CNI International Article

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈

လွန်ခဲ့သည့် သီတင်းပတ် အနည်းငယ်က X လူမှုမီဒီယာပေါ်ရှိ ပို့စ်တစ်ခုသည် အိန္ဒိယလူမျိုး များစွာကို အံ့အားသင့် စေခဲ့သည်။

X လူမှုမီဒီယာ အသုံးပြုသူတစ်ဦးက ကနေဒါတွင် အခြေချနေထိုင်သည့် ၎င်း၏ သူငယ်ချင်းတစ်ဦးနှင့် စကားပြော ဖြစ်ပုံကို ပို့စ်တင်ပြီး ပြန်လည် မျှဝေခဲ့ခြင်းဖြစ်သည်။

ထိုပို့စ်တွင် ကနေဒါ၌ နေထိုင်သည့် ၎င်း၏ သူငယ်ချင်းသည် ပညာတတ်တစ်ဦးဖြစ်ပြီး၊ အောင်မြင်မှု ရရှိနေကာ ဒေါ်လာ ၅ သိန်းခန့် စုမိဆောင်းမိနေကြောင်းနှင့် အိန္ဒိယသို့ ပြန်လာတော့မည် မဟုတ်ကြောင်း ရေးသားဖော်ပြခဲ့ ခြင်းဖြစ်သည်။

သူ့သူငယ်ချင်းသည် အိန္ဒိယကို မချစ်၍ ပြန်မလာခြင်း မဟုတ်ပေ။ ကနေဒါတွင် နှစ်ပေါင်းများစွာ နေထိုင်ပြီးနောက် စားဝတ်နေရေး အဆင်ပြေ ချောမွေ့နေချိန်တွင် အိန္ဒိယသို့ ပြန်လာခဲ့မည်ဆိုပါက မပြောပလောက်သည့် အခြေခံ ရပိုင်ခွင့်များအတွက် သည်းကြီးမဲကြီး ရုန်းကန် တောင်းဆိုနေရသည့် ဘဝကို မလိုချင်တော့ခြင်းကြောင့် ဖြစ်သည်။

ထိုပို့စ်အောက်တွင် မှတ်ချက်များစွာနှင့်အတူ ဆွေးနွေးမှုများ ပြင်းထန်ခဲ့သည်။

 ကနေဒါနိုင်ငံရောက် အိန္ဒိယနွယ်ဖွားတွေကို တွေ့ရစဉ်

တိုရွန်တိုမှ ဆရာဝန်များ၊ အမ်စတာဒမ်မှ အင်ဂျင်နီယာများ၊ အုတ်ကလန်းမှ သူနာပြုများ စသည်ဖြင့် နေရာဒေသ ကွဲပြားသော်လည်း ၎င်းတို့၏ ခံစားချက်ချင်းမှာ တူညီနေသည်။

၎င်းတို့၏ ဘုံခံစားချက်တစ်ခုမှာ အိန္ဒိယသည် ဆင်းရဲမွဲတေမှုနှင့် မဆိုင်ဘဲ အာဏာပိုင်များ၏ ဆုံးဖြတ်ချက်များမှ ဖြစ်ပေါ်လာသည့် စနစ်ပိုင်းဆိုင်ရာ အားနည်းချက်များကြောင့် အိန္ဒိယတွင် နေထိုင်ရသည်မှာ အလွန်ပင်ပန်းလွန်း သည်ဆိုသည့် ခံစားချက်ပင်ဖြစ်သည်။

တရားဝင် စာရင်းဇယားများအရ အိန္ဒိယနိုင်ငံတွင် နှစ်စဉ် ပြည်ပသို့ သွားရောက် အခြေချနေထိုင်သူ ၂၀၀,၀၀၀ ကျော်ကို ဆုံးရှုံးနေရသည်။

၂၀၁၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံသား ၁ ဒသမ ၆ သန်းကျော်သည် အိန္ဒိယပတ်စ်ပို့များကို စွန့်လွှတ် ခဲ့ကြသည်။

၂၀၂၄ ခုနှစ် တစ်နှစ်တည်းမှာပင် လူပေါင်း ၂၀၀,၀၀၀ ကျော်သည် အိန္ဒိယနိုင်ငံသားအဖြစ်မှ စွန့်လွှတ်ခဲ့ကြသည်။ 

အိန္ဒိယ၏ ပြည်ပရောက် အသိုင်းအဝိုင်း (Diaspora) သည် လူဦးရေ ၃၅ ဒသမ ၄ သန်းအထိ ရှိနေပြီး ကမ္ဘာပေါ်တွင် လူဦးရေအများဆုံး ပြည်ပရောက် အသိုင်းအဝိုင်း ဖြစ်လာခဲ့သည်။

၂၀၂၄ ခုနှစ်တွင် ပြည်ပရောက် အိန္ဒိယသားများသည် အိန္ဒိယရှိ ၎င်းတို့၏ သက်ဆိုင်ရာ မိသားစုများထံသို့ ဒေါ်လာ ၁၂၉ ဘီလီယံအထိ လွှဲပို့ခဲ့ကြပြီး ထိုပမာဏသည် ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံနှင့်မဆို နှိုင်းယှဉ်ကြည့်ပါက ပြည်ပမှ ပို့ငွေ အများဆုံး စံချိန်ဖြစ်သည်။

နိုင်ငံရေးသမားများက ခမ်းနားကြီးကျယ်သော ပြည်ပရောက် အသိုင်းအဝိုင်း ထိပ်သီး အစည်းအဝေးများတွင် ထိုကဲ့သို့ ငွေကြေးစီးဝင်မှုကို ဂုဏ်ပြုပြောဆိုလေ့ရှိကြသည်။

သို့သော် အိန္ဒိယနိုင်ငံရေးသမားများ ထုတ်မပြောသည့် အချက်မှာ အိန္ဒိယနိုင်ငံသား သန်းပေါင်းများစွာသည် ပြည်တွင်းမှာထက် ပြည်ပတွင် ပိုမိုကောင်းမွန်သော ဘဝများကို တည်ဆောက်နိုင်သည်ဟူသော အချက်ပင် ဖြစ်သည်။ 

 အမေရိကန်ရောက် အိန္ဒိယနွယ်ဖွားတွေကို တွေ့ရစဉ်

ထိုအချက်သည် အိန္ဒိယအာဏာပိုင်များ၏ စနစ်ပိုင်းဆိုင်ရာ ကျရှုံးမှုကို ဝန်ခံရာ ရောက်မည်ဖြစ်သဖြင့် နှုတ်ဆိတ် နေခဲ့ကြခြင်းဖြစ်သည်။

ကုလသမဂ္ဂ၏ လူသားဖွံ့ဖြိုးမှုညွှန်းကိန်း (Human Development Index) တွင် အိန္ဒိယသည် အဆင့် ၁၃၄ ၌ ရှိနေသည်။

နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့ (Transparency International) ၏ အဂတိလိုက်စားမှု အညွှန်းကိန်းတွင် အိန္ဒိယသည် ရမှတ် ၁၀၀ လျှင် ၃၈ မှတ်သာ ရရှိထားပြီး ဂမ်ဘီယာနိုင်ငံထက်ပင် နိမ့်ကျနေသည်။

၂၀၂၄ ခုနှစ် ကမ္ဘာ့ပျော်ရွှင်မှုအရှိဆုံး နိုင်ငံများစာရင်း (World Happiness Report) တွင်လည်း အိန္ဒိယသည် အဆင့် ၁၂၆ တွင်သာ ရှိနေသည်။

ထိုအချက်များသည် အတိုက်အခံများ၏ ဝေဖန်မှုသက်သက် မဟုတ်ဘဲ ကမ္ဘာက စောင့်ကြည့်လေ့လာနေသည့် လက်တွေ့ကျသော ရလာဒ်များသာ ဖြစ်သည်။

ယနေ့ခေတ်တွင် အိန္ဒိယနိုင်ငံမှ ထွက်ခွာသွားကြသူများသည် အဆင်းရဲဆုံးသူများ သို့မဟုတ် မျှော်လင့်ချက် မရှိသည့်သူများ မဟုတ်ကြတော့ဘဲ နိုင်ငံရပ်ခြားတွင် ရွေးချယ်စရာ အခွင့်အလမ်းရှိသူများသာ ဖြစ်ကြသည်။

မိမိတို့၏ အရည်အချင်းဖြင့် ရွေးချယ်စရာရှိသူများက နိုင်ငံမှ ထွက်ခွာသွားပြီး ပြန်မလာတော့ခြင်းသည် မိခင် နိုင်ငံတွင် နေထိုင်ရခြင်း၏ တန်ဖိုးနှင့်ပတ်သက်သည့် ဆိုးရွားလှသော အခြေအနေတစ်ခုကို ဖော်ပြနေခြင်း ဖြစ်သည်။

“ကျနော် ဘန်ဂလူရူ (Bengaluru) မှာတုန်းက ဝင်ငွေကောင်းပါတယ်။ ဒါပေမယ့် တစ်နေ့ကို ၃ နာရီလောက် ကားပိတ်တာနဲ့ အချိန်ကုန်ရတယ်၊ ကျနော့်ကို ဖြည်းဖြည်းချင်း သတ်နေတဲ့ ညစ်ညမ်းလေထုကို ရှူရှိုက်နေရတယ်၊ ပြီးတော့ စာရွက်စာတမ်း တစ်ခုရဖို့အတွက် လူတိုင်းကို လာဘ်ထိုးနေရတယ်။ မြူးနစ်မှာတော့ ကျနော် ဝင်ငွေ ပိုနည်းပါတယ်။ ဒါပေမယ့် ကျနော်မှာ ကိုယ်ပိုင်အချိန်တွေရှိတယ်၊ သန့်ရှင်းတဲ့လေရှိတယ်၊ ပြီးတော့ ရုံးပိတ်ရက် လည်း ရှိတယ်”ဟု ဂျာမနီနိုင်ငံ မြူးနစ် (Munich)မြို့သို့ ပြောင်းရွှေ့သွားသည့် ဆော့ဖ်ဝဲအင်ဂျင်နီယာတစ်ဦးက ပြောကြားခဲ့သည်။

ထိုအခြေအနေသည် သာမန် အိန္ဒိယလူမျိုး တစ်ဦး ပုံမှန်ဘဝအတိုင်း ရှင်သန်နိုင်ရန် ကြိုးစားရင်း ကျန်းမာရေး အတွက် လက်ဆုပ်လက်ကိုင် မပြနိုင်သည့် ပေးဆပ်မှုများပင် ဖြစ်သည်။

ဒေလီမြို့၏ လေထု အရည်အသွေးသည် ပုံမှန်အားဖြင့် ၄၀၀ ထက် ကျော်လွန်နေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ဘေးကင်းလုံခြုံမှု သတ်မှတ်ချက်ထက် အဆ ၂၀ ပိုများနေသည်။

အိန္ဒိယနိုင်ငံသားတွေရဲ့ နိုင်ငံခြားသွားလိုသော အိပ်မက်ကို သရုပ်ဖော်ပြထားစဉ်

၂၀၂၃ ခုနှစ် Lancet ကျန်းမာရေး ဂျာနယ်၏ လေ့လာချက်အရ လေထုညစ်ညမ်းမှုကြောင့် အိန္ဒိယနိုင်ငံသား ၂ ဒသမ ၁ သန်းကျော် နှစ်စဉ် သေဆုံးနေရပြီး ကမ္ဘာ့လေထု အညစ်ညမ်းဆုံး မြို့ ၂၀ အနက် ၁၄ မြို့မှာ အိန္ဒိယ၏ မြို့များဖြစ်သည်။

လေထုညစ်ညမ်းမှုအပြင် စစ်ဆေးရေးဂိတ်များတွင် ပေးရသည့် တရားမဝင်ငွေကြေးများ၊ မြေဝယ်မည်ဆိုပါက ကြားပွဲစား ငှားရင်ငှား၊ သို့မဟုတ်ပါက နှစ်ပေါင်းများစွာ ကြာမြင့်နိုင်သည့် ဥပဒေကြောင်းအရ အငြင်းအခုံများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ထိုအခြေအနေများသည် မူဝါဒ အမှားသက်သက်သာ မဟုတ်ဘဲ လူအများစု၏ သိက္ခာသည် အကြီးအကျယ် ခိုးယူခံနေရခြင်းလည်း ဖြစ်သည်။

ထိုစနစ် အမှားကြီးဖြင့် အကျိုးအမြတ် ရနေသူများသည် ထိုစနစ်ကြီးကို ပြုပြင်ပြောင်းလဲမှုများ မလုပ်နိုင်အောင် ဆယ်စုနှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ကြသဖြင့် ခိုင်မာစွာ တည်ရှိနေခြင်းဖြစ်သည်။

အိန္ဒိယ၏ ပညာတတ်များ ပြည်ပသို့ထွက်ခွာမှု သို့မဟုတ် ဦးဏှောက် ယိုစီးမှုတွင် အမျိုးသမီးများလည်း ပါဝင်နေသည်။

ပြည်ပသို့ ထွက်ခွာသွားသည့် အမျိုးသမီးများအတွက် အဓိက တွန်းအားသည် လစာငွေကြောင့် မဟုတ်ဘဲ လွတ်လပ်ခွင့်ကြောင့် ဖြစ်သည်ကို လေ့လာတွေ့ရှိရသည်။

အမျိုးသမီးများ အနေဖြင့် ည ၁၀ နာရီတွင် ဘေးအန္တရာယ်ကို ကြောက်ရွံ့ နေစရာမလိုဘဲ ရထားဘူတာကို လမ်း လျှောက် သွားနိုင်သည့် လွတ်လပ်ခွင့်၊ အမျိုးသား လုပ်ဖော်ကိုင်ဖက် တစ်ဦးနှင့် လူမှုရေးဆိုင်ရာ နောက်ဆက်တွဲ ပြဿနာများ မရှိဘဲ လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်ခွင့်နှင့်  မိသားစုတွေ့ဆုံပွဲတိုင်းတွင် အမျိုးသမီး တစ်ဦး၏ အိမ်ထောင်မှု တာဝန်ထက် ဘာကြောင့် အလုပ်က ပိုပြီးအရေးကြီး နေသနည်းဆိုသည့် မေးခွန်းထုတ် စစ်ဆေး မေးမြန်းမှုတွေကို မခံယူရတော့သည့် လွတ်လပ်ခွင့်များဖြစ်သည်။

“အိန္ဒိယမှာ ကိုယ့်ရဲ့ကိုယ်ပိုင် စည်းကမ်းချက်တွေနဲ့ နေထိုင်ရဖို့ တော်တော်ခက်ခဲပါတယ်။ အကုန်လုံးကို လိုက်ပြီး ညှိနှိုင်းနေရပါတယ်။ ပြည်ပမှာတော့ ကျမ ဘာမှ ညှိနှိုင်းနေစရာ မလိုဘူး။ ကျမ ရှင်သန်နေရုံပါပဲ” ဟု ကနေဒါကို ထွက်ခွာသွားတဲ့ ပြည်သူ့ကျန်းမာရေး သုတေသီတစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် အိန္ဒိယတွင် ရင်းနှီးမြှုပ်နှံမှု အမြတ်အစွန်း မြင့်မားသော်လည်း မူဝါဒများ မရေရာခြင်း (ဥပမာ- နောက် ကြောင်းပြန် အခွန်ကောက်ခြင်း၊ ငွေစက္ကူဖျက်သိမ်းခြင်း) တို့ကြောင့် ရေရှည်စီမံကိန်းများမှာ လောင်းကစားကဲ့သို့ ဖြစ်နေသည်။ 

စနစ်၏ ခန့်မှန်းရခက်မှုသည် ရင်းနှီးမြှုပ်နှံသူများကို တွန့်ဆုတ်စေသည်။

အိန္ဒိယတွင် "Smart Cities" စီမံကိန်းများ ရှိသော်လည်း မြို့ကြီးများတွင် ရေကြီးခြင်း၊ လေထုညစ်ညမ်းခြင်းနှင့် သယ်ယူပို့ဆောင်ရေး အားနည်းခြင်းတို့မှာ နေ့စဉ်ပြဿနာ ဖြစ်နေသည်။

ကျန်းမာရေးဘတ်ဂျက် နည်းပါးမှုကြောင့် ကိုဗစ် ကပ်ရောဂါ ကာလတွင် ကျန်းမာရေး စနစ်တစ်ခုလုံး ပြိုလဲခဲ့ရ သလို၊ ပညာရေးစနစ်မှာလည်း အဆင့်မီရန် လိုအပ်နေဆဲဖြစ်သည်။

အဂတိလိုက်စားမှုသည် နိုင်ငံရေးနှင့် စီးပွားရေး ယန္တရားအတွင်း အမြစ်တွယ်နေပြီး ဥပဒေစိုးမိုးမှု အားနည်းခြင်းနှင့် လုပ်ငန်းစဉ်တိုင်းတွင် လာဘ်ပေးလာဘ်ယူ ပြုလုပ်နေရခြင်းတို့သည် နိုင်ငံသားတို့၏ သိက္ခာကို ထိခိုက်စေပြီး ပြည်တွင်းတွင် နေထိုင်လိုစိတ်ကို ကုန်ဆုံးစေသည်။

ယခု အခြေအနေနှင့် ပတ်သက်ပြီး အွန်လိုင်းပေါ်ရှိ ဆွေးနွေးမှု တစ်ခုအတွင်း မှတ်ချက်ပေးသူတစ်ဦးက ယခုကိစ္စ တစ်ခုလုံးကို စာတစ်ကြောင်းတည်းဖြင့် အနှစ်ချုပ်ဖော်ပြခဲ့သည်။

“ခံစားချက်ကို မပြင်ပါနဲ့၊ စနစ်ကိုပဲ ပြင်ပါ။ အိန္ဒိယအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာက ရှိပြီးသားပါ” ဟု ရေးသားခဲ့ သည်။

ထို့ကြောင့် အိန္ဒိယခေါင်းဆောင်များ ဖြေရှင်းရမည့် အချက်မှာ ပြည်ပရောက် အိန္ဒိယအသိုင်းအဝိုင်းများကို ဂုဏ်ပြု သည့် အခမ်းအနားများကိုသာ အရေးတယူ ကျင်းပနေရမည် မဟုတ်ဘဲ ဘတ်ဂျက်ခွဲဝေမှုများ၊ ဥပဒေပြုရေးနှင့် ဥပဒေစိုးမိုးရေး ကိစ္စရပ်များသာဖြစ်သည်။

ထိုအခြေအနေများကို မပြောင်းလဲသရွေ့ အိန္ဒိယနိုင်ငံသားများ အပြည့်တင်ထားသည့် လေယာဉ်များသည် ပြည်ပနိုင်ငံများသို့ ဆက်လက် ထွက်ခွာနေကြဦးမည်သာ ဖြစ်သည်။

Source: Asia Times