CNI International News

နယူးဒေလီ၊ နိုဝင်ဘာ ၅

အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာ (Kerala) ပြည်နယ်သည် အလွန်အမင်း ဆင်းရဲမွဲတေမှုမှ လွတ်မြောက်သွားပြီ ဖြစ်ကြောင်း နိုဝင်ဘာ ၁ ရက်တွင် ကြေညာခဲ့သဖြင့် အိန္ဒိယ၌ အလွန်အမင်း ဆင်းရဲမွဲတေမှု ကင်းစင်သွားသည့် ပထမဆုံးပြည်နယ် ဖြစ်လာခဲ့သည်ဟု CNA မှ ဖော်ပြခဲ့သည်။

ကီရာလာပြည်နယ်တွင် အလွန်အမင်း ဆင်းရဲမွဲတေမှု ပပျောက်ရေး စီမံချက်အရ ဒေသခံ အာဏာပိုင် အဖွဲ့အစည်း များက ဦးဆောင်သည့် ၄ နှစ်ကြာ စီမံကိန်းအပြီး၌ ကီရာလာပြည်နယ်ဝန်ကြီးချုပ် ပီနာရာယီ ဗီဂျာယန် (Pinarayi Vijayan) က ထိုကဲ့သို့ ကြေညာခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ဘဏ်၏ သတ်မှတ်ချက်အရ လူတစ်ဦးသည် တစ်ရက်လျင် ၃ ဒေါ်လာအောက်သာ ရရှိပါက အလွန်အမင်း ဆဲရဲမွဲတေစွာ နေထိုင်နေရကြောင်း ဖော်ပြထားသည်။

ကီရာလာပြည်နယ်ဝန်ကြီးချုပ် ပီနာရာယီ ဗီဂျာယန်ကို တွေ့ရစဉ်

ထိုသတ်မှတ်ချက်အရ ၂၀၂၅ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း၌ လူပေါင်း သန်း ၈၃၀ ကျော်သည် အလွန်အမင်း ဆင်းရဲ မွဲတေမှု သတ်မှတ်ချက်ထဲ၌ အကျူံးဝင်နေသည်။

ကီရာလာပြည်နယ်တွင် အလွန်အမင်း ဆင်းရဲမွဲတေသည့် သတ်မှတ်ချက်ထဲ၌ ပါဝင်နေသော မိသားစုဝင်ပေါင်း ၆၄,၀၀၀ ကျော်ရှိကြောင်း ၂၀၂၁ ခုနှစ်က စစ်တမ်းကောက်ယူခဲ့ပြီးနောက် ဆင်းရဲမွဲတေမှု လျှော့ချရေး စီမံကိန်းကို စတင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ကီရာလာပြည်နယ် အာဏာပိုင်များသည် ဝင်ငွေ တစ်ခုတည်းကိုသာ အာရုံစိုက်ချင်းထက် ပုံမှန်ဝင်ငွေမရှိမှု၊ အိုးအိမ်၊ အစားအစာနှင့် ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ အားလုံးကို အကဲဖြတ် ချင့်တွက်ပြီး စီမံကိန်းအား လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ကီရာလာပြည်နယ် လူထုရဲ့ လူနေမှုဘဝကို တွေ့ရစဉ်

“လူမှုသက်သာ ချောင်ချိရေး အစီအစဉ်တွေနဲ့ မကြုံဖူးတဲ့ မိသားစုတွေ ရှိနေပါတယ်။ အလွန်အမင်း ဆင်းရဲမွဲတေမှု ဆိုတဲ့ သတ်မှတ်ချက်ထဲမှာ ပါဝင်နေတဲ့ မိသားစုတွေဟာ ပြည်နယ်အစိုးရရဲ့ ထောက်ပံ့မှုကို မရဘဲ ရှင်သန်ခဲ့ရ ပါတယ်”ဟု ဒေသန္တရအစိုးရ၊ ယစ်မျိုးခွန်နှင့် လွှတ်တော်ရေးရာ ပြည်နယ်ဝန်ကြီး အမ်ဘီ ရာဂျက်ရှ် (MB Rajesh) က ပြောကြားခဲ့သည်။

လွန်ခဲ့သည့် လေးနှစ်ကျော်က အစိုးရဌာန အများအပြားသည် ထိုမိသားစုများကို ဆင်းရဲတွင်းမှ ဆွဲထုတ်နိုင်ရန် ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး အစားအစာ၊ နေစရာနေရာ၊ ဆေးဝါးနှင့် ကလေးများအတွက် ပညာသင်ဆုများ ထောက်ပံ့ပေးခဲ့သည်။

ထို့ပြင် အိန္ဒိယတွင် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် အလွန်အမင်း ဆင်းရဲမွဲတေမှုနှုန်းကို လျှော့ချရာ၌ တိုးတက် မှုများ ရရှိခဲ့သည်။

အိန္ဒိယတွင် လွန်ခဲ့သည့် ဆယ်စုနှစ်က အလွန်အမင်း ဆင်းရဲမွဲတေမှုနှုန်း ၁၆ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်အတွင်း  အလွန်အမင်း ဆင်းရဲမွဲတေမှုနှုန်း ၂ ဒသမ ၃ ရာခိုင်နှုန်းသာ ရှိတော့ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သည်။

Source: CAN