CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၁

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ Terminal 1 လေဆိပ် အဆောက်အအုံအတွင်းသို့ ခရီးသည်များအား လိုက်ပါ ပို့ဆောင်/ ကြိုဆိုမည့် ဧည့်သည်များကို ဝင်ရောက်ခွင့်ပြုကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က ထုတ်ပြန်ထားသည်။

ခရီးသည်များအနေဖြင့် ဂိတ်အမှတ် (၃) နှင့် (၄) မှတဆင့် ဝင်ရောက်ရမည်ဖြစ်ပြီး လိုက်ပါ ပို့ဆောင်/ ကြိုဆိုကြ သူများအနေဖြင့် ဂိတ်အမှတ် (၂) မှ တဆင့်သာ ဝင်ရောက်ရမည် ဖြစ်ကြောင်း၊ ကြို/ပို့ ဧည့်သည်များသည် ဂိတ် အမှတ် (၂) အနီးရှိ Registration Area တွင် ဝင်ရောက်ခွင့်ကတ်ပြားအတွက် စာရင်းပေးသွင်းရမည်ဖြစ်ပြီး ဂိတ် အမှတ် (၆) မှ ပြန်လည်ထွက်ခွာကာ ကတ်ပြားအား ပြန်လည်အပ်နှံရမည်ဖြစ်သည်။

ထိုသို့ ဖြေလျှော့ပေးလိုက်ခြင်းသည် ကောင်းမွန်သော်လည်း ဧည့်သည်များအနေဖြင့် စည်းကမ်းလိုက်နာရန် လိုအပ်ကြောင်း၊ စည်းကမ်းမလိုက်နာမှုများရှိပါက ၎င်းဝင်ရောက်ခွင့်ကို ပြန်ပိတ်သွားနိုင်ဖွယ်ရှိကြောင်း ခရီးသွားလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးသက်လွင်တိုးက CNI သတင်းဌာနသို့ ပြောသည်။

“လိုက်ပို့တဲ့လူတွေကလည်း စည်းနဲ့ကမ်းနဲ့ ကတ်ကိုထုတ်မယ်။ ပြန်အပ်မယ်။ နောက် သတ်မှတ်တဲ့အရေအတွက် ပေါ့။ ဘာလို့ဆို မိသားစု ၁၀ ဦးလုံး လိုက်ပို့ဖိုမလွယ်ဘူး‌ပေါ့ အထဲမှာက။ တစ်နေ့ကို ရာချီ ထွက်နေကြတော့၊ ထောင်ချီထွက်နေကြတော့ အဲဒီမှာ တစ်ယောက်ကို လူတစ်ဦး ပို့ရင်တောင် ထောင်ချီ ဖြစ်သွားမယ်လေ။ အဝင်၊ အထွက်တွေနဲ့ဆိုရင် ကတ်တွေက မလောက်တာတွေ၊ နောက် overload ဖြစ်တာတွေ၊ မထိန်းနိုင်မသိမ်းနိုင်ဖြစ်မှာ တွေဆို ဒါတွေတော့ သူတို့ control လုပ်မှာပေါ့။ ဒါပေမယ့် စည်းမရှိ၊ ကမ်းမရှိဖြစ်လို့ တစ်ခုခုဖြစ်သွားရင် ဒီ system ကြီးကို ပယ်ဖျက်လိုက်ရင် ကျနော်တို့ လူထုပဲနာမှာပဲ သွားရတာ။ အဲဒါကြောင့်မို့လို့ ဒါလေးတွေကို သူတို့စည်းကမ်းအတိုင်း ပြောရရင်တော့ လေယာဉ်ချိန် ၂ နာရီလောက်အလိုမှာတော့ လူတိုင်းလိုလို ဖြတ်သင့် တယ်။ မဟုတ်ရင်အချိန်တွေကုန်ပြီးတော့ ကတ်တွေက မလောက်တာမျိုးတွေဖြစ်နိုင်တယ်။ ဒါကြောင့် Tour management ကိုတော့ self control system ကို သူတို့လုပ်သင့်တယ်လို့ထင်ပါတယ်” ဟု ၎င်းက ပြောသည်။

လေဆိပ်အဝင် ဧည့်ဝင်ခွင့်ကတ်များ ပြသနေစဉ်

ယခင်က ရန်ကုန်လေဆိပ်အဆောက်အအုံအတွင်းသို့ ခရီးသွားမည့်သူမှအပ ကျန်လူများ ဝင်ရောက်ခွင့် မပြုသည့်အခါတွင် ပြည်ပခရီးသွားများအတွက် အခက်အခဲများဖြစ်ပေါ်သဖြင့် ခရီးသွားလုပ်ငန်းရှင်များ၊ ဟိုတယ်လုပ်ငန်းရှင်များမှ ၎င်းအချက်အား ဖြေလျှော့ပေးရန် တောင်းဆိုခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် စက်တင်ဘာ ၁၉ ရက်‌နေ့မှ စတင်ကာ ကြို/ပို့ ဧည့်သည်များကို လေဆိပ်အဆောက်အအုံ ပရဝုဏ် အတွင်းသို့ ပြန်လည်ဝင်ရောက်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

ယခုကဲ့သို့ လုပ်ငန်းရှင်များ၏ အကြံပြုတင်ပြချက်များအပေါ် ဖြေလျှော့မှုများ ပြုလုပ်လာခြင်းသည် ခရီးသွား လုပ်ငန်းအတွက် အဆင်ပြေကောင်းမွန်ကြောင်းလည်း ပုဂံ ဟိုတယ် လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဇော်ဝိတ်က CNI သတင်းဌာနသို့ ပြောသည်။

 “အရင်တုန်းကကြတော့ သူတို့က ဝင်ခွင့်မပေးဘူး။ ဝင်ခွင့်ပေးလို့ရှိရင်လည်း ပိုက်ဆံကို သောင်းကဏန်းနဲ့ တောင်းတာ။ ဧည့်သည်ကြတော့ ပြဿနာသွားတက်တယ်။ ခဏခဏ အခက်အခဲတွေက အများကြီးကိုတွေ့တာ။ ဒါကြောင့် guide တွေက ပြောကြတာပေါ့။ visa free ပေးတာမှ အစပေါ့လေ။ တချို့ကကြတော့ language က မရဘူးလေ။ အဲဒီတော့ ဒီက language ရတဲ့ guide က သွားပြီးတော့ ကြိုရရင် အဆင်ပြေသွားတာပေါ့။ အကြံပြု တင်ပြထားတာတွေကတော့ အများကြီးပဲ သူတို့ ဖြေးဖြေးချင်းလျှော့ပေးနေတယ်။ လက်တွေ့နယ်ပယ်မှာ လုပ်နေတဲ့အခါကြတော့ အခက်အခဲတွေက သိနေတာ” ဟု ၎င်းက ပြောသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ ပြည်ပထွက်ခွာ ဝင်ပေါက်တွင် ဧည့်ဝင်ခွင့်ကတ်များ တန်းစီထုတ်ယူ နေစဉ်

လက်ရှိတွင် အိန္ဒိယနှင့် တရုတ်နိုင်ငံမှ ခရီးသွားများအား ဆိုက်ရောက်ဗီဇာ (visa on arrival) ခွင့်ပြုပေးထားသည့် အတွက် ၎င်းခရီးသွားများအနေဖြင့် လေဆိပ်သို့ရောက်ရှိသည့်အခါတွင် ဖောင်ဖြည့်ရသည့် လုပ်ငန်းစဉ်များ အဆင်ပြေစေရန် အချို့အရာများကို ဖြေလျှော့ပေးသင့်ကြောင်း ထောက်ပြကြသည်။

ခရီးသွားလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးသက်လွင်တိုးက “လာကြိုတဲ့သူတွေကို ခွင့်ပြုလိုက်တဲ့အတွက်ကြောင့် guide တွေက ဆိုင်းဘုတ်ထောင်ပြီးကြိုမယ်။ အခု visa on arrival လာရင်လည်း လာဦးမယ်။ ဖောင်တွေ ဖြည့်ရတာတွေ၊ ပိုက်ဆံနဲ့ပေးတဲ့အခါ ပိုက်ဆံလက်မခံတာတွေပေါ့။ ပိုက်ဆံငွေကြေးအရ ‌ဒေါ်လာ ခေါင်းကြီး ခေါင်းသေး၊ အပြဲ ဖြစ်နေလို့ လက်မခံရင်ရော ဘယ်လိုလုပ်မလဲ။ electronic money credit ကတ်နဲ့ ပေးတာ လက်ခံလား။ ဒါတွေ လည်း ကျနော်တို့က စဉ်းစားရမှာလေ။ တကယ်လို့ ဟိုဟာဖြစ်ရင် ကျနော်တို့ အေးဂျင့်တွေက အထဲမှာဝင်ပြီးတော့ ကြိုပြီး ပိုက်ဆံရှင်းပေးရတာတွေ၊ ဖောင်တွေ တင်ပေးရတာတွေကြတော့ smooth ဖြစ်တာပေါ့ သူတို့တွေလာရင်။ ဒါမျိုးလေးတွေကိုလည်း ခွင့်ပြုမယ်ဆိုရင် ဧည့်သည်တွေအတွက် အနှောင့်အယှက်မရှိဘဲ ဝင်လာနိုင်မယ်။ လာတဲ့အခါမှာလည်း ဧည့်သည်ပျောက်တာတွေ၊ guide ပျောက်လို့၊ ကားပျောက်လို့ မတွေ့ရတာတွေထက်စာရင် ဒါလေးတွေက ကောင်းတယ်ပေါ့” ဟု ပြောသည်။

၎င်းဝင်ခွင့်ကတ် ထုတ်ယူရာတွင် မှတ်ပုံတင်ပြသရန် လိုအပ်ပြီး မည်သည့် အခကြေးငွေမျှ ပေးဆောင်ရန် မလို ကြောင်းနှင့် ကတ်ပြားအား အလွဲသုံးစားပြုလုပ်ပါက သက်ဆိုင်ရာမှ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။