CNI Sport Article
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၅
ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၂၅ အမျိုးသမီး ယူရိုပြိုင်ပွဲဟာ ဗိုလ်လုပွဲကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။
ဒီဗိုလ်လုပွဲမှာ လက်ရှိချန်ပီယံ အင်္ဂလန်နဲ့ စပိန်အသင်းတို့ ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်။
အင်္ဂလန်နဲ့စပိန်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ ထိပ်တိုက်တွေ့ဆုံ ခဲ့ပြီးနောက် အမျိုးသမီး ယူရိုပြိုင်ပွဲ ဗိုလ်လုပွဲမှာ ထပ်မံတွေ့ဆုံကြရမှာပါ။
၂၀၂၃ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ စပိန်အသင်းက အင်္ဂလန်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
အဲဒါကြောင့် အမျိုးသမီး ယူရိုပြိုင်ပွဲ ဗိုလ်လုပွဲဟာ အင်္ဂလန်နဲ့ စပိန်အသင်းအတွက် ကမ္ဘာ့ဖလားဗိုလ်လုပွဲ မကျေပွဲ အဖြစ် တွေ့ဆုံရမယ့် ပွဲစဉ်လည်း ဖြစ်တာပါ။
စပိန်နဲ့အင်္ဂလန်အသင်း ယှဉ်ပြိုင်စဉ်
အင်္ဂလန်အသင်းဟာ ၂၀၂၂ အမျိုးသမီး ယူရိုပြိုင်ပွဲမှာ ချန်ပီယံဆုကို ပထမဆုံးအကြိမ် ရယူနိုင်ခဲ့ပြီးနောက် ယူရိုဗိုလ်လုပွဲကို ၂ ကြိမ်ဆက် တက်နိုင်ခဲ့သလို နိုင်ငံတကာပြိုင်ပွဲတွေရဲ့ ဗိုလ်လုပွဲတွေကို ၃ ကြိမ်ဆက် တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
စပိန်အသင်းကတော့ သူတို့အသင်း သမိုင်းတစ်လျှောက် ယူရိုအမျိုးသမီး ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်နိုင် ခဲ့တာပါ။
စပိန်အသင်းဟာ ကမ္ဘာ့ချန်ပီယံဆုကို ရယူနိုင်ခဲ့သလို ပြီးခဲ့တဲ့ နေးရှင်းလိဂ်ပြိုင်ပွဲမှာလည်း ချန်ပီယံဆုကို ရယူကာ အကောင်းဆုံး အသင်းအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။
စပိန်အသင်းအနေနဲ့ ယူရိုပြိုင်ပွဲမှာသာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ရင် သူတို့ဟာ နောက်ဆုံး ၃ နှစ်ဆက်တိုက် ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲတိုင်းမှာ ချန်ပီယံဆုကို ရယူနိုင်တဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်နိုင်မှာပါ။
စပိန်အသင်း အောင်ပွဲခံနေစဉ်
အင်္ဂလန်အသင်းဟာ အမျိုးသမီး ယူရိုပြိုင်ပွဲ စတင်ဖို့ လပိုင်းအလိုမှာ စီနီယာကစားသမား ၂ ဦးဖြစ်တဲ့ ဂိုးသမား မာရီအာ့ပ်စ်နဲ့ ကွင်းလယ်လူ ခါဘီတို့ လက်ရွေးစင်အသင်းကနေ အနားယူခဲ့ပြီး အသင်းခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဘရိုက်က လူစာရင်းကနေ နုတ်ထွက်ခဲ့ပါတယ်။
အဲဒါကြောင့် အင်္ဂလန်အသင်းဟာ ဒီပြိုင်ပွဲအတွက် လူစာရင်း ထုတ်ပြန်ခဲ့တာမှာ အခက်အခဲ ရှိခဲ့သလို အုပ်စု အဖွင့်ပွဲစဉ်မှာ ပြင်သစ်အသင်းကို အရေးနိမ့်ခဲ့တာပါ။
အဲဒါကြောင့် အင်္ဂလန်အသင်းဟာ ဒီပြိုင်ပွဲကို ခက်ခက်စွာနဲ့ စတင်ခဲ့ရပေမယ့် နောက်ပိုင်းပွဲတွေမှာ နိုင်ပွဲတွေ ရယူပြီး ယူရိုဗိုလ်လုပွဲ တက်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် အင်္ဂလန်အသင်းဟာ ကွာတားဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်တွေမှာ ပြိုင်ပွဲကနေထွက်ခွာရဖို့ အနီးစပ်ဆုံး ဖြစ်ခဲ့ပေမယ့် နောက်ကျ သွင်းဂိုးတွေ၊ ပင်နယ်တီ အဆုံးအဖြတ်တွေမှာ အနိုင်ရပြီး ကံကောင်းလို့ ဗိုလ်လုပွဲ တက်နိုင်ခဲ့တာပါ။
အင်္ဂလန်အသင်းနည်းပြ ဝီဂ်မန်းကိုယ်တိုင်က သူတို့ရဲ့ ဗိုလ်လုပွဲ တက်နိုင်မှုဟာ ရုပ်ရှင်နဲ့တူတယ်လို့ မှတ်ချက် ပေးခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်အသင်း ဗိုလ်လုပွဲ တက်နိုင်မှုမှာ လူစားဝင် ကယ်လီနဲ့ အက်ဂ်ယီမန်တို့ရဲ့ အခန်းကဏ္ဍကလည်း အရေးပါခဲ့ပါတယ်။
အင်္ဂလန်အသင်းကိုတွေ့ရစဉ်
စပိန်အမျိုးသမီးကလည်း ယူရိုပြိုင်ပွဲမတိုင်မီမှာ ဘောလွန်းဒီအောဆုရှင် ဘွန်မာတီဟာ ဦးနှောက် အမြှေးရောင် ဝေဒနာ ခံစားခဲ့ရလို့ ဒီပြိုင်ပွဲမှာ ပါဝင်နိုင်မယ့် အခြေအနေအပေါ် စိုးရိမ်မှုတွေရှိခဲ့တာပါ။
ဒါပေမယ့် ဘွန်မာတီဟာ ဒီပြိုင်ပွဲမှာ ပါဝင်နိုင်ခဲ့သလို ဂျာမနီအသင်းကို အနိုင်ရခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ စပိန်အသင်းအတွက် အဖိုးတန် အနိုင်ဂိုး သွင်းယူပေးခဲ့ပြီး ဗိုလ်လုပွဲ ပို့ဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
စပိန်အသင်းရဲ့ လူငယ်ကစားသမားအချို့ဟာ ၂၀၂၅ အမျိုးသမီး ယူရိုပြိုင်ပွဲမှာ တောက်ပခဲ့တာကလည်း နိုင်ငံအသင်းအတွက် အားရစရာကောင်းခဲ့တာပါ။
စပိန်အသင်းဟာ ယူရိုပြိုင်ပွဲ အုပ်စုအဆင့်ကနေ ဗိုလ်လုပွဲအထိ ပွဲတိုင်းအနိုင်ရခဲ့ပြီး ဂျာမနီအသင်းနဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်မှာသာ နိုင်ပွဲရယူနိုင်ဖို့ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။
အင်္ဂလန်နဲ့စပိန်အသင်းတို့ဟာ ၂၀၂၃ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲပြီးနောက် နေးရှင်းလိဂ် အုပ်စုအဆင့်မှာလည်း တွေ့ဆုံခဲ့ကြပြီး ၁ ပွဲစီ အနိုင်ရရှိခဲ့ကြတာပါ။
အခုတစ်ကြိမ် တွေ့ဆုံမယ့် အမျိုးသမီး ယူရိုပြိုင်ပွဲ ဗိုလ်လုပွဲမှာ အင်္ဂလန်အသင်းက ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ရှုံးကြွေး ဆပ်ပြီး စပိန်အသင်းကို အနိုင်ယူကာ ယူရိုချန်ပီယံဆုကို ၂ ကြိမ်ဆက် ရယူနိုင်မလား ဒါမှမဟုတ် စပိန်အသင်းက အင်္ဂလန်အသင်းကို ထပ်အနိုင်ယူပြီး ယူရိုချန်ပီယံဆုကို ပထမဆုံးအကြိမ် ရယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။