CNI Sport Article
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈
ကမ္ဘာပေါ်မှာ လူစိတ်ဝင်စားမှု အမြင့်ဆုံးပြိုင်ပွဲတွေထဲက တစ်ခုဖြစ်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ၂၀၂၆ ခုနှစ်မှ ကျင်းပမှာ ဖြစ်ပေမယ့် လက်ရှိအချိန်မှာ ခြေစစ်ပွဲအောင် အသင်းတချို့ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုင်ငံတကာ ရက်သတ္တပတ်အတွင်းမှာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်မြင်တဲ့ အသင်း ၄ သင်း ထွက်ပေါ်လာခဲ့တာပါ။
ဒီအသင်းတွေကတော့ ဂျပန်၊ နယူးဇီလန်၊ အီရန်နဲ့ လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းတို့ ဖြစ်ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမယ့် အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါအသင်းတို့ဟာ အလိုအလျောက် ခြေစစ်ပွဲ အောင်မြင်ထားတာကြောင့် အခုဆိုရင် ဒီပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရရှိတဲ့ အသင်း အရေအတွက်ဟာ ၇ သင်းအထိ ရှိလာခဲ့တာပါ။
အသင်းပေါင်း ၄၈ သင်းနဲ့ ကျင်းပမယ့် ဒီပြိုင်ပွဲအတွက် ဝင်ခွင့်လက်မှတ် နောက်ထပ် ၄၁ နေရာကို ရရှိဖို့ အသင်း အများအပြားဟာ အခွင့်အရေးတွေ ရှိနေကြတာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲအတွက် သမုဒ္ဒရာပိုင်းဇုန်က ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး အာရှဇုန်နဲ့ တောင်အမေရိကဇုန်တွေကလည်း ပြီးဆုံးဖို့ နီးစပ်လာခဲ့ပြီဖြစ်တာပါ။
ဂျပန်အသင်းကို တွေ့ရစဉ်
ကွန်ကာကပ်ဖ်နဲ့ အာဖရိကတို့က ယှဉ်ပြိုင်နေဆဲဖြစ်သလို ဥရောပဇုန်က အခုမှခြေစစ်ပွဲတွေစတင် ယှဉ်ပြိုင်နေ တာဖြစ်ပါတယ်။
သမုဒ္ဒရာပိုင်းဇုန်မှာ နယူးဇီလန်အသင်းက တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီး နယူးကာလီဒိုးနီးယားအသင်းက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရဖို့အတွက် ပလေးအော့ဖ် ယှဉ်ပြိုင်ရဦးမှာပါ။
အာရှဇုန်ကတော့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တိုက်ရိုက်ဝင်ခွင့် ၈ နေရာနဲ့ ပလေးအော့ဖ် ၁ နေရာရှိထား ပါတယ်။
လက်ရှိအချိန်မှာ ဂျပန်နဲ့ အီရန်တို့က တိုက်ရိုက်ဝင်ခွင့် ရရှိထားပြီး ဥဇဘတ်ကစ္စတန်၊ ယူအေအီး၊ တောင်ကိုရီး ယား၊ ဂျော်ဒန်နဲ့ သြစတြေးလျတို့ ကလည်း တိုက်ရိုက် ဝင်ခွင့်နေရာကို ရယူနိုင်ဖို့ အပြိုင်ကြိုးစားနေကြတာပါ။
အာဖရိကဇုန်ကတော့ တိုက်ရိုက်ဝင်ခွင့် ၉ နေရာနဲ့ ပလေးအောဖ့် ၁ နေရာ ရရှိထားပါတယ်။
အာဂျင်တီးနားအသင်းကို တွေ့ရစဉ်
ခြေစစ်ပွဲအောင်မြင်တဲ့ အသင်းတွေ မထွက်ပေါ်သေးပေမယ့် အသင်းကြီးတွေဖြစ်တဲ့ အီဂျစ်၊ အိုင်ဗရီကို့စ်၊ မော်ရိုကို၊ အယ်လ်ဂျီးရီးယား၊တူနီးရှားနဲ့ ဂါနာအသင်းတို့ ဟာ ခြေစစ်ပွဲအောင်မြင်ဖို့ နီးစပ်နေပြီလို့ ပြောရမှာပါ။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တောင်အမေရိကဇုန်ကအသင်း ၆ သင်း တိုက်ရိုက် ဝင်ခွင့်ရမှာဖြစ်ပြီး ပလေးအော့ဖ်က ၁ နေရာ ရရှိထားပါတယ်။
လက်ရှိအချိန်မှာ အာဂျင်တီးနားအသင်းက ခြေစစ်ပွဲအောင်မြင်ထားပြီး အီကွေဒေါ၊ ကိုလံဘီယာ၊ ဘရာဇီးလ်နဲ့ ဥရုဂွေးအသင်းတို့ဟာ လာမယ့်ပွဲတွေမှာ ရလဒ်ကောင်း ရယူနိုင်ခဲ့ရင် ကျန်တဲ့ တိုက်ရိုက်ဝင်ခွင့် ၅ နေရာကို ဒီအသင်းတွေပဲ ရယူသွားနိုင်တာပါ။
ကွန်ကာကပ်ဖ်ဇုန်ကတော့ ပူးတွဲအိမ်ရှင် ၃ နေရာအတွက် ပေးထားရလို့ နောက်ထပ် တိုက်ရိုက်ဝင်ခွင့် ၃ နေရာနဲ့ ပလေးအော့ဖ် ၂ နေရာ ရရှိထားပါတယ်။
အီရန်အသင်းကို တွေ့ရစဉ်
ဥရောပဇုန်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဝင်ခွင့်အများဆုံးအဖြစ် ၁၆ နေရာရရှိမှာပါ။ ဥရောပဇုန်ဟာ ပြီးခဲ့တဲ့ နိုင်ငံတကာ ရက်သတ္တပတ်ကမှ ခြေစစ်ပွဲတွေ စတင်ယှဉ်ပြိုင်ခဲ့ရလို့ ခြေစစ်ပွဲအောင်မြင်တဲ့ အသင်းတွေ ထွက်ပေါ်ဖို့ ၂၀၂၆ ခုနှစ်အထိ စောင့်ဆိုင်းရဖို့ ရှိနေပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲတွေကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာကတည်းက စတင်ယှဉ်ပြိုင် နေတာဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ မတ်လမှသာ ခြေစစ်ပွဲတွေ အားလုံးပြီးဆုံးသွားမှာပါ။
နောက်ထပ် နိုင်ငံတကာပွဲတွေကို ဇွန်လရောက်မှသာ ပြန်လည်ယှဉ်ပြိုင်မှာဖြစ်လို့ ဇွန်လထဲမှာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်တဲ့ အသင်းအရေအတွက်တွေကို ထပ်ပြီးပေါင်းထည့်လို့ရမှာဖြစ်ပါတယ်။
အဲဒါကြောင့် ဘယ်အသင်းတွေက နောက်ထပ် ခြေစစ်ပွဲ အောင်မြင်တဲ့ အသင်းတွေအဖြစ် ထပ်မံထွက်ပေါ် လာမလဲဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။