CNI Sport Article

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၇

စပါးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းကို အရေးနိမ့်ပြီးနောက် ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲစလုံး နိုင်ပွဲပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။ 

စပါးအသင်းဟာ ပြီးခဲ့တဲ့ ကာရာဘောင်းဖလားနဲ့ FA ဖလားပြိုင်ပွဲမှာ နိုင်ပွဲရယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာ ရလဒ်ကောင်းတွေ ပြန်ရယူနိုင်မယ်လို့ ထင်နေချိန်မှာ ရှုံးပွဲထပ်ပြီး ကြုံတွေ့ခဲ့တာပါ။ 

စပါးအသင်းဟာ ပရီးမီးယားလိဂ်မှာ နိုင်ပွဲတွေ ဆက်တိုက် ပျောက်နေတာကြောင့် အဆင့် ၄ အတွင်းကို ဝင်ရောက်ဖို့ထက် တန်းဆင်းဇုန်နဲ့တောင် ပိုပြီးနီးစပ်သွားခဲ့တယ်လို့ ပြောရမှာဖြစ်ပါတယ်။ 

စပါးအသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၉ ပွဲမှာ ရမှတ် ၅ မှတ်သာ ရယူနိုင်ခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၂၁ ပွဲ ကစားအပြီးမှာ ရှုံးပွဲ ၁၁ ပွဲအထိ ကြုံတွေ့ထားတာပါ။

စပါးအသင်းနည်းပြ ပိုစတီကိုဂလူးကို တွေ့ရစဉ်

စပါးအသင်းဟာ ခံစစ်ရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ ဂိုးသမား ဗီကာရီယို၊ နောက်ခံလူ ရိုမဲရိုး၊ ဗန်ဒီဗန်၊ အူဒိုဂီနဲ့ ဘန်ဒေးဗီးစ်တို့ ဒဏ်ရာရရှိနေတာကလည်း သူတို့ရလဒ်ဆိုးနေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ 

ဒါပေမယ့် သူတို့ရဲ့လက်ရှိလူစာရင်းနဲ့ အခုလောက်ထိ ရလဒ်မကောင်းတာကတော့ လက်ခံနိုင်စရာ မရှိဘူးဆိုတာ နည်းပြ ပိုစတီကိုဂလူး ကိုယ်တိုင်က ဝန်ခံထားတာပါ။

နယူးကာဆယ်အသင်း တိုက်စစ်မှူးဟောင်း အလန်ရှီးယားက စပါးအသင်းရဲ့ပုံစံဟာ ကလပ်အသင်း ပရိသတ်တွေ အတွက် စိုးရိမ်စရာ ဖြစ်လိမ့်မယ်လို့ ပြောထားပါတယ်။ 

စပါးအသင်း ပရိသတ်တွေဟာ ပြီးခဲ့တဲ့ပွဲတွေမှာ ရလဒ်ဆိုးတွေကြောင့် နည်းပြပိုစတီကိုဂလူးကို လှောင်ပြောင်မှု တွေ ရှိခဲ့ကြတာပါ။ 

စပါးအသင်းနဲ့ အာဆင်နယ်အသင်း ယှဉ်ပြိုင်နေစဉ်

ပိုစတီကိုဂလူးက သူဟာ ကိုင်တွယ်တဲ့ အသင်းတိုင်းမှာ ဒုတိယရာသီ ရောက်တိုင်း ဆုဖလားတွေ ရယူပေးနိုင်ခဲ့ တယ်လို့ ပြောထားပေမယ့် စပါးအသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် သူ့ရဲ့မှတ်တမ်းကောင်းတွေဟာ ရပ်တန့်သွား နိုင်ပါတယ်။ 

၂၀၀၇-၀၈ ရာသီက လိဂ်ဖလား ရယူပြီးနောက်ပိုင်း ဆုဖလားတွေနဲ့ ဝေးကွာခဲ့တဲ့ စပါးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်ဆိုးနေပေမယ့် ဖလားပြိုင်ပွဲတွေမှာတော့ ဆုဖလားရယူနိုင်မယ့် မျှော်လင့်ချက်တွေ ရှိနေသေးတာပါ။

စပါးအသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ရှိနေသေးသလို ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်ပထမအကျော့မှာ လီဗာပူးလ်အသင်းကို အနိုင်ရရှိထားပြီး FA ဖလားပြိုင်ပွဲမှာလည်း စတုတ္ထအဆင့်ကို တက်နိုင်ခဲ့တာဖြစ်ပါတယ်။ 

ပိုစတီကိုဂလူးက စပါးအသင်းဟာ လက်ရှိအချိန်မှာ ရလဒ်တွေ ဆိုးနေပေမယ့် မကြာခင်မှာ ရလဒ်ကောင်းတွေ ပြန်လည်ရရှိလာမယ်လို့ ယုံကြည်မှုရှိနေတာပါ။ 

စပါးအသင်းကို တွေ့ရစဉ်

စပါးအသင်းဟာ ရလဒ်ကောင်းတွေ ပြန်မရဘူးဆိုရင် ပိုစတီကိုဂလူးရဲ့ အနာဂတ်ကလည်း ရေရာမှုရှိမှာ မဟုတ်တော့ပါဘူး။ 

အဲဒါကြောင့် ပိုစတီကိုဂလူး အနေနဲ့ လာမယ့်ပွဲတွေမှာ စပါးအသင်းကို မဖြစ်မနေ အနိုင်ရလဒ်တွေရရှိအောင် ကိုင်တွယ်ပေးဖို့ လိုအပ်နေတာပါ။ 

စပါးအသင်းဟာ လာမယ့် ရက်ပိုင်းအတွင်းမှာ ပရီးမီးယားလိဂ်၊ ယူရိုပါလိဂ်၊ ကာရာဘောင်းဖလားနဲ့ FA ဖလား ပြိုင်ပွဲတွေ ဆက်တိုက် ယှဉ်ပြိုင်ရဖို့ရှိနေတာကလည်း သူတို့အတွက် စိန်ခေါ်မှုအဖြစ်ရှိနေပါတယ်။ 

စပါးအသင်းအနေနဲ့ ဒီစိန်ခေါ်မှုတွေကို ကျော်ဖြတ်ပြီး ရလဒ်ဆိုးတွေကနေ ရုန်းထွက်နိုင်မလားဆိုတာ လာမယ့်ပွဲ တွေကို စောင့်ကြည့်ရတော့မှာပါ။ 

စပါးအသင်းအတွက် အနီးစပ်ဆုံး ကျော်ဖြတ်ရမယ့် ပွဲစဉ်ကတော့ တန်းဆင်းဇုန်ထဲကို မကျရောက်ဖို့ ရုန်းကန် နေရတဲ့ အဲဗာတန်အသင်းနဲ့ ပွဲစဉ်ဖြစ်လို့ ခက်ခဲတဲ့ရင်ဆိုင်မှုနဲ့ ကြုံတွေ့ရမှာပဲ ဖြစ်ပါတယ်။