CNI Sport Article
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၀
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မထင်မှတ်ထားလောက်အောင် ရလဒ် ကောင်းတွေ ရရှိထားပြီး ထိပ်ဆုံးနေရာက ဦးဆောင်နေတဲ့ လီဗာပူးလ်အသင်းထက် ၁ ပွဲပို ကစားကာ ရမှတ် ၆ မှတ်လျော့နဲ့ အမှတ်ပေးဇယားအဆင့် ၃ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ အဆင့် ၂ နေရာက အာဆင်နယ်အသင်းနဲ့ ရမှတ်တူညီနေပြီး ဂိုးကွာခြားချက် ကြောင့် အဆင့် ၃ နေရာမှာ ရပ်တည်နေတာပါ။
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် ၁၇ နေရာ ရပ်တည်ကာ တန်းဆင်းမယ့် အခြေအနေကနေ လွတ်မြောက်ခဲ့ပေမယ့် ဒီရာသီမှာတော့ ထိပ်ဆုံး ၃ သင်းထဲကို ဝင်ရောက်လာ ခဲ့တာ ဖြစ်ပါတယ်။
နော်တင်ဟမ်ဖောရက်စ်နဲ့ လီဗာပူးလ်အသင်း ယှဉ်ပြိုင်နေစဉ်
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝုလ်ဗ်စ်အသင်းကို အဝေးကွင်း မှာ ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် အမှတ်ပေးပြိုင်ပွဲမှာ ၆ ပွဲဆက်တိုက် နိုင်ပွဲရရှိခဲ့တာပါ။
နော်တင်ဟမ်ဖောရက်စ်အသင်းရဲ့ ဒီနိုင်ပွဲတွေမှာ ယူနိုက်တက်၊ ဗီလာ၊ စပါး၊ အိမ်ကွင်း မာကျောတဲ့ ဘရန်ဖို့ဒ်၊ အဲဗာတန်နဲ့ ဝုလ်ဗ်စ်အသင်းတို့ ပါဝင်ခဲ့တာဖြစ်ပါတယ်။
နော်တင်ဟမ်ဖောရက်စ်အသင်းရဲ့လက်ရှိပုံစံတွေကြောင့် သူတို့ဟာ ၂၀၁၅-၁၆ ရာသီက ဘယ်သူမှ မထင်မှတ်ထား ဘဲ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့တဲ့ လက်စတာအသင်းလို ဖြစ်နိုင်မလားဆိုပြီး ထင်ကြေးပေးမှုတွေလည်း ထွက်ပေါ်လာခဲ့တာပါ။
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ လီဗာပူးလ်အသင်းကို အနိုင်ယူထားတဲ့ တစ်သင်းတည်းသော အသင်းဖြစ်ပြီး လာမယ့်တွေ့ဆုံမှုမှာ ထပ်ပြီး အနိုင်ရခဲ့မယ်ဆိုရင် ချန်ပီယံဆုအတွက် ပြိုင်ဆိုင်မှုမှာ ပါဝင်လာမယ်လို့ လီဗာပူးလ်အသင်းဂန္ထဝင် ကာရေဂါက ပြောခဲ့ပါတယ်။
လက်စတာအသင်းနဲ့ နော်တင်ဟမ်ဖောရက်စ်ကို နှိုင်းယှဉ်ပြထားစဉ်
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၀ ကစားအပြီးမှာ ရမှတ် ၄၀ ရရှိထားမှုက ၂၀၁၅-၁၆ ရာသီက ပရီးမီးယားလိဂ်ပွဲစဉ် ၂၀ ကစားအပြီး ရမှတ် ၄၀ ရရှိခဲ့တဲ့ လက်စတာအသင်းနဲ့ တူညီနေခဲ့တာဖြစ်ပါတယ်။
လက်စတာအသင်းဟာ ပွဲစဉ် ၂၀ ကစားအပြီးမှာ အဆင့် ၂ နေရာ ရပ်တည်ခဲ့ပေမယ့် ရာသီကုန်ချိန်မှာ အာဆင်နယ် အသင်းကို ၁၀ မှတ် အသာရကာ ချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့တာပါ။
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ လက်ရှိအချိန်မှာ အဆင့် ၃ နေရာ ရပ်တည်နေပေမယ့် အဆင့် ၂ နေရာက အာဆင်နယ်အသင်းနဲ့ ရမှတ်တူနေတဲ့အတွက် လက်စတာအသင်းလို ရာသီကုန်ချိန်မှာ ဆုဖလားရယူနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
နော်တင်ဟမ်ဖောရက်စ်အသင်းသားတွေကို တွေ့ရစဉ်
ဒါပေမယ့် ပရီးမီးယားလိဂ်ဖလားကို နော်တင်ဟမ်ဖောရက်စ်အသင်း ရယူနိုင်ဖို့က ဖြစ်နိုင်ခြေနည်းတယ်လို့ သုံးသပ် နေကြပေမယ့် ဘောလုံးမှာ ဘယ်အရာမှ ကြိုပြီးတော့ ပြောလို့မရပါဘူး။
အဲဒါကြောင့် နော်တင်ဟမ်ဖောရက်စ် အသင်းအနေနဲ့ သူတို့ရဲ့ခြေစွမ်းနဲ့ ရလဒ်တွေကို ပုံမှန်အတိုင်း ထိန်းနိုင်မယ် ဆိုရင် မျှော်လင့်ချက် အများအပြားကို ဆက်ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ပရီးမီးယားလိဂ် ဆုဖလားကို စိန်မခေါ်နိုင်ရင်တောင် လက်ရှိပုံစံအတိုင်းဆိုရင် ၁၉၉၅-၉၆ နောက်ပိုင်း ပထမဆုံးအကြိမ် ဥရောပဘောလုံးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ရှိနေပါတယ်။
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ် ၅ ပွဲအဖြစ် လီဗာပူးလ်၊ ဆောက်သမ်တန်၊ ဘုန်းမောက်၊ ဘရိုက်တန်၊ ဖူလ်ဟမ်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာပါ။
လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့်ပွဲစဉ်က နော်တင်ဟမ်ဖောရက်စ် အသင်းအတွက် ကြီးမားတဲ့ စမ်းသပ်မှုဖြစ်ပြီး ဒါကို ကျော်ဖြတ်နိုင်ရင် သူတို့ဟာ လက်စတာအသင်းလိုမျိုး လုပ်ပြနိုင်မယ့် ယုံကြည်မှုတွေ ပိုပြီးတိုးလာမှာလည်း ဖြစ်ပါတယ်။