CNI International Article    

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၂

ဖိလစ်ပိုင်နှင့် တရုတ်တို့သည် ၂၀၁၆ ခုနှစ်မှ ၂၀၂၂ ခုနှစ်အကြား မဖော်ပြနိုင်သော “လူကြီးလူကောင်းဆန်သည့် သဘောတူညီချက်”  (Gentleman's Agreement) ကို ရရှိခဲ့ကြောင်း ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး (Rodrigo Duterte) ၏ ပြောရေးဆိုခွင့်ရှိသူက ၂၀၂၄ ခုနှစ်၊ ဧပြီလတွင် ပြောကြားခဲ့သည်။

ထိုသဘောတူညီချက်အရ အနောက် ဖိလစ်ပိုင်ပင်လယ်တွင် ရှိရင်းစွဲ အခြေအနေကို တရုတ်က စိန်ခေါ်မည် မဟုတ်ဘဲ ဖိလစ်ပိုင်သည် အာယွန်ဂင် သောင်ခုံ (Ayungin Shoal) ရှိ ၎င်း၏ စစ်မှုထမ်းများနှင့် အဆောက်အအုံ များဆီသို့ အခြေခံထောက်ပံ့ရေး ပစ္စည်းများကိုသာ ပေးပို့ရမည်ဖြစ်သည်။

သို့သော် ယခုအခါ ဖိလစ်ပိုင်သည် ဒေသတွင်း တရုတ်၏ မဟာဗျူဟာ ရည်မှန်းချက်များကို တွန်းလှန်ရာတွင် မရှိမဖြစ် အရေးပါသည့် နိုင်ငံတစ်ခုအဖြစ် ပေါ်ထွက်လာပြီး ပင်လယ်ရေကြောင်း ထိပ်တိုက်တွေ့မှုများနှင့် ဥပဒေသစ်များ ထုတ်ပြန်မှုမှတဆင့် ဖိလစ်ပိုင်၏ ရေကြောင်းပိုင်နက်ဆိုင်ရာ တောင်းဆိုမှုများကို သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာ၏ အစိုးရအဖွဲ့က ကြေညာလျက်ရှိသည်။

တရုတ်ကမ်းခြေစောင့်ရေယာဉ်ကိုတွေ့ရစဉ်

ဖိလစ်ပိုင်သည် ပြည်တွင်းတွင် ကြီးမားသည့် ပြသနာများနှင့် ရင်ဆိုင်နေရချိန်၌ ထိုအခြေအနေများ ပေါ်ပေါက် လာခဲ့ခြင်းဖြစ်သည်။

မကြာသေးမီက အဂတိလိုက်စားမှု၊ ငွေကြေးခဝါချမှု၊ သူလျှိုမှု စွဲချက်များနှင့် စွပ်စွဲခံခဲ့ရသည့် မြို့တော်ဝန်ဟောင်း အလိုက်စ်ဂူ (Alice Guo) ၏ အမှုပေါ်ပေါက်ခဲ့သည်။  

ထိုအမှုက ဖိလစ်ပိုင်၏ ပြည်တွင်းရေးတွင် အဂတိလိုက်စားမှု ပြဿနာသည် တရုတ်၏ လွှမ်းမိုးမှုကို တန်ပြန်ရာ တွင် အားနည်းချက် ဖြစ်စေခဲ့ကြောင်း ပြသရာရောက်ခဲ့သည်။

ဖိလစ်ပိုင်အနေဖြင့် ၎င်း၏ အနာဂတ်နှင့် အရှေ့တောင်အာရှ တည်ငြိမ်ရေးကို ပုံဖော်ပေးနိုင်သည့် ထိုစိန်ခေါ်မှုကို  မည်သို့ ကိုင်တွယ်ဖြေရှင်းသွားမည်ဆိုခြင်းကို စောင့်ကြည့်ရမည်ဖြစ်သည်။

တရုတ်သည် ဖိလစ်ပိုင် ခေါင်းဆောင်များအား သြဇာလွှမ်းမိုးရန် စစ်ရေးအရ ဆောင်ရွက်မှုများအပြင် ရင်းနှီးမြှုပ်နှံ မှုများကို အသုံးပြုကာ တရုတ်ကိုလိုလားသည့် သဘောထားမျိုး ပြောင်းလဲလာစေရန် တွန်းအားပေးလျက်ရှိသည်။

ထိုလုပ်ဆောင်ချက်သည် ရင်းနှီးမြှုပ်နှံမှုများ၊ စီးပွားရေး သဘောတူညီချက်များနှင့် စီးပွားရေး မက်လုံးများဖြင့် အခြားနိုင်ငံများ၏ အထက်တန်းလွှာများကို ပစ်မှတ်ထားပြီး သြဇာလွှမ်းမိုးချင်သည့် တရုတ်နိုင်ငံ၏ ကမ္ဘာလုံး ဆိုင်ရာ မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

တရုတ်သမ္မတနဲ့ဖိလစ်ပိုင်သမ္မတကို တွေ့ရစဉ်

ဖိလစ်ပိုင်သည် ၂၀၂၅ ခုနှစ် သက်တမ်းဝက် ရွေးကောက်ပွဲနှင့် ၂၀၂၈ ခုနှစ် သမ္မတရွေးကောက်ပွဲများ နီးကပ် လာသည်နှင့်အမျှ တရုတ်သည် ၎င်း၏ချဉ်းကပ်မှုများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးလိုသည့် ဖိလစ်ပိုင် ခေါင်းဆောင်များနှင့် ခင်မင်ရင်းနှီးရန် သို့မဟုတ် ဩဇာလွှမ်းမိုးရန် ကြိုးပမ်းလိမ့်မည်ဖြစ်သည်။

ထိုအခြေအနေတွင် တရုတ်နိုင်ငံ၏ အုပ်ချုပ်ပုံစနစ်၊ အစိုးရ၏ ထိန်းချုပ်မှုနှင့် လူထုကို စောင့်ကြည့်သည့်စနစ် အစရှိသည့် တရုတ်၏စနစ်များကို လက်ခံပြီး လိုက်နာကျင့်သုံးမည့် ဖိလစ်ပိုင်အစိုးရအဖွဲ့သစ် ပေါ်ပေါက်လာ နိုင်သည်။

ထိုသို့သော အစိုးရမျိုးသည် အတိုက်အခံများကို နှိမ်နှင်းရာတွင် တရုတ်၏ နည်းလမ်းများအား အသုံးပြုနိုင်မည် ဖြစ်ပြီး ထိုလုပ်ဆောင်မှုများအတွက် တာဝန်မယူဘဲ ခေါင်းရှောင်နိုင်ရန် တရုတ်၏ အရှိန်အဝါနှင့် နိုင်ငံရေး အကူအညီများကို ရယူနိုင်မည်ဖြစ်သည်။

ဖိလစ်ပိုင်ပြည်သူများ၏ အကျိုးကို ထမ်းဆောင်ရမည့် အင်စတီကျူးရှင်းများသည်လည်း အတိုက်အခံများနှင့် ဝေဖန်ရေးသမားများကို စောင့်ကြည့်မှု၊ တားမြစ်ကန့်သတ်မှုများ ပြုလုပ်သည့် လက်ကိုင်တုတ်များ ဖြစ်လာနိုင်ပြီး တရုတ်သည် အရှေ့တောင်အာရှတွင် ဖိလစ်ပိုင်ကို ခိုင်မာစွာ ခြေကုပ်ယူနိုင်မည့် အခွင့်အရေး ရလာမည်ဖြစ်သည်။

တရုတ်သည် သတင်းအချက်အလက် စစ်ဆင်ရေးများကို တစ်ကမ္ဘာလုံးတွင် တိုးမြှင့်လုပ်ဆောင်နေပြီး အမေရိကန် ဆန့်ကျင်ရေး ဝါဒဖြန့်မှုများနှင့် တရုတ်လိုလားသည့် အတွေးအမြင်များကို ပိုမိုမြှင့်တင်ရန် ဖိလစ်ပိုင်အား အစမ်း လေ့ကျင့်ရေး ကွင်းတစ်ခုအဖြစ် အသုံးပြုနေသည်။

ဖိလစ်ပိုင်လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးရေးလုပ်စဉ်

Facebook နှင့် TikTok ကဲ့သို့ လူမှုမီဒီယာများတွင် တရုတ်အကောင့်များသည် ဖိလစ်ပိုင်နှင့် အမေရိကန်ကြား ဆက်ဆံရေးကို မေးခွန်းထုတ်သည့် အကြောင်းအရာများကို မျှဝေခဲ့ကြပြီး ဖိလစ်ပိုင် လူ့အဖွဲ့အစည်းအတွင်း ယုံကြည်မှုများကို လျော့ကျစေခဲ့သည်။

ဖိလစ်ပိုင်၏ ပြည်တွင်းရေး ပြဿနာများကို အမြတ်ထုတ်ခြင်းဖြင့် တရုတ်သည် ၎င်း၏ ပင်လယ်ရေကြောင်း ဆိုင်ရာ လှုပ်ရှားမှုများနှင့်ပတ်သက်ပြီး ဖိလစ်ပိုင်အာဏာပိုင်များ၏ အာရုံကိုလွှဲရန် ရည်ရွယ်ထားသည်။

နောက်ထပ် အာရုံလွှဲနိုင်မည့် အရင်းအမြစ် တစ်ခုမှာ မူဆလင် မင်ဒါနာအို (Barmm) ဒေသရှိ Bangsamoro ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပြုလုပ်မည့် ရွေးကောက်ပွဲများဖြစ်သည်။

ဒေသတွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တုံ့ဆိုင်းနေခဲ့မည်ဆိုပါက ထိုဒေသသည် ဖိလစ်ပိုင်အစိုးရ၏ အာရုံစိုက်မှုနှင့် အခြား အခွင့်အလမ်းများကို ရရှိလိမ့်မည်ဖြစ်သည်။

အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုများသည် ဖိလစ်ပိုင်ရှိ တရုတ်၏ အကြီးစား အခြေခံ အဆောက်အအုံ စီမံကိန်းများနှင့် မယှဉ်နိုင်သော်လည်း အနောက်နိုင်ငံများ၏ အကူအညီသည် ဖိလစ်ပိုင်အတွက် နောက်ထပ် ရွေးချယ်စရာ တစ်ခု ဖြစ်လာနိုင်သည်။

ထိုမဟာဗျူဟာသည် ဖိလစ်ပိုင်၏ အချုပ်အခြာအာဏာကို အထောက်အပံ့ ဖြစ်စေရုံသာမက အင်ဒို-ပစိဖိတ် ဒေသရှိ အမေရိကန်မဟာမိတ်များ၏ ကွန်ရက်ကို အားကောင်းစေမည်ဖြစ်သည်။

တရုတ်သြဇာ လွှမ်းမိုးမှုကို တန်ပြန်ရန် အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များသည် ဦးစားပေး လုပ်ငန်းစဉ် ၄ ခုကို အာရုံစိုက်သင့်သည်။

ပထမအချက်မှာ အဂတိလိုက်စားမှုသည် အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှု တစ်ခုဖြစ်သောကြောင့် လုပ်ငန်း ပိုင်ဆိုင်မှု၊ ကြွေးမြီ စီမံခန့်ခွဲမှုနှင့် အစိုးရ၏ အသုံးစရိတ်နှင့် တင်ဒါခေါ်ယူရေး လုပ်ငန်းစဉ်များတွင် ပွင့်လင်းမြင် သာမှုရှိအောင် လုပ်ဆောင်သင့်သည်။

ထိုသို့ လုပ်ဆောင်ခြင်းဖြင့် တရားမျှတသည့် စီးပွားရေး ပတ်ဝန်းကျင်ကို ဖန်တီးပေးပြီး ဖိလစ်ပိုင် အဖွဲ့အစည်း များကို ပြည်ပ၏ ဝင်ရောက် စွက်ဖက်ခြင်းမှ ကာကွယ်ပေးနိုင်မည်ဖြစ်သည်။

ဒုတိယအချက်မှာ ရွေးကောက်ပွဲများ၏ ဂုဏ်သိက္ခာကို မြှင့်တင်ရမည်ဖြစ်သည်။ 

 တရုတ်ကို ကန့်ကွက်နေကြစဉ်

ရွေးကောက်ပွဲများကို ရေရှည် စောင့်ကြည့်ခြင်းသည် ပြည်ပ၏ သြဇာလွှမ်းမိုးမှုနှင့် အရင်းအမြစ်များ အလွဲသုံးစား လုပ်မှုကို ဖော်ထုတ်ရာတွင် အထောက်အကူဖြစ်စေပြီး၊ လုပ်ငန်းစဉ်များကို ပိုမိုပွင့်လင်းမြင်သာစေကာ ပြည်ပ၏ ဖိအားများကို ခံနိုင်ရည်ရှိစေမည်ဖြစ်သည်။

တတိယအချက်မှာ အမေရိကန်နှင့် ၎င်း၏မဟာမိတ်များသည် ဒေသန္တရအုပ်ချုပ်ရေးနှင့် လုံခြုံရေး အစီအစဉ်များ ကို ရန်ပုံငွေ ထောက်ပံ့ခြင်း အပါအဝင် မူဆလင် မင်ဒါနာအို (Barmm) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပံ့ပိုးပေးရန်ဖြစ်သည်။

နောက်ဆုံးအချက်မှာ ဖိလစ်ပိုင်၏ မဟာမိတ်များသည် ဖိလစ်ပိုင် နိုင်ငံသားများနှင့် အရာရှိများကို တရုတ်က စောင့်ကြည့်နေမှုကို တန်ပြန်ရန် ကူညီပေးရန် လိုအပ်သည်။ 

ဒစ်ဂျစ်တယ် အခွင့်အရေးများကို ကာကွယ်ရန် ဆိုက်ဘာလုံခြုံရေးနှင့် အစီအမံများအတွက် အမေရိကန်၏ ကူညီပေးမှုသည် တရုတ်၏ ဩဇာလွှမ်းမိုးရေး နည်းဗျူဟာများကို အားနည်းစေနိုင်ပြီး ဒစ်ဂျစ်တယ် ပလက်ဖောင်းများတွင် ပွင့်လင်းမြင်သာမှုကို မြင့်တက်စေရန် အထောက်အကူ ဖြစ်စေမည်ဖြစ်သည်။

တည်ငြိမ်ပြီး ဒီမိုကရေစီနည်းကျသော ဖိလစ်ပိုင်နိုင်ငံသည် အမေရိကန်၏ အကျိုးစီးပွားများနှင့် ဒေသတွင်း လုံခြုံရေးအတွက် အလွန်အရေးကြီးသည်။

အမေရိကန်နှင့် ၎င်း၏ အင်ဒို-ပစိဖိတ် မိတ်ဖက်နိုင်ငံများ အနေဖြင့် ဖိလစ်ပိုင်အား ၎င်း၏ ရေပိုင်နက်များတွင် သာမက ၎င်း၏နိုင်ငံရေးတွင်လည်း တရုတ်၏ ရန်လိုမှုကို တွန်းလှန်ရာ အတူတကွ ပူးပေါင်းကူညီပေးရမည် ဖြစ်သည်။

Source: ဘန်ကောက်ပို့စ်