CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၁ 

လက်ရှိ မြန်မာနိုင်ငံတွင် ဓာတ်မြေဩဇာဈေးနှုန်းများ ကျနေသော်လည်း စိုက်ပျိုးရေးကုန်ကျစရိတ်များသည် ယခင် အတိုင်း မြင့်တက်နေဆဲ ဖြစ်သည်ဟု တောင်သူများက CNI သတင်းဌာနသို့ ပြောသည်။

ဓာတ်မြေဩဇာဈေး ကျသော်လည်း လယ်ယာသုံးစက်ပစ္စည်းများ၏ ဈေးနှုန်းများမှာ တက်နေဆဲဖြစ်သည့်အတွက် အခြေခံစိုက်ပျိုးရေး တောင်သူများအနေဖြင့် အခက်အခဲရှိနေနိုင်သေးကြောင်း ဧရာဝတီတိုင်းဒေသကြီးမှ လယ် သမားဘဝဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က ပြောသည်။

၎င်းက “ စက်နဲ့သုံးရတဲ့ ပစ္စည်းတွေ အားလုံး ဈေးတက်တယ်။ ဝန်ဆောင်မှု လုပ်ငန်းတွေကတော့ ဈေးတက်သွားပါ တယ်။ ကျန်တဲ့ သွင်းအားစုဖြစ်တဲ့ မြေဩဇာဈေးနှုန်းက မနှစ်ကထက်စာရင် ဒီနှစ်က နှစ်သောင်းဝန်းကျင် နှစ်သောင်းခွဲလောက် သက်သာပါတယ်။ အစောကြီး ကတည်းက အကြွေးနည်းတဲ့ တောင်သူ၊ လည်ပတ်ပြီးသား တောင်သူ အဖို့တော့ သိပ်အခက်အခဲမရှိပါဘူး။ ဒါပေမယ့် အနှစ်နှစ် အလလ ကြွေးက မပြုတ်သေး (အကြွေးက မကျေသေး)။ တောင်သူတွေ ကျတော့ ခါတိုင်းက မြေဩဇာစက်ခ ဘာညာ အားလုံး ဥပမာ တစ်ဧကကို ကောက် မရိတ်ခင် ဘာညာ လေးသိန်းကုန်တယ်၊ အခုဥစ္စာကျတော့ ဥပမာ ၃ သိန်းလောက် ကုန်မယ်ဆိုရင် ခုလောလော ဆယ်မှာ  ၅ သိန်း၊ ၆ သိန်း ကုန်မှာဖြစ်တဲ့အတွက် အဲဒီအတွက် ငွေပိုရှာရတာပေါ့။ ငွေပိုရှာရတဲ့အတွက် အတန်(အ တော်)တော့ ခက်ခဲပါတယ်။ အစိုးရဘက်က ပံ့ပိုးကူညီပေး။ ကူညီပေးနိုင်တဲ့ အရာတွေကို ၁ နှစ်၊ ၂ နှစ်လောက် ဆက်ပြီး ကူညီပေး လိုက်မယ်ဆိုရင်တော့ တောင်သူ ရာခိုင်နှုန်း တော်တော်များများ အဆင်ပြေသွားမှာပါ ”ဟု ပြောသည်။

လယ်သမားများ လယ်ယာသုံးစက်ပစ္စည်းနဲ့ လယ်ထွန်နေစဉ်

မြန်မာနိုင်ငံတွင် လက်ရှိမှာ သွင်းအားစုထဲက ဓာတ်မြေဩဇာဈေးများ ကျနေသော်လည်း စိုက်ပျိုးရေး ရာသီရောက် လာပါက ဈေးပြန်တက်နိုင်သည်ဟု ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားအသင်းဥက္ကဋ္ဌ ဦးကျော်ဇံက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လောလောဆယ်မှာတော့ ဈေးက မနှစ်က ဝန်းကျင်လောက်ပဲ ရှိသေးတယ်။ လက်ရှိ အခြေအနေထိပေါ့။ တက်လာနိုင်ချေရှိတယ်လို့ ကျနော်တို့ သုံးသပ်ထားတာ ရှိတယ်။ ဘာလို့လဲဆိုတော့ အဲဒီ ရာသီရောက်လာရင် အခုကတော့ လောလောဆယ် စုဆောင်းတဲ့ ကာလ စုဆောင်းတဲ့ အချိန်မို့လို့ ဈေးကတော့ သိပ်မကြီးသေးဘူး ဆိုတဲ့ သဘောပေါ့။ တကယ်သုံးရမယ့် ရာသီရောက်လာရင်တော့ အခုကြိုပြီး ဝယ်နေတဲ့သူတွေက ပိုက်ဆံရှိတဲ့ လယ်သမား အဲလောက်ပဲ ဝယ်နိုင်တဲ့အတွက်ကြောင့် ဈေးက သိပ်မြင့်နိုင်တဲ့ အနေအထားမရှိဘူး။ မဖြစ်မနေ ဝယ် ရမယ့် အချိန်ရောက်ရင် ဈေးက ပိုလာလိမ့်မယ်။ မနှစ်က ကြိုပြီးတော့ ရောက်တဲ့ရာသီနဲ့ ယှဥ်ရင်တော့ ဈေးက နည်းနည်းလောက်ပေါ့ ထောင်ဂဏန်းပါ။ သိပ်များများ စားစားတော့ မဟုတ်ဘူး ထောင်ဂဏန်း ကျနော်တို့ ကွာ ခြားနေတာရှိတယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ဓာတ်မြေဩဇာဈေး ထောင်ဂဏန်းလောက်သာ ဈေးကျသည့်အတွက် ယခင်အတိုင်း အမြတ် အစွန်း နည်းသည်ဟု ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဘုရားပေါင်းကျေးရွာက ဟင်းသီးဟင်းရွက်စိုက်ပျိုးသူ  ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

ဦးသိန်းအောင်က “တစ်အိတ်ကို တစ်သိန်းခွဲလောက် ဝယ်ရတဲ့ အခါမျိုးရှိတော့ ဟင်းသီးဟင်းရွက် ရောင်းရတာက အဲလောက်ထိ မရတဲ့ဟာမျိုးတော့ ရှိပါတယ်။ အခုဈေးကျတယ် ပြောပေမယ့် တစ်သိန်း ပတ်ဝန်းကျင်ပဲ ရှိတယ်။ အရင်အတိုင်းပါပဲ”ဟု ပြောသည်။

တောင်သူတစ်ဦး လယ်ထွန်နေစဉ်

မြန်မာ့စိုက်ပျိုးရေး လုပ်ငန်းမှာ ကုန်ကျစရိတ် သက်သာရန် တောင်သူများအတွက် အစိုးရဘက်မှ ချေးငွေ ထုတ် ပေးခြင်းနှင့် စိုက်ပျိုးရေးသုံး စက်ပစ္စည်းများ ထောက်ပံ့ပေးရန် လိုအပ်ကြောင်း တောင်သူလယ်သမားများက ပြော သည်။

နစကသည် တောင်သူများ စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် ချေးငွေများ ထုတ်ပေးနေသလို စိုက် ပျိုးရေးသုံး စက်ပစ္စည်းများ ဝယ်ယူနိုင်ရေးအတွက်ကိုလည်း ချေးငွေများ ပေးနေကြောင်း သိရသည်။