CNI Sport Article

၂၀၂၅ ခုနှစ်၊ မတ်လ ၁၄

ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် ပြသနေတဲ့ ဆာလက်ရဲ့ စွမ်းဆောင်ရည်ဟာ Ballon d'Or ဆုကို ရယူနိုင်ဖို့ လုံလောက်တဲ့ အခြေအနေမှာ ရှိတယ်ဆိုတာ အများအပြားက လက်ခံထားကြပါတယ်။ 

အသက် ၃၂ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဆာလက်ဟာ ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် ၄၂ ပွဲ ကစားထားပြီး ၃၂ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၂၂ ကြိမ် ပြုလုပ်ထားတာပါ။ 

ဒါဟာ ဆာလက်ရဲ့ ကစားသမားဘဝမှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေထဲက တစ်ခုဖြစ်သလို လီဗာပူးလ် အသင်းရဲ့ ရလဒ်ကောင်းမွန်မှုတွေကြောင့် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကို မျှော်လင့်ခွင့် ရှိလာခဲ့ပါတယ်။

ဒါပေမယ့် ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲနဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ထိပ်ဆုံးနေရာ ရပ်တည်ခဲ့တဲ့ လီဗာပူးလ် အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ပီအက်စ်ဂျီအသင်းကို ပင်နယ်တီနဲ့ အရေးနိမ့်ပြီး ထွက်ခွာခဲ့ရပါတယ်။ 

ဆာလက်ဟာ ပီအက်စ်ဂျီအသင်းနဲ့ ကစားခဲ့တဲ့ နှစ်ကျော့စလုံးမှာ အကောင်းဆုံး ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ ရတာပါ။ 

ဆာလက်ကို တွေ့ရစဉ်

ချန်ပီယံလိဂ် ပြိုင်ပွဲကနေ လီဗာပူးလ်အသင်း စောစီးစွာ ထွက်ခွာခဲ့ရတာကြောင့် Ballon d'Or ဆုရဖို့ ဆာလက်ရဲ့ ရေပန်းစားမှုဟာ လျော့ကျသွားခဲ့တာဖြစ်ပါတယ်။

အစောပိုင်းက Ballon d'Or ဆုရဖို့ ရေပန်းစားနေတဲ့ သူတွေထဲမှာ ဆာလက်က ထိပ်ဆုံးနေရာ ရပ်တည်နိုင်ခဲ့ ပေမယ့် ချန်ပီယံလိဂ်ကနေ ထွက်ခွာရမှုက သက်ရောက်မှုတွေ ရှိလာခဲ့တာပါ။ 

အာဆင်နယ်အသင်း ဂန္ထဝင်ဖြစ်တဲ့ အွန်နရီက လက်ရှိအချိန်မှာ ဘာစီလိုနာအသင်း တောင်ပံကစားသမား ရာဖင်ညာက ဆာလက်ထက် Ballon d'Or ရဖို့ ပိုပြီးပြည့်စုံတဲ့သူလို့ သုံးသပ်သွားခဲ့ပါတယ်။

Ballon d'Or ဆုကို နိုင်ငံအသင်းနဲ့ ဒါမှမဟုတ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှု ရယူတဲ့သူတွေသာ အများဆုံး ရရှိခဲ့လို့ ဆာလက်အတွက် မျှော်လင့်ချက်နည်းလာခဲ့တာပါ။

ဒါပေမယ့် ဘောလုံးရာသီပြီးဆုံးဖို့ လိုအပ်နေသေးတာကြောင့် အခြေအနေတွေဟာ အများကြီး ပြောင်းလဲသွားနိုင် တာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်တက်ခဲ့တဲ့ အသင်းတွေထဲမှာ ပီအက်စ်ဂျီအသင်းက ဒမ်ဘီလီ၊ ရီးရယ်လ်အသင်းက ဘတ်ပီနဲ့ ဗီနီစီးယက်စ်၊ ဘိုင်ယန်မြူးနစ်အသင်းက ဟာရီကိန်းတို့ဟာ Ballon d'Or ရနိုင်တဲ့ စာရင်းထဲမှာ ပါဝင်နေ ကြတာပါ။ 

ဒါပေမယ့် သူတို့တွေဟာ ဆာလက်လို တစ်ရာသီလုံး တည်ငြိမ်တဲ့ စွမ်းဆောင်ရည်မျိုးကို ပြသနိုင်ခြင်းမရှိခဲ့တာ ဖြစ်ပါတယ်။ 

ဆာလက်နဲ့ ယှဉ်ပြိုင်ဘက်ကို တွေ့ရစဉ်

ဒမ်ဘီလီကတော့ ၂၀၂၅ ခုနှစ်ထဲမှာ အားလုံးထက်သာတဲ့ စွမ်းဆောင်ရည်မျိုးကို ပြသထားပေမယ့် Ballon d'Or ဆု အတွက် ဆာလာ အဓိကယှဉ်ပြိုင်ရမယ့်သူက ဘာစီလိုနာအသင်း တောင်ပံကစားသမား ရာဖင်ညာပါ။ 

ဘရာဇီးလ်တောင်ပံ ကစားသမား ရာဖင်ညာဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ၄၁ ပွဲ ကစားထားပြီး ၂၇ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၁၉ ကြိမ် ပြုလုပ်ထားတာ ဖြစ်ပါတယ်။ 

ဒီစွမ်းဆောင်ရည်ဟာ ရာဖင်ညာရဲ့ ကစားသမားဘဝမှာ အကောင်းဆုံးစွမ်းဆောင်ရည်ပါ။ 

ရာဖင်ညာရဲ့ဒီရာသီ ဘာစီလိုနာအသင်းအတွက် သွင်းယူထားတဲ့ ဂိုးတွေထဲမှာ ပင်နယ်တီ သွင်းဂိုးနည်းပါးခဲ့ပြီး ဆာလက်က ပင်နယ်တီ သွင်းဂိုးများနေတာကလည်း Ballon d'Or ဆုအတွက် အချက်တစ်ချက်အနေနဲ့ ရှိနေနိုင်တယ်လို့ အွန်နရီက မှတ်ချက်ပေးထားပါတယ်။

ဆာလက်ကို တွေ့ရစဉ်

ဘာစီလိုနာအသင်းဟာ ဒီရာသီမှာ ဆုဖလား ၃ လုံး ရယူနိုင်မယ့် လမ်းကြောင်းပေါ်မှာရှိနေပြီး လီဗာပူးလ် အသင်းက ဆုဖလား ၂ လုံးရယူနိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေတာပါ။ 

Ballon d'Or ဆု ရဖို့အတွက်ဆိုရင် ဆုဖလားနဲ့ အချက်အလက်တွေက အလွန်အရေးပါနေတာကြောင့် ရာသီ မကုန်ခင်အထိ ဆာလက်နဲ့ ရာဖင်ညာတို့ရဲ့ စွမ်းဆောင်ရည်ကို ဆက်ပြီး စောင့်ကြည့်ရဖို့ ရှိနေပါတယ်။

ဆာလက်အတွက် လက်ရှိအချိန်မှာ ပြုလုပ်ရမယ့်အရာက လီဗာပူးလ်အသင်းကို ကာရာဘောင်းဖလားနဲ့ ပရီးမီးယားလိဂ်ဖလား ရယူပေးဖို့ ဖြစ်ပြီး သူ့ရဲ့စွမ်းဆောင်ရည်ကို ရာသီအကုန်ထိ ဆက်ထိန်းရမှာပါ။ 

အဲဒါကြောင့် Ballon d'Or ဆုကို ဆာလက်ရဖို့ ထိုက်တန်ခြင်း ရှိ/မရှိဆိုတာ ရာသီကုန်ချိန်အထိ ပြသမယ့် စွမ်းဆောင်ရည်အပေါ် မူတည်နေမှာပဲ ဖြစ်ပါတယ်။