပါတီသည် ဗမာတိုင်းရင်းသားများ၏ သဘောထားဆန္ဒ၊ ရပ်တည် ချက်များဟုဆို၍ သီးခြားတင်ပြခြင်း မရှိသကဲ့သို့ ဗမာတိုင်းရင်းသားများကို ကိုယ်စားပြုသည်ဟုလည်း ထုတ်ပြန် ကြေညာထားခြင်း မရှိပေ။

ထို့ကြောင့် ဗမာတိုင်းရင်းသားများ၏ အသံသည် ၂၁ ရာစု ပင်လုံညီလာခံ၊ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၊ ငြိမ်းချမ်းရေး ညီလာခံများတွင် ပျောက်ကွယ်နေပြီး အနာဂတ် နိုင်ငံတော် တည်ဆောက်ရေး ဆွေးနွေး အဖြေရှာနေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် သူ(ဗမာလူမျိုး)တို့ သဘောထား ဆန္ဒနှင့် ရပ်တည်ချက် မည်သို့ရှိကြောင်း မသိရဘဲ ဖြစ်နေသည်။

ဤသို့ဆိုလျှင် ၂၁ ရာစု ပင်လုံညီလာခံ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ ငြိမ်းချမ်းရေးညီလာခံများမှ ထွက်ပေါ်လာမည့် ဘုံသဘောတူညီချက်များသည် အနာဂတ် နိုင်ငံတော် တည်ဆောက်ရေးအတွက် ပြည်ထောင်စု စစ်စစ်မူကို အမှန်တကယ် ရရှိလာမည်ဟု မည်သူက အာမခံ နိုင်မည်လဲဆိုခြင်းမှာ စဉ်းစားစရာ ဖြစ်လာသည်။

နိုင်ငံရေးပါတီကြီး တစ်ခုမှ ခေါင်းဆောင်တဦးက “ ဗမာတိုင်းရင်းသားဆိုရင် လှုပ်ရှားမှုတောင် မတွေ့ဘူး။ ဘယ် သူ ခေါင်းဆောင်မလဲ ဆိုတာတောင် မသိဘူး။ ၂၁ ရာစု ပင်လုံညီလာခံမှာ ဗမာအမျိုးသားတွေရဲ့ သဘောထားက ဘာဖြစ်မလဲ၊ ဘာလဲ၊ မပါဘူးဆိုတဲ့ သဘောလား။ ပါတယ်လို့ပဲ ပြောရမလား ဘယ်သူက ကိုယ်စားပြုမယ် ဆိုတာ ကို ရှင်းရှင်းလင်းလင်း မရှိဘူး” ဟု ပြောဖူးသည်။

ဥပမာ တစ်ခုကို ပြရလျှင် ၂၀၁၇ ခုနှစ်၊ မေလ ၂၄ ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့သော ၂၁ ရာစုပင်လုံညီလာခံတွင် ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း(၁)ဟုဆိုကာ သဘောတူညီချက် အချက်ပေါင်း ၃၇ ချက်ကို NCA ထိုးထားသော လက်နက်ကိုင် ၈ ဖွဲ့က လက်မှတ်ထိုးခဲ့သည်။

ထိုအပေါ် NCA လက်မှတ်ထိုး ၈ ဖွဲ့ထဲက ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)က မိမိတို့အနေဖြင့် ရှမ်းလူမျိုးများ၏အသံ ပါဝင်ခြင်း မရှိသည့်အတွက် လက်ခံနိုင်ခြင်း မရှိကြောင်း ထုတ်ပြန်ပြောကြားခဲ့သလို NCA မထိုးရသေးလို့ ညီလာခံသို့ တက်ရောက်မလာနိုင်သော လက်နက်ကိုင်အဖွဲ့များ အပေါ်ကိုလည်း ယခု သဘော တူညီချက်က လွှမ်းမိုးမှု ရှိသလား/မရှိဘူးလား ဆိုခြင်းမှာလည်း မရှင်းလင်းပါ။

ဤသို့ဆိုလျှင် တစ်နှစ်ကို ၂ ကြိမ် ကျင်းပရန် ပြဋ္ဌာန်းထားသော NCA သဘောတူညီချက်များအရ ကျင်းပရသော ငြိမ်းချမ်းရေး ညီလာခံများသည် အနာဂတ် နိုင်ငံတော် တည်ဆောက်ရေးအတွက် ပြည်ထောင်စု သဘောတူညီ ချက် ထွက်ပေါ်လာရေး ကြိုးပမ်းနေခြင်းမှာ အချည်နှီးသာ ဖြစ်နေမည်။

အလားတူ NCA တွင် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခွင့်ရှိသည်ဟု ပြဋ္ဌာန်းထား သော်လည်း ဗမာလူမျိုးများ၏ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခြင်းကို မတွေ့ရဘဲ တခြားသော လူမျိုးများကသာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ကျင်းပ၍ သူတို့ တည်ဆောက်လိုသော နိုင်ငံရေး စနစ်နှင့် အသွင်ပုံသဏ္ဍန်များကို ချပြခဲ့ကြသည်ကို တွေ့ရသည်။

ထို့ကြောင့် ၂၁ ရာစု ပင်လုံညီလာခံ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၊ ငြိမ်းချမ်းရေးညီလာခံများတွင် အသံစုံ ပါဝင်ရန် လိုအပ်သကဲ့သို့ တိကျပြတ်သားသော ကိုယ်စားပြုမှုများလည်း ရှိရန်လိုအပ်သည်။ ဗမာမဟုတ်သော တိုင်းရင်းသား များ၏ အသံများ ပါဝင်နေပြီး ဗမာတိုင်းရင်းသားများအသံ မပါပါကလည်း ပြည်ထောင်စု စစ်စစ်မူ ထွက်ပေါ်လာ ရေး မည်သူက အာမခံနိုင်ပါသလဲ။

၂၀၁၆ ခုနှစ်က ကျင်းပ ပြီးစီးခဲ့သော ၂၁ ရာစု ပင်လုံ ညီလာခံတွင် စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တက်ရောက်ခဲ့ပြီး သူတို့၏ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရာမှာ မပါမဖြစ် ပါဝင်ရမည့် အခြေခံ မူဝါဒ ၈ ချက်ကို တင်ပြခဲ့ဖူးသည်။

ထိုသို့ တင်ပြရာမှာ မြန်မာနိုင်ငံဆိုသော အမည်ကို ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံနှင့် လိုက်ဖက်ညီမည့် အမည်ဖြင့် ပြင်ဆင်ရန် အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ် အထက်ပိုင်း ဒေသများကို အမျိုးသားများ ပြည်နယ် အဖြစ် ပြင်ဆင်ဖွဲ့စည်းရန်နှင့် တခြားသော တိုင်းဒေသကြီး နှစ်ခုကိုလည်း အမျိုးသားများ ပြည်နယ်အဖြစ် ပြင်ဆင် ဖွဲ့စည်းရန် တင်ပြမှု တချို့ရှိခဲ့သည်။

ဤအခြေအနေများသည် ဗမာမဟုတ်သော တိုင်းရင်းသားများ၏ အသံဖြင့်ပင် ဆောင်ရွက်၍ မပြည့်စုံနိုင်ပေ။ ဗမာ တိုင်းရင်းသားများ၏ သဘောထားဆန္ဒကိုလည်း ရယူသင့်သည်။

သို့မဟုတ်ပါက သဘောတူညီချက် ထွက်ပေါ်လာပြီး နောက်မှ ဗမာတိုင်းရင်းသားများက သဘောမတူကြောင်း ကန့်ကွက်မှုများ ရှိလာမည်ဆိုလျှင် မည်သို့ ဖြေရှင်း ဆောင်ရွက်ကြမည်နည်း။

အလားတူ ချင်းတွင်းမြစ် အထက်ပိုင်းတွင် ရှမ်းနီလူမျိုးများ နေထိုင်လျက်ရှိပြီး ၎င်းတို့သည် ဗြိတိသျှကိုလိုနီ ခေတ်က ရှမ်းနီလူမျိုးများ ကိုယ်ပိုင်အုပ်ချုပ်ခဲ့သော ဒေသများဖြစ်သကဲ့သို့ လက်ရှိမှာလည်း ပြည်နယ်ရရေး ပြန်လည်တောင်းဆိုနေခြင်းကြောင့် ရှမ်းနီတိုင်းရင်းသားများ၏ အသံကို နားထောင်ရန်လည်း လိုအပ်ပေသည်။
ထို့ကြောင့် ၂၁ ရာစု ပင်လုံညီလာခံတွင် ဗမာတိုင်းရင်းသားများ အသံလည်း ပါဝင်ရန် လိုအပ်သကဲ့သို့ တိကျ ပြတ်သားသော ကိုယ်စားပြုမှု ဖြစ်ရန်လည်း လိုအပ်သည်။

ဗမာတိုင်းရင်းသားများ၏ ကိုယ်စား မည်သူ (သို့) မည်သည့် အဖွဲ့အစည်းက ကိုယ်စားပြုနေပါသနည်း၊ မည်သူက ခေါင်းဆောင် နေပါသနည်း စသည့် အခြေအနေများမှာ မရှင်းလင်းခြင်းနှင့်အတူ ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင်  ဗမာတိုင်းရင်းသားများအသံ ပျောက်ကွယ်နေခြင်းကလည်း တစ်မျိုးတစ်ဖုံ အတားအဆီးဖြစ်လာနိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)သည် ဗမာတိုင်းရင်းသား များကို ကိုယ်စားပြုနေသလား သို့မဟုတ် ဦးဆောင်နေ သလားဆိုခြင်းမှာလည်း မည်သူမှ မပြောနိုင် သကဲ့ သို့ ကိုယ်စားပြုသည်ဟုဆိုသော ဗမာတိုင်းရင်းသားများ အားလုံးက လက်ခံနိုင်ခြေ ရှိ/မရှိ မရှင်းလင်းပဲ ဖြစ်နေသည်။

အဘယ်ကြောင့်ဆိုသော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)ကဲ့သို့ ဗမာတိုင်းရင်းသားအများစု ပါဝင်သော ပါတီနှင့် ၎င်းအား ထောက်ခံသူများက ကန့်ကွက်နိုင်ခြေရှိသည်။ USDP က ဦးဆောင်မည် ဆိုလျှင် လည်း NLD ပါတီနှင့် ၎င်းပါတီအား ထောက်ခံသော ဗမာတိုင်းရင်းသားများက လက်ခံကြမည်။
အလားတူ မည်သည့်ဘက်မှ မလိုက်သော တခြားသော အစုအဖွဲ့ကလည်း လက်ခံနိုင်ခြင်း ရှိ/မရှိ မရှင်းလင်းပေ။

ထို့ကြောင့် အနာဂတ် နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်ရေး ဆွးနွေးအဖြေရှာနေကြသော ခေါင်းဆောင်များ အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားအားလုံး၏ အသံများပါ ပါဝင်အောင် ကြိုးပမ်းသွားရန် လိုအပ်နေ သေးသလို ဗမာက တိုင်းရင်းသားမဟုတ်ဘဲ တခြားသော လူမျိုးစုများက တိုင်းရင်းသားဖြစ်နေသလားဆိုသော အချက်ကိုလည်း ဂရုပြု စဉ်းစားရန် လိုအပ်မည်ဖြစ်သည်။