CNI Article
၂၀၂၅ ခုနှစ် ၊ မတ်လ ၂၉
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများ၏ အကျိုးဆက်များထဲ၌ မြန်မာနိုင်ငံ၏ ချင်းပြည်နယ်နှင့် အိန္ဒိယ၏ မီဇိုရမ် (Mizoram) ပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးစုများ၏ သမိုင်းဝင် အနှောင်အဖွဲ့များ ပေါင်းစည်းခြင်းလည်း ပါဝင်လာခဲ့သည်။
ထိုဒေသသည် မီဇို-ချင်း-ကူကီး-ဇို မျိုးနွယ်စုများ စုစည်းနေထိုင်ရာ ဒေသဖြစ်သည်။
ထိုလူမျိုးများသည် ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြပြီး ဒေသိယစကား အမျိုးမျိုး ပြောဆိုကြသော်လည်း တပ်မတော်ကို ဆန့်ကျင်သည့် ရည်မှန်းချက်မှာမူ တူညီနေကြသည်။
၂၀၂၁ ခုနှစ်တွင် တပ်မတော်က အာဏာကို လွှဲပြောင်းရယူခဲ့ပြီးနောက် လအနည်းငယ် အကြာမှာပင် ချင်းပြည်နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ ထောင်နှင့်ချီသည့် စစ်ဘေး ဒုက္ခသည်များသည် မီဇိုရမ်ပြည်နယ်သို့ နယ်စပ် ဖြတ်ကျော် ဝင်ရောက်ခဲ့ကြသည်။
ထိုဖြစ်ရပ်သည် ၁၉၈၈ ခုနှစ် လူထုအုံကြွမှုအပြီး မြန်မာနိုင်ငံတွင် ပေါ်ပေါက်ခဲ့သော အခြေအနေကို ပြန်ပြောင်း အောင့်မေ့စေခဲ့သည်။
မီဇိုရမ်ပြည်နယ်သည် ဒုက္ခသည်များကို ကူညီရန် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ပေးခဲ့သည်။
ပြည်နယ်အစိုးရက ဒုက္ခသည်စခန်းများ ဆောက်လုပ်ရန် မြေနေရာများ လျာထားသတ်မှတ်ပေးခဲ့သည်။
အရပ်ဘက် အဖွဲ့အစည်းများကလည်း ဒုက္ခသည်များကို အကူအညီပေးရန် လိုအပ်သည့် အရင်းအမြစ်များကို စုဆောင်းထားပြီး လက်ရှိတွင် ဒုက္ခသည် အရေအတွက် ၃၁,၀၀၀ ခန့်ရှိသည်ဟု ခန့်မှန်းရသည်။
မီဇိုရမ်ပြည်နယ်သည် ချင်းပြည်နယ်နှင့် ကီလိုမီတာ ၅၁၀ အရှည်ရှိ နယ်နိမိတ်ချင်း ထိစပ်နေသည်။
ထိုပြည်နယ် ၂ ခုစလုံးမှ ဒေသခံများသည် ကန့်သတ်ချက်မရှိဘဲ နယ်စပ်ဖြတ်ကျော် သွားလာခွင့်ရှိခဲ့သည်။
မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ချင်းသူပုန် ၂ ဖွဲ့ပေါင်းစည်းရေးသဘောတူညီကြစဉ်
မကြာသေးမီက အိန္ဒိယအစိုးရသည် နယ်စပ်ဒေသတလျှောက် သွားလာလှုပ်ရှားမှုကို ထိန်းချုပ်ရန် ကြိုးပမ်း လာခဲ့သည်။
သို့သော် အိန္ဒိယအစိုးရက နယ်စပ်ခြံစည်းရိုးခတ်မည့် အစီအစဉ်ကို ကြေငြာခဲ့ချိန်တွင် ထိုအစီအစဉ်ကို မီဇိုရမ် ပြည်နယ် သာမကဘဲ မြန်မာနိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်နေသည့် အိန္ဒိယ၏ အခြားပြည်နယ်များကပါ ဆန့်ကျင် ကန့်ကွက်ခဲ့သည်။
မြန်မာသူပုန်အဖွဲ့များ၏ တက်ကြွလှုပ်ရှားသူများသည် မီဇိုရမ်ပြည်နယ်တွင် ခိုလှုံနေကြသည်မှာ အဆန်းတော့ မဟုတ်ပေ။
ချင်းပြည်နယ်ရှိ လက်နက်ကိုင်လှုပ်ရှားမှုအတွက် မီဇိုရမ်ပြည်နယ်က ထောက်ပံ့ပေးမှုသည် တပ်မတော်ကို ဆန့်ကျင်သည့် အင်အားချိန်ခွင်လျှာကို တိမ်းစောင်းစေရန် အဓိက ကျနေသည်။
လက်နက်ကိုင်အဖွဲ့အချို့၏ လုပ်ဆောင်မှုများကို ယုံကြည်ရမည်ဆိုပါက လက်ရှိတွင် တပ်မတော်သည် ချင်းပြည်နယ် တစ်ခုလုံး၏ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းထက် မပိုသော နယ်မြေများကိုသာ ထိန်းချုပ်ထားသည်။
ချင်းအမျိုးသားတပ်ဦး (CNF) အပါအဝင် လက်နက်ကိုင်အဖွဲ့ အများအပြားသည် လွန်ခဲ့သည့် သုံးနှစ်အတွင်း မီဇိုရမ်ပြည်နယ်မှရရှိသည့် အကူအညီအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ကြသည်။
မြန်မာနိုင်ငံ၏ ပဋိပက္ခမဖြစ်ပွားမီ ချင်းပြည်နယ်တွင် နေထိုင်သူများသည် မီဇိုရမ်ပြည်နယ်ကို နည်းမျိုးစုံဖြင့် မှီခိုအားထားခဲ့ရသည်။
အကြောင်းရင်းမှာ လွန်ခဲ့သည့် ဆယ်နှစ်ခန့်အတွင်းက မြန်မာနိုင်ငံ၏ ပြည်နယ်များနှင့် တိုင်းဒေသကြီး အားလုံး အနက် ဆင်းရဲမွဲတေမှုနှုန်း အမြင့်မားဆုံး ဖြစ်ခဲ့သော ချင်းပြည်နယ်၏ စီးပွားရေး အခြေအနေမှာ ဆိုးရွားခဲ့ခြင်း ကြောင့် ဖြစ်သည်။
၂၀၁၅ ခုနှစ် စစ်တမ်းတစ်ခုအရ အိမ်ထောင်စု ၈၀ ရာခိုင်နှုန်း နီးပါးသည် စားနပ်ရိက္ခာ လုံခြုံမှု သတ်မှတ်ချက်တွင် အလွန်နိမ့်ကျသည့် နေရာ၌ ရှိနေခဲ့သည်ကို ဖော်ပြထားသည်။
ထို့ကြောင့် အိန္ဒိယနယ်စပ် အနီးတွင် နေထိုင်သော ချင်းပြည်နယ်မှ လူအများအပြားသည် ၎င်းတို့၏ စားဝတ်နေ ရေးအတွက် မီဇိုရမ်ပြည်နယ်ကို မှီခိုအားထားနေရသည်မှာ အံ့သြစရာကိစ္စတော့ မဟုတ်ပေ။
၎င်းတို့သည် မီဇိုရမ်ပြည်နယ်တွင် အလုပ်လုပ်ကိုင်ခြင်း သို့မဟုတ် မီဇိုရမ်နှင့် ကုန်စည်ကူးသန်း ရောင်းဝယ်မှုများ တွင် ပါဝင်လုပ်ကိုင်ခဲ့ကြသည်။
မဏိပူရပြည်နယ်မှာ ကူကီးနဲ့ကသည်း လူမျိုးရေးပဋိပက္ခဖြစ်ပွားစဉ်
မီဇိုရမ်ပြည်နယ်မှ တင်ပို့သည့် ကုန်ပစ္စည်းများမှာ ဆေးဝါး၊ လောင်စာဆီ၊ ဆိုလာပြားများ၊ ဟင်းရွက်ဆီ၊ ဆားနှင့် အဝတ်အထည်များမှအစ မူးယစ်ဆေးဝါး ထုတ်လုပ်ရေးတွင် အသုံးပြုသည့် ဓာတုပစ္စည်းများအထိ ပါဝင်သည်။
လက်နက်ကိုင်များ ထိန်းချုပ်ထားသည့် နယ်မြေများကို ဝိုင်းဝန်းပိတ်ဆို့သည့် တပ်မတော်၏ “ဖြတ်လေးဖြတ်” ဗျူဟာကြောင့် အိန္ဒိယမှ ချင်းပြည်နယ်သို့ လောင်စာဆီ (ဓာတ်ဆီ၊ ဒီဇယ်) နှင့် ဆေးဝါးများ တင်ပို့မှု ပိုမိုမြင့်တက် ခဲ့သည်။
မီဇိုရမ်ပြည်နယ်မှ မရှိမဖြစ်လိုအပ်သော ကုန်စည်များကို လမ်းကြောင်းများစွာဖြင့် ဆက်လက် ထောက်ပံ့နေခြင်း ကြောင့် ချင်းပြည်နယ်တွင် ဆိုးရွားသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းသည် အဆိုးဆုံး အခြေအနေအထိ ရောက်ရှိခဲ့ခြင်းမရှိသေးပေ။
စျေးနှုန်းများ မြင့်တက်မှုနှင့် ဝယ်လိုအားများသည် တစ်ခါတစ်ရံ အပြောင်းအလဲ ဖြစ်တတ်သော်လည်း နယ်စပ် နှစ်ဘက်ရှိ လူမျိုးစု အသိုင်းအဝိုင်းများကြားတွင် နီးကပ်သည့် ဆက်ဆံရေးများ ရှိနေခြင်းကြောင့် အခက်အခဲ အချို့ကို ပြေလည်စေခဲ့သည်။
မီဇို-ကူကီး-ဇို လူမျိုးစုများ နေထိုင်သည့် မီဇိုရမ်ပြည်နယ် အပါအဝင် ဆက်စပ်နေသော အိန္ဒိယပြည်နယ်များ ဖြစ်သော မဏိပူရ၊ အာသံနှင့် တြိပူရ ပြည်နယ်များ အားလုံးကို စုစည်းကာ “မဟာမီဇိုရမ်ပြည်နယ်” ကို ထူထောင်ရန် တောင်းဆိုမှုသည် မကြာသေးမီ နှစ်များအတွင်း အားကောင်းလာခဲ့သည်။
ထိုအယူအဆသည် လွန်ခဲ့သော ဆယ်စုနှစ်များစွာ ကတည်းက ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
မီဇိုရမ်ပရာဒက်ရှ် လွှတ်တော်ကော်မတီသည် ၎င်း၏ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် မဟာမီဇိုရမ်ပြည်နယ်အတွက် တောင်းဆိုမှုကို ထည့်သွင်းထားသည်။
မီဇိုအမျိုးသားတပ်ဦး (MNF) သည် ၁၉၈၆ ခုနှစ် မီဇိုသဘောတူညီချက် ရရှိစေခဲ့သည့် အိန္ဒိယအစိုးရနှင့် ဆွေးနွေး မှုများ ပြုလုပ်ခဲ့ချိန်က အဆိုပါ နယ်မြေများ ပေါင်းစည်းရေးကိစ္စကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ မေလက မဏိပူရပြည်နယ်တွင် ဖြစ်ပွားခဲ့သော လူမျိုးရေး ပဋိပက္ခများကြောင့် ကူကီး-ဇို ကျေးရွာ များမှ လူပေါင်း ၁၀,၀၀၀ ခန့်သည် ၎င်းတို့၏ အိုးအိမ်များမှ ထွက်ပြေးတိမ်းရှောင်ခဲ့ကာ မီဇိုရမ်ပြည်နယ်တွင် ခိုလှုံခဲ့ရပြီးနောက် မဟာမီဇိုရမ်ပြည်နယ် ထူထောင်ရေး အယူအဆသည် ပိုမိုအားကောင်းလာခဲ့သည်။
ထိုအယူအဆသည် ၂၀၂၄ ခုနှစ် မီဇိုရမ်ပြည်နယ် ရွေးကောက်ပွဲများတွင်လည်း မဲဆွယ်စည်းရုံးရေးဆိုင်ရာ ကိစ္စ တစ်ခု ဖြစ်လာခဲ့ပြီး နိုင်ငံရေးပါတီ အားလုံးသည် လူမှုအသိုင်းအဝိုင်းအားလုံးကို ပေါင်းစည်းရန် အချေအတင် ငြင်းခုံဆွေးနွေးခဲ့ကြသည်။
မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ချင်းသူပုန် ၂ ဖွဲ့ပေါင်းစည်းရေး ဆွေးနွေးအပြီးတွေ့ရစဉ်
၂၀၂၁ ခုနှစ်က မြန်မာနိုင်ငံမှ ဒုက္ခသည်များ ဝင်ရောက်မှုကို တားဆီးရန် ထုတ်ပြန်ခဲ့သည့် အိန္ဒိယပြည်ထဲရေး ဝန်ကြီးဌာန၏ အမိန့်ကို မီဇိုရမ်ပြည်နယ်အစိုးရက ငြင်းပယ်ခဲ့သည်။
ထို့နောက် ပြည်နယ်တွင်းရှိ ရပ်ရွာလူထုနှင့် နိုင်ငံရေးခေါင်းဆောင်များက ချင်းတော်လှန်ရေးအဖွဲ့များအကြား ပြည်နယ်တွင်း တွေ့ဆုံပွဲများ ကျင်းပခဲ့ကာ တပ်မတော်ကို ဆန့်ကျင်နေသည့် ချင်းတော်လှန်ရေးအဖွဲ့များအား စည်းလုံးညီညွတ်စေခဲ့သည်။
ပြီးခဲ့သည့်နှစ်က အိုင်ဇောလ် (Aizawl) မြို့တော်အခြေစိုက် ဇိုမီးပြန်လည်ပေါင်းစည်းရေးအဖွဲ့ (ZORO) သည် ချင်းပြည်နယ်အတွင်း ဇိုမီးတော်လှန်ရေးအဖွဲ့ (ZRO) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ကြား တိုက်ခိုက်မှုများ အဆုံးသတ်ရန်နှင့် ငြိမ်းချမ်းရေး ရရှိစေရန် ကြားဝင်စေ့စပ်ပေးသည့် အစည်းအဝေးကို ကျင်းပပေးခဲ့သည်။
ထိုကြိုးပမ်းမှုကြောင့် လက်နက်ကိုင် တိုက်ပွဲများကို ရှောင်ရှားရန် နှစ်ဖက်ခေါင်းဆောင်များ၏ ကတိကဝတ် များနှင့်အတူ သဘောတူညီမှု ရရှိခဲ့ကြသည်။
ယခုလအစောပိုင်းတွင် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် လာဒူဟိုမာ (Lalduhoma) သည် ချင်းပြည်နယ်ရှိ လက်နက်ကိုင်အဖွဲ့အချို့မှ ခေါင်းဆောင်များကို ဖိတ်ကြားကာ အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုများကို အဆုံးသတ်ရန် ရည်ရွယ်ပြီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
ချင်းပြည်ကောင်စီ (CC) နှင့် နိုင်ငံတကာ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့သည် ဖေဖော်ဝါရီ ၂၇ ရက်က ပေါင်းစည်းညီညွတ်သော ချင်းအမျိုးသားကောင်စီကို ဖွဲ့စည်းရန် သဘောတူညီခဲ့ကြသည်။
ထိုသဘောတူညီချက် မတိုင်မီကလည်း (K. Vanlalvena) က ချင်းပြည်နယ်ရှိ ချင်းပြည်ကောင်စီရုံးသို့ မီဇိုရမ်ပြည်နယ် လွှတ်တော်အမတ် ကေ ဗန်လာဗီနာ သွားရောက်ခဲ့ပြီး အိန္ဒိယနိုင်ငံနှင့်ပူးပေါင်းရန် ဖိတ်ကြားခဲ့သည်။
မြန်မာတပ်မတော်ကမူ အိန္ဒိယနိုင်ငံရေး သမားများအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေနိုင်သည့် “ကိုယ်ကျိုးစီးပွားရှာမှုများ” ကို ရှောင်ရှားရန် တိုက်တွန်းထားသည့် ကြေညာချက်ဖြင့် ပြင်းထန်စွာ တုန့်ပြန်ခဲ့သည်။
အချုပ်ဆိုရပါမူ မီဇိုရမ်ပြည်နယ်၏ နယ်စပ်ဖြတ်ကျော် ပံ့ပိုးကူညီမှုကြောင့် မြန်မာ့တပ်မတော် အနေဖြင့် ချင်းပြည်နယ်ကို လွယ်ကူစွာ ပြန်လည် ထိန်းချုပ်နိုင်မည်မဟုတ်ပေ။
ထို့ကြောင့် ချင်းပြည်နယ်ကို မီဇိုရမ်ပြည်နယ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်သွားနိုင်မည့် အရေးကို အချိန်မီ တားဆီးရန် လိုအပ်သည်ကို သတိချပ်သင့်ပေသည်။
Source: The Diplomat