CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၁
မွန်ပြည်နယ်အတွင်း ယခုနှစ် မိုးစပါး စိုက်ပျိုးချိန်တွင် ကောက်စိုက်ရာ၌ အလုပ်သမားများသည် ယခင်နှစ်များက ထက် အငှားကောက်စိုက်ခများ(ဈေးနှုန်း) ပိုမိုရရှိနေသည်ဟု သိရသည်။
စပါးဈေးနှုန်းများ ကောင်းမွန်နေခြင်းနှင့် ကောက်စိုက်သမားများ ရှားပါးနေခြင်းကြောင့် လက်ရှိ ကောက်စိုက်ချိန် တွင် ကောက်စိုက်သမားများသည် တစ်ရက်လျှင် ၁၂၀၀၀ အထိ ရရှိနေသည်ဟု မွန်ပြည်နယ် ဇင်းကျိုက်မြို့မှ ဒေသခံ ဒေါ်မြမြစိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကောက်စိုက်တာက နေ့စားသမားဆိုရင် ၁၂၀၀၀၊ ချိုင့်ဆွဲ ကိုယ့် ထမင်းချိုင့်နဲ့ ကိုယ်ဆိုရင် ၁ သောင်းခွဲ၊ ပဲခူးတို့၊ ဝေါတို့ ဘက်ကလာရင် နားနီး၊ နားဝေး ရှိတယ်ဆိုရင် ၇၀၀၀။ ဈေးကောင်းတာပေါ့ စပါးဈေးတွေလည်း ကောင်းတာဆိုတော့ ကောက်စိုက်သမား ဈေးတွေလည်း ကောင်းသွားတာပေါ့။ အများကြီး ပိုသွားတယ်။ ခါတိုင်း နှစ်က ၉ ထောင်၊ ၁ သောင်းပဲ။ ဒီနှစ်က ၁ သောင်း ကျော်သွားတယ်။ လူတွေကလည်း မရှိဘူးလေ တစ်ဖက်နိုင်ငံကို သွားကုန်ကြပြီလေ”ဟု ပြောသည်။
လယ်ထွန်နေကြသည်ကိုတွေ့ရစဉ်
စပါးစိုက်ပျိုးချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်နှင့် သုံးခွမြို့နယ်တို့မှ အလုပ်သမားများ အပြင် ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့မှ အလုပ်သမားများသည် မွန်ပြည်နယ်သို့ လာရောက်၍ ကောက်စိုက်ကြသည်ဟု သိရသည်။
ယခင်က လယ် ၁ ဧကလျှင် ကောက်စိုက်သမား ၈ ယောက်ဖြင့် လုပ်ကြသော်လည်း ယခုအခါ ၁၅ ယောက်ခန့် သုံးစွဲနေရကြောင်း မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်မှ တောင်သူ နိုင်မောင်လေးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အလုပ်သမားခ များတယ်၊ နည်းတယ်ဆိုတာ သူ့သတ်မှတ်ချက် ရှိတယ်။ အခုက သူတို့ အလုပ်လုပ်တာ ၈ နာရီ မပြည့်ဘူး။ အလုပ်လုပ်ချိန်မှာလည်း အလုပ်နဲ့တူအောင် လုပ်တာ သိပ်မရှိဘူး။ မတန်ဘူးလို့တောင် လယ် သမား တွေက ပြောတယ်။ ဥပမာ လယ်သမားက နေ့စားကို တစ်နေ့ ၇၀၀၀၊ ၇၀၀၀ ဆိုတာက မနက်မိုးလင်း ၆ နာရီအချိန် လယ်ကွက်ထဲ ရောက်ပြီ။ ည ၅ နာရီထိုးမှ တက်မယ်။ သူတို့ကျတော့ အဲဒီလိုမျိုး မဟုတ်ဘူး။ ၇ နာရီ ထိုးမှ လယ်ကွက်ထဲ ရောက်တယ်။ ၄ နာရီထိုးတာနဲ့ တက်ပြီ။ အဲဒီကြားမှာ သူတို့ အလုပ်လုပ်တာက သိပ်မရှိဘူး။ ဖုန်းပြော၊ ဟိုသွားဒီသွားနဲ့ အချိန်တွေ ပြည့်သွားတာ။ လုပ်ကွက်တွေက နည်းတယ်။ အများကြီး ကွာဟတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်၊ ၁၅ နှစ်ဆိုရင် လယ် ၁ ဧကကို လူ ၈ ယောက်၊ ၉ ယောက် အဲဒီလောက်ဆို ပြီးသွားတယ်။ လယ် ၁ ဧက။ အခုဆိုရင် ၁၅ ယောက် မပြီးဘူး။ မပြီးဆိုတာ ဈေးက များတယ်ပြောတာ ဈေးက မများဘူး။ ကုန်ကျ စရိတ်က လုပ်အားခ လုပ်ရတာနဲ့ လုပ်ကွက် နည်းတဲ့အတွက် ကုန်ကျစရိတ်က များသွားလို့ လယ်သမားက ညည်း တာ။ လယ်သမားတွေက စိုက်ဖို့အတွက်ကို ငြီးငွေ့ပြီးတော့ ကြဲခင်းတွေ ကြဲတာ များတယ်” ဟု ပြောသည်။
ကောက်စိုက်နေကြစဉ်
ထို့နောက် မွန်ပြည်နယ်အတွင်းရှိ ကောက်စိုက်ကျွမ်းကျင် လုပ်သားအများစုသည် လက်ရှိတွင် ရှားပါးနေကြောင်း၊ အမျိုးသားများမှာ ပို၍ ရှားပါးသည်ဟု မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှ တောင်သူ ဒေါ်ဋ္ဌေးရီက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဘယ်လိုမျိုး ဖြစ်နေလဲဆိုတော့ ရှာလို့မရတာတော့ မဟုတ်ဘူး။ အခု တစ်နေ့ကို ၁၂၀၀၀ ပေါ့ မတတ်တဲ့ သူတွေကိုပါပေါ့။ တကယ် တတ်တဲ့သူတွေက မရှိတော့ဘူး။ အခု ယောကျာ်းလေးတွေက ပိုရှားသွားတာပေါ့ မျိုး နုတ်။ အဲဒါက နုတ်နုတ် စိုက်စိုက် သမားပေါ့။ ယောကျာ်းလေးတွေဆို ၁ သောင်းခွဲ၊ သူတို့ဟာသူတို့ နုတ်၊ သူတို့ဟာ သူတို့ စိုက်။ မိန်းကလေးတွေဆို ၁၂၀၀၀။ အလုပ်သမားတွေကတော့ ရှားတယ်၊ ယောကျာ်းလေးတွေက ပိုရှား တယ်” ဟု ပြောသည်။
လက်ရှိ ကြုံတွေ့နေရသည့် အလုပ်သမား ရှားပါးမှုနှင့် အလုပ်သမားစရိတ် ကြီးမြင့်ခြင်းတို့ကြောင့် မွန်ပြည်နယ် အတွင်းရှိ လယ်သမားအများစုသည် မျိုးစပါးစိုက်ပျိုးခြင်းကို မလုပ်ဆောင်ကြတော့ကြောင်း၊ ကြဲခင်းစနစ်ကို လုပ် ဆောင်လာကြကြောင်း သိရသည်။
မျိုးကြဲ၍ စိုက်ပျိုးခြင်းသည် စပါးအထွက်နှုန်း ကျဆင်းသော်လည်း ဓာတ်မြေဩဇာ အများအပြား သုံးစွဲမည်ဆိုပါက အထွက်နှုန်း ကောင်းမွန်နိုင်ကြောင်း၊ သို့သော်လည်း မိုးအများအပြား ရွာသွန်းပါက အပင်များ ရေမြုပ်၍ ပျက်စီး သွားမည်ကို တောင်သူများက စိုးရိမ်နေကြသည်။