CNI International News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၅
တူနီးရှားနိုင်ငံသား အများစုသဘောတူသည့် အချက်တစ်ခုရှိသည်။ ယင်းမှာ စီးပွားရေးသည် နိုင်ငံ၏အဓိက အားနည်းချက် ဖြစ်နေသည် ဆိုခြင်းပင်။
တော်လှန်ရေးအပြီး ၁၂ နှစ်အကြာတွင် စီးပွားရေးအပေါ် အားရကျေနပ်မှုမရှိခြင်း၊ နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ (IMF)မှ ချမှတ်ပေးသော အသုံးမတည့်သည့် ခြိုးခြံချွေတာရေး ဆောင်ရွက်ချက်များကို မျက်စိစံမှိတ် ကျင့်သုံးခြင်း စသည်တို့သည် တူနီးရှားနိုင်ငံတွင် ဒူပေနာပေခံနိုင်သော ဖွံ့ဖြိုးဆဲ ဒီမိုကရေစီစနစ် တည်ဆောက်ရေး အလား အလာအတွက် အဓိကကျသော စိန်ခေါ်မှုများအဖြစ် ကျန်ရှိနေဆဲ ဖြစ်သည်။
၂၀၁၁ တော်လှန်ရေး ပြီးချိန်ကတည်းက တူနီးရှားတွင် မည်သည့် အစိုးရတက်သည်ဖြစ်စေ တိုင်းပြည်တွင် ကာလ ရှည်ကြာ အမြစ်တွယ်နေသော စီးပွားရေးပြဿနာများကို ဖြေရှင်းရန် ခိုင်မာသည့် လုပ်ဆောင်ချက်များ ချမှတ် နိုင်ခဲ့ခြင်း မရှိပေ။
ထိုအားနည်းချက်က စီးပွားရေး ပြဿနာကို သက်ဆိုးရှည်စေခဲ့ရုံမက ဒီမိုကရေစီရေး ပဋိပက္ခအဖြစ် အသွင်ပြောင်း လဲ လာခဲ့သည်။ မကြာသေးခင်က ပြုလုပ်ခဲ့သည့် အာရပ်သဘောထား ညွန်ကိန်း (Arab Opinion Index) တွင် တူနီးရှားနိုင်ငံသားများသည် နိုင်ငံ၏ ငယ်ရွယ်နုနယ်သည့် ဒီမိုကရေစီ အဖွဲ့အစည်းများနှင့် လုပ်ငန်းစဉ်များအပေါ် ယုံကြည်မှု၊ ထောက်ခံမှု သိသိသာသာ ကျဆင်းလာသည်ကို ဖော်ပြနေသည်။
စီးပွားရေးတွင် တိုးတက်မှု ချို့ယွင်းသည့် အခြေအနေကလည်း တူနီးရှား နိုင်ငံသား အများစုတွင် မည်သည့် နိုင်ငံရေး အဖွဲ့အစည်းမဆို နိုင်ငံ၏သက်ဆိုးရှည် စီးပွားရေးကျဆင်းမှုကို ဖြေရှင်းနိုင်သည့် မူဝါဒများ ချမှတ်နိုင်မည် မဟုတ်ဆိုသည့် အယူအဆ ဖြစ်လာစေရန် ဖြစ်စေသည်။
ထိုကဲ့သို့ နိုင်ငံတွင်းမှ နိုင်ငံရေး အင်အားစုများ၏ လုပ်နိုင်စွမ်းအပေါ် ပြည်သူများ၏ ယုံကြည်ကိုးစားမှု မရှိခြင်း သည် သမ္မတကိုင်ဆာအစ် အပေါ် ပြည်သူများ ဆန့်ကျင်ရခြင်း၏ အဓိက အကြောင်းအရင်း ဖြစ်သည်။
တူနီးရှားနိုင်ငံအတွင်းက ဈေးရောင်းသူနဲ့ ဈေးဝယ်သူတစ်ဦးကိုတွေ့ရစဉ်
ကိုဗစ်ကူးစက်မှု အစောပိုင်း အခြေအနေများတွင် ကိုင်ဆာအစ်ကို ပြည်သူများက ၎င်းတို့၏ ဖြစ်နိုင်ဖွယ် ကယ်တင် ရှင်အဖြစ် ယုံကြည်ခဲ့ကြသည်။
အကျင့်ပျက် ခြစားမှုများကို တိုက်ဖြတ်ရန်၊ တရားဥပဒေစိုးမိုးရေးကို မြှင့်တင်ရန်၊ နိုင်ငံကို ပြုပြင်ပြောင်းလဲရန် စသော ကတိကဝတ်များကြောင့် ဆာအစ်သည် ၂၀၁၉ ခုနှစ်တွင် သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရသည်။
နှစ်နှစ်အကြာ အာဏာသိမ်းမှု တစ်ခုတွင် ဆာအစ်က အကြွင်းမဲ့အာဏာကို ရယူခဲ့ပြီးနောက် တူနီးရှားနိုင်ငံ၏ စီးပွားရေးမှာ ပြိုလဲရန် လက်တစ်ကမ်းအလို အနေအထားသို့ ရောက်ရှိသွားခဲ့သည်။
ထို့နောက် ဆင်းရဲမွဲတေမှုနှင့် အလုပ်လက်မဲ့နှုန်း မြင့်တက်လာကာ ငွေကြေးဖောင်းပွမှုနှုန်း မိုးထိလာရုံပင်မက အကျင့်ပျက် ခြစားမှု၊ နိုင်ငံရေးအရ အပေးအယူ လုပ်မှုတို့ ဆက်ရှိနေဆဲဖြစ်ပြီး IMF ကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်း များကိုပေးရန် အကြွေးပမာဏသည်လည်း အဆမတန် မြင့်တက်လာခဲ့သည်။
ပြောင်းလဲမှုများကို လှုံ့ဆော်ရန် အဆုံးအဆမဲ့ အာဏာကို အသုံးပြုခဲ့သော်လည်း ဆာအစ်သည် နိုင်ငံတွင်း သေရေးရှင်ရေးတမျှ ဖြစ်နေသော စီးပွားရေးနှင့် လူနေမှု အခြေအနေများကို ဖြေရှင်းရန် ထိရောက်မှုရှိသော ဆောင်ရွက်ချက်မျိုး မလုပ်ဆောင်ခဲ့ပေ။
တိုင်းပြည်၏ သက်ဆိုးရှည်နေသော ပြဿနာများအတွက် သင့်တော်သော ဖြေရှင်းမှုများကို ရှာဖွေရန် ကြိုးစားရ မည့်အစား ဆာအစ်သည် အစိုးရအပေါ် ဆန့်ကျင့်မှုများကို ဖိနှိပ်မှု၊ အကြမ်းဖက်မှု စသော နည်းလမ်းများဖြင့် ရှင်း လင်းခဲ့သည်။
၎င်း၏ အစိုးရသည် ဆန့်ကျင်ဆန္ဒပြသူများကို လူမဆန်စွာ နှိပ်ကွပ်ခဲ့ရုံမက၊ အတိုက်အခံ နိုင်ငံရေးသမားများကို ခရီးသွားလာခွင့် ပိတ်ပင်ခဲ့သည်။ ထို့နောက် လူမှုကွန်ယက်တွင် ဝေဖန်ရေးသားသည့် တက်ကြွ လှုပ်ရှားသူများ ကိုပင် ထောင်သွင်း အကျဉ်းချရန် ကြိုးပမ်းခဲ့သည်။
စီးပွားရေးကဏ္ဍတွင်လည်း ဆာအစ်၏ အာဏာရှင် အစိုးရသည် နိုင်ငံကို အကြွေးကင်းရှင်းရေးအတွက် IMF မှ ပိုက်ဆံချေးခြင်း မဟုတ်သော တခြားနည်းလမ်းများကို ရှာဖွေနိုင်ခဲ့ခြင်း မရှိပေ။ ဘင်အာလီအစိုးရ၏ အမှားများကို ထပ်ခါထပ်ခါ ကျူးလွန်ခြင်းဖြင့် ဆာအစ်သည် IMF ထံတွင် မျက်နှာကောင်း ရရေးအတွက် လိုအပ်သည့် မည်သည့် အရာကိုမဆို ချက်ချင်း လုပ်ဆောင်ရန် အသင့်အနေအထားသို့ ပြင်ဆင်ထားပုံရသည်။
တူနီးရှား သမ္မတကိုင်ဆာအစ်ကိုတွေ့ရစဉ်
ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံ ချေးငွေနှင့် ၂၀၂၃ ဘတ်ဂျက်နှစ်အတွက် ငွေကြေး ထောက်ပံ့ပေးရန် IMF နှင့် ကနဦး သဘောတူညီချက် ရရှိခဲ့ပြီးနောက် ဆာအစ် အစိုးရသည် လက်ရှိအချိန်တွင် သဘောတူညီချက် ချမှတ်နိုင်ရန် လိုအပ်ချက်အဖြစ် IMF က သတ်မှတ်ထားသော ပျက်စီးဆုံးရှုံးမှုများသည့် ချိုးခြံချွေတာရေး လုပ်ဆောင်ချက် အသစ်များကို ပြည့်မှီအောင် အရှိန်မြှင့်တင် ဆောင်ရွက်လာသည်။
ထိုလုပ်ဆောင်ချက်များတွင် အစားအစာနှင့် လောင်စာဆီ ထောက်ပံ့မှုကို လုံးဝရပ်ဆိုင်းခြင်း၊ ပြည်သူ့ကျန်းမာရေး၊ ပညာရေးနှင့် လူနေမှုကာကွယ်ရေး အသုံးစရိတ်များကို ဖြတ်တောက်ခြင်းအပြင် နိုင်ငံပိုင် လုပ်ငန်းများကို ပုဂ္ဂလိက လက်သို့ လွဲပြောင်းပေးခြင်းတို့အထိပါ ပါဝင်လာဖွယ် ရှိသည်။
ထိုသို့သော မူဝါဒများက တူနီးရှား၏ စီးပွားရေးကို ဆွဲတင်ရန် ပြည်သူများ ထိခိုက် ခံစားနေရမှုများအား အဆုံး သတ်ပေးရန် မစွမ်းသာသည်မှာ သေချာသည်။ ထိုအချက်များအပြင် ချိုးချံချွေတာရေး မူဝါဒများသည် တစ်ခါတစ် ရံတွင် သက်ဆိုင်ရာ ပြည်သူများအတွက် ကောင်းကျိုးထက် ဆိုးကျိုးကိုပို၍ ဖြစ်စေသည်ဟုလည်း IMF မှ ပညာရှင် များက ဝန်ခံသည်။
ထိုမူဝါဒများသည် မညီမျှမှုကို မြင့်တက်စေကာ ဆင်းရဲတွင်ကို ပိုနက်စေပြီး စီးပွားရေး အကြပ်အတည်း မကြာခဏ ဖြစ်စေရုံမက အလုပ်လက်မဲ့နှုန်း မြင့်တက်စေခြင်း၊ စီပွားရေး တိုးတက်နိုင်ခြေကို ကန့်သတ်ခြင်းတို့အပြင် လူမှုရေး ဆိုင်ရာ ပေါက်ကွဲမှုဖြစ်စေရန် အကောင်းဆုံး အခြေအနေများကိုလည်း ဖန်တီးပေးသည်။
ထိုသို့သော အခြေအနေမျိုး ဖြစ်နေသော်လည်း အဆိုးထဲမှ အကောင်းဖြစ်စေမည့် အနေအထား တစ်ရပ်ရှိနေသေး သည်။
တူနီးရှားနိုင်ငံ၏ သမိုင်းတစ်လျှောက် တော်လှန်ရေးဆိုင်ရာ ဖြစ်စဉ်များသည် အာဏာရှင် အစိုးရများ၏ ထောက်ခံမှုဖြင့် IMF ၏ ကြားဝင်ဆောင်ရွက်မှုကို တားဆီးရန်ကြိုးစားရင်းဖြင့်အစပြုခဲ့ခြင်းပင် ဖြစ်သည်။
လက်ရှိ တူနီးရှားတွင် ဖြစ်ပွားနေသော ဆန္ဒပြမှုများသည် ချိုးခြံချွေတာရေး လမ်းစဉ်အပေါ် ကန့်ကွက် ဆန္ဒပြ ခဲ့ကြသည့် ယခင်ဖြစ်ရပ်များနှင့် ဆင်တူနေသည်။
၁၉၈၄ ခုနှစ်တွင် တူနီးရှား၌ ပေါင်မုန့်အဓိကရုဏ်း (bread riot) ပေါ်ပေါက်ခဲ့သည်။ IMF ဘက်မှ တောင်း ဆိုသည့် ပေါင်မုန့်ထောက်ပံ့ ခြင်းကို ရပ်တန့်လိုက်ခြင်းအပေါ် ပြည်သူများ ဆန့်ကျင်ကန့်ကွက်ခဲ့ရာ နိုင်ငံရေး ပဋိပက္ခအဖြစ် အသွင်ပြောင်းလာခဲ့ပြီး ၁၉၈၇ ဇိုင်းအယ်လ်အဘီဒိုင် ဘင်အာလီ (Zine El Abidine Ben Ali) ၏ အာဏာသိမ်းမှုကို ဖြစ်စေခဲ့သည်။
တူနီးရှားအလံများကိုတွေ့ရစဉ်
၂၀၀၈ ဂတ်ဖ်ဆာ (Gafsa) မြစ်ဝှမ်း သတ္တုတူးဖော်ရေး လူထုအုံကြွမှုသည် တူနီးရှားသမိုင်း တစ်လျှောက် အကျိုး သက်ရောက်မှု အများဆုံး ပုန်ကန်မှုများမှ တစ်ခုဖြစ်ခဲ့သည်။ တူနီးရှားနိုင်ငံ၏ အထင်ရှားဆုံး ၂၀၁၁ တော်လှန်ရေး သည် IMF ၏ နာမည်ဆိုးဖြင့် ထင်ရှားသော ဖွဲ့စည်းတည်ဆောက်ပုံရေးရာ အစီအစဉ်နှင့်အတူ ဘင်အာလီ အစိုးရ က လိုက်နာဆောင်ရွက်ခဲ့ရာမှ လှုံ့ဆော်မှု ပေါ်ပေါက်လာခဲ့ရခြင်း ဖြစ်သည်။
သမိုင်း အထောက်အထားများအရ IMF ဘက်မှ ချမှတ်ပေးသော ချိုးခြံချွေတာရေး မူဝါဒများကို ကျင့်သုံးမည့် ဆာအစ်၏ ဆုံးဖြတ်ချက်သည် ၎င်း၏အာဏာရှင် စနစ်နှင့် ဒီမိုကရေစီ မဆန်သော အစိုးရတို့၏ လည်ပင်းကို စွပ်မည့် ကြိုးကွင်းအဖြစ် အနှေးနှင့်အမြန် ပြောင်းလဲလာမည်ဖြစ်သည်။
ထိုသို့သော သမိုင်းဆိုင်ရာ သက်သေများစွာ ရှိသော်လည်း ဆာအစ်သည် ၎င်း၏ အာဏာရှင်စနစ်ကို သေချာပေါက် အဆုံးသတ်ပေးမည့် လူမှုရေးရာပေါက်ကွဲမှုကြီး တစ်ခုကို ဖြစ်လာမည့် သတိပေး ချက်များကို လျစ်လျူရှုထားပုံ ရသည်။
ဆာအစ် အစိုးရ၏ စီးပွားရေးပြဿနာများကို ပြေလည်အောင် မဖြေရှင်းနိုင်ခြင်း၊ IMF ၏ အန္တာရယ်များသော တောင်းဆိုမှုများအတိုင်း လိုက်ပါလုပ်ဆောင်ခြင်း စသည့် အခြေအနေများကြောင့် တူနီးရှားပြည်သူများသည် ၎င်း တို့၏ ဒီမိုကရေစီစနစ်ကို ကာကွယ်ရေးအတွက် နောက်ထပ် တစ်ကြိမ် ထပ်မံရုန်းထကြဦးမည်ဖြစ်ကာ ၎င်းတို့အ တွက် ကောင်းမွန် လုံလောက်မှုရှိသော အခြေအနေတစ်ရပ်ကိုဖန်တီးကြဦးမည်လည်းဖြစ်သည်။
တူနီးရှားတွင် နောက်ထပ် လူထုအုံကြွမှုကြီးတစ်ခု မကြာခင် ပေါ်ပေါက်လာတော့မည် ဖြစ်သည်။
Source: Aljazeera
Aljazeera သတင်းဌာနတွင် ဖော်ပြထားသော “Haythem Guesmi ၏ Another uprising is in the making in Tunisia” ဆောင်းပါးကို CNI သတင်းဌာနက ဆီလျှော်အောင် ဘာသာပြန်ဆိုထားပါသည်။