အိန္ဒိယ၏ မြန်မာရေးရာဗျူဟာအတွက် အဓိကကျလာသည့် AA

CNI International Article

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၆

ပြီးခဲ့သည့် သီတင်းပတ်က အိန္ဒိယ၏ ဆိပ်ကမ်း၊ သင်္ဘောနှင့် ရေကြောင်းဝန်ကြီး ဆာဘနန်ဒါ ဆိုနိုဝယ်လ် (Sarbananda Sonowal) သည် ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်း (KMMTTP) ကို ၂၀၂၇ ခုနှစ်တွင် စတင်အသုံးပြုသွားမည်ဟု ကြေညာခဲ့သည်။

ထိုစီမံကိန်းသည် အိန္ဒိယ၏ အရှေ့ပိုင်း ကိုးလ်ကတ္တား (Kolkata) မြို့နှင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၏ စစ်တွေမြို့ တို့ကို ရေကြောင်းမှ ဆက်သွယ်ရန် ရည်ရွယ်ထားသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် စစ်တွေမှ ပလက်ဝမြို့တို့ကို ကုလားတန်မြစ်လမ်းကြောင်းမှ ချိတ်ဆက်မည်ဖြစ်ပြီး ပလက်ဝမှ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၏ ဇိုရင်ပူအီ (Zorinpui) မြို့သို့ ကုန်းလမ်းကြောင်းဖြင့် ချိတ်ဆက်မည် ဖြစ်သည်။

ထိုစီမံကိန်းကို အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၊ အိန္ဒိယဗဟိုအစိုးရက ရန်ပုံငွေ ထောက်ပံ့ထားပြီး ၂၀၁၀ ပြည့်နှစ် ကတည်းက စီမံကိန်းဖော်ဆောင်ရာတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

ကိုးလ်ကတ္တားမှ စစ်တွေသို့ ဆက်သွယ်သည့် လမ်းကြောင်း အကွာအဝေးသို့ ၁၃၂၈ ကီလိုမီတာ လျှော့ချပြီး စီလီဂူရီ စင်္ကြံလမ်း (Siliguri Corridor) ဖောက်လုပ်ရန် ရည်ရွယ်ထားသည်။

၂၀၂၃ ခုနှစ်က အိန္ဒိယမှ ပထမဆုံး ကုန်တင်သင်္ဘောများသည် စစ်တွေဆိပ်ကမ်းတွင် ဆိုက်ကပ်နိုင်ခဲ့သော်လည်း ပလက်ဝမှ ဇိုရင်ပူအီမြို့သို့ ဆက်သွယ်သည့် ကုန်းလမ်းသည် အပြီးသတ် ဖောက်လုပ်ရခြင်း မရှိသေးပေ။

ကုလာတန်းမြစ်အတွင်း သွားလာနေသူများကို တွေ့ရစဉ်

“ကုလားတန်စီမံကိန်းဟာ အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးစာချုပ်ရဲ့ ရလဒ်ဖြစ်ပါတယ်။ ဒါဟာ အိန္ဒိယရဲ့ အရှေ့ မြောက်ပိုင်းနဲ့ မြန်မာနိုင်ငံကြား ချိတ်ဆက်မှုကို မြင့်တက်စေမှာပါ” ဟု ဆိုနိုဝယ်လ်က ပြောကြားခဲ့သည်။
စီမံကိန်းကို အပြီးသတ်ရန် အိန္ဒိယ၏ ဆိပ်ကမ်း၊ သင်္ဘောနှင့်ရေကြောင်းဝန်ကြီးဌာနသည် ရင်းဂစ် ၁၀၀၀ ကုဋေကို ရင်းနှီးမြှုပ်နှံခဲ့သည်။ သို့သော် မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က တပ်မတော်က အာဏာကို ရယူပြီးနောက် KMMTTP စီမံကိန်း၏ အနာဂတ်သည် သေချာရေရာခြင်း မရှိတော့ကြောင်း ယူဆခံခဲ့ရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်နောက်ပိုင်း များပြားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ(EAOs)သည် တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေပြီး နိုင်ငံရေးအင်အားစုမျာသည် မြန်မာနိုင်ငံ၏ အနာဂတ်အတွက် အရေးကြီးသည့် အခန်းကဏ္ဍ၌ ပါဝင်လာခဲ့သည်။

လက်နက်ကိုင်အဖွဲ့အချို့က ဖက်ဒရယ်စနစ်အတွက် တိုက်ခိုက်နေခြင်းဖြစ်ကာ အချို့အဖွဲ့များက တပ်မတော်ထံမှ ခွဲထွက်ပြီး သီးခြားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိရေးအတွက် တိုက်ခိုက်နေခြင်းဖြစ်သည်။

လက်နက်ကိုင်အဖွဲ့များသည် ၎င်းတို့၏ ထိန်းချုပ်နယ်မြေများကို ဆက်လက် ထိန်းချုပ်ထားနိုင်ရန် ကြိုးပမ်း နေသဖြင့် ပဋိပက္ခမှာ ရှည်ကြာနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်န်ကိုင်များ ထိန်းချုပ်ထားသည့် နယ်နိမိတ်သည် နိုင်ငံ့နယ်နိမိတ်၏ ၅၀ ရာခိုင်နှုန်းရှိသည်ဟု ခန့်မှန်းချက်များ ထွက်ပေါ်နေသည်။

သို့သော် နိုင်ငံလူဦးရေ အများစုသည် တပ်မတော်က ထိန်းချုပ်ထားသည့် နယ်နိမိတ်များအတွင်း ဆက်လက် နေထိုင်နေကြသည်။

မြန်မာနိုင်ငံအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့  ၂၀၀ ကျော်ရှိပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံးသည် လူအင်အား၊ လက်နက်အင်အားနှင့် သြဇာလွှမ်းမိုးမှု အတိုင်းအတာခြင်း တူညီမှုမရှိကြပေ။

ကုလားတန်မြစ်အတွင်း အချက်အချာချတဲ့ ပလက်ဝမြို့ကိုတွေ့ရစဉ်

အချို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် နယ်မြေလုရင်း အချင်းချင်း တိုက်ခိုက်နေကြသည်။

ထိုကဲ့သို့ ရှုပ်ထွေးပွေလီသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနက် သက်တမ်းအနုဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့သည် သြဇာလွှမ်းမိုးမှု အရှိဆုံး အခန်းကဏ္ဍတွင် ထွက်ပေါ်လာခဲ့သည်။

ထိုအဖွဲ့မှာ KMMTTP စီမံကိန်း တည်ရှိသည့် ရခိုင်ပြည်နယ်မှ အာရက္ခတပ်တော် ခေါ် Arakan Army (AA) အဖွဲ့ဖြစ်သည်။

ထိုအဖွဲ့သည် ရခိုင်ပြည်နယ်၏ နယ်နိမိတ် အများစုကို ထိန်းချုပ်ထားသည်။ ၂၀၀၉ ခုနှစ်က လူအင်အား ၂၅ ဦးဖြင့် စတင်တည်ထောင်ခဲ့သည့် AA အဖွဲ့သည် ရက္ခိတအိမ်မက် ဆိုသည့် လမ်းစဉ်အပေါ် အခြေခံပြီး ထူထောင်ခဲ့ခြင်း ဖြစ်သည်။

ထိုအဖွဲ့သည် ၁၄၂၅ ခုနှစ်မှ ၁၇၈၅ ခုနှစ်အထိ တည်ရှိခဲ့သည့် တစ်ချိန်က အင်အားကြီးမားခဲ့သော ရခိုင်ဘုရင့် နိုင်ငံတော် (Arakan Kingdom) ၏ အမွေအနှစ်များကို သတိရပြီး လွတ်လပ်သည့် ရခိုင်နိုင်ငံထူထောင်ရန် ရည်မှန်းထားသည်။

လက်နက်ကိုင်အင်အား ၃၀,၀၀၀ နှင့်အတူ AA အဖွဲ့သည် အခြား အင်အားနည်းပါးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို စစ်သင်တန်းပေးနေပြီး လက်နက်ကိုင် ၆၀၀၀ ခန့်ကို မဟာမိတ် လက်နက်ကိုင်အဖွဲ့ များ ထိန်းချုပ်ထားသည့် နယ်မြေများသို့ စေလွှတ်ထားသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို တွေ့ရစဉ် 

ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကဲ့သို့ ငယ်ရွယ်သည့် ခေါင်းဆောင်မှုအောက်တွင် AA သည် မြန်မာနိုင်ငံနှင့် နိုင်ငံတကာ၌ ၎င်းတို့၏ ကွန်ရက်ကို ချဲ့ထွင်နိုင်မှုကြောင့် လူသိများသည်။

ထို့ပြင် AA သည် ရခိုင်ပြည်နယ်၏ နယ်နိမိတ် အများစုနှင့် ချင်းပြည်နယ်၏ ပလက်ဝမြို့ကို ထိန်းချုပ်ထားသဖြင့် ဒေသခံများကြား ရေပန်းစားသည်။

ရခိုင်ပြည်နယ်၏ မြို့နယ် ၁၇ ခုအနက် ၁၄ ခုကို AA က ထိန်းချုပ်ထားသည်။ သို့သော် ရခိုင်ပြည်နယ်၏ မြို့တော် ဖြစ်သည့် စစ်တွေ၊ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများ တည်ရှိသည့် ကျောက်ဖြူနှင့်  မာန်အောင်ကျွန်းတို့ကို တပ်မတော် က ထိန်းချုပ်ထားသည်။

AA တွင် ရေတပ်အင်အား မရှိသဖြင့် ထိုနယ်မြေများကို မသိမ်းယူနိုင်ခြင်း ဖြစ်သည်။

လတ်တလောတွင် တရုတ်သည် AA နှင့် သဘောတူညီချက်ယူပြီး ကျောက်ဖြူအနီး၌ ဆိပ်ကမ်းတည်ဆောက်ရေး လုပ်ငန်းကို ဆက်လက် လုပ်ဆောင်နေပြီး တရုတ်ဆောက်လုပ်ရေး လုပ်သားများကို AA က ကာကွယ်ပေးနေရ သည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေသည်။

၂၀၂၃ ခုနှစ်တွင် တရုတ်က ထောက်ပံ့ပေးထားသည့် ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သော MNDAA ၊ TNLA နှင့် AA တို့သည် ၁၀၂၇ စစ်ဆင်ရေးဖြင့် တပ်မတော်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

ထိုအချိန်က တရုတ်သည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျားဖြန်လုပ်ငန်းများကို နှိမ်နင်းရန် တပ်မတော်ကို ဖိအား ပေးခဲ့သည်။ 

ထို့နောက် တပ်မတော်က ထိုကျားဖြန့်များကို နှိမ်နင်းခဲ့ပြီးနောက် တရုတ်သည် EAO များနှင့် တပ်မတော်ကြား ၎င်း၏ ဆက်ဆံရေးကို ထိန်းညှိခဲ့သည်။

တရုတ်၏ ရည်ရွယ်ချက်များမှာ မြန်မာနိုင်ငံကို အနောက်နိုင်ငံများ၏ ဩဇာလွှမ်းမိုးမှု မရှိစေရန်၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း ကဲ့သို့ ၎င်း၏ အခြေခံ အဆောက်အအုံ စီမံကိန်းများ လုံခြုံမှုရှိစေရန်ဖြစ်သည်။

AA စစ်ဒေသတာဝန်ခံနဲ့ မီဇိုရမ်လွှတ်တော်အမတ် တွေ့ဆုံပြီး ကုလားတန်မြစ်စီမံကိန်း စတင်ရေး ဆွေးနွေးနေစဉ်

တရုတ်သည် တပ်မတော်နှင့်ရော AA နှင့်ပါ သဘောတူညီမှုများ ပြုလုပ်ထားသည်ဆိုပါက အိန္ဒိယအတွက် စိုးရိမ်စရာဖြစ်သည်။

တစ်ဖက်တွင်လည်း အိန္ဒိယက မြန်မာနိုင်ငံကို ချဉ်းကပ်သည့် စီမံချက်ကို လုပ်ဆောင်နေပြီး နစကနှင့် ဆက်ဆံရေး လမ်းကြောင်းများကို ဆက်လက် ဖွင့်လှစ်ထားသည်။

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က မြန်မာနိုင်ငံတွင် ရစ်ချ်တာစကေး ၇ ဒသမ ၇ ပြင်းအားရှိ ငလျင်လှုပ်ခတ်ပြီးနောက် အိန္ဒိယသည် မြန်မာနိုင်ငံကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးခဲ့သည်။

ထို့ပြင် အိန္ဒိယသည် KMMTTP  စီမံကိန်းအပြင် အိန္ဒိယ-မြန်မာ-ထိုင်း သုံးပွင့်ဆိုင် အဝေးပြေး လမ်းမတစ်ခု ဖောက်လုပ်သည့် စီမံကိန်းကိုလည်း လုပ်ဆောင်နေသည်။

မည်သို့ပင်ဆိုစေ အိန္ဒိယ၏ မြန်မာရေးရာမူဝါဒသည် လက်ရှိတွင် အိန္ဒိယ၏ အရှေ့မြောက် နယ်စပ်ဒေသများကို လုံခြံမှုရှိအောင် လုပ်ဆောင်ရန် အာရုံစိုက်သင့်သည်ဟု ကျွမ်းကျင်သူများက ပြောသည်။

KMMTTP စီမံကိန်းကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခဲ့မည်ဆိုပါက ထိုစီမံကိန်းသည် အိန္ဒိယနှင့် မြန်မာကြား ချစ်ကြည်ရေးစာချုပ် ထက်ပိုပြီး အဓိပ္ပာယ်ရှိလာစေမည်ဖြစ်သည်။

ထို့ကြောင့် အိန္ဒိယသည် ဒေသတွင်း အင်အားကြီးနိုင်ငံ ဖြစ်လိုသည့် ဆန္ဒရှိပါက ကုလားတန်စီမံကိန်းကို အမြန်ဆုံး အပြီးသတ် အကောင်အထည်ဖော်ရမည်ဖြစ်သည်။

Source: Firstpost