CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၈
အီတလီဖက်ဆစ် အာဏာရှင် ဘင်နီတိုမူဆိုလီနီရဲ့ မြစ်ဖြစ်သူ ရိုမာနိုဖလော်ရီယန်နီ မူဆိုလီနီဟာ ခရီမိုနီဆီ အသင်းထံ ပြောင်းရွှေ့ခဲ့တာကြောင့် မူဆိုလီနီရဲ့ မျိုးဆက်တစ်ဦး စီးရီးအေပြိုင်ပွဲမှာ ကစားတာကို မြင်တွေ့ရ တော့မှာ ဖြစ်ပါတယ်။
အသက် ၂၂ နှစ်အရွယ်ရှိ ရိုမာနိုမူဆိုလီနီဟာ လာဇီယိုအသင်းကနေ စီးရီးအေတန်းတက်ကလပ် ခရီမိုနီဆီအသင်း ထံ အပြီးသတ်ဝယ်ယူဖို့ ရွေးချယ်မှုပါဝင်တဲ့ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာပါ။
ညာနောက်ခံလူနဲ့ ကွင်းလယ်နေရာတွေမှာ ကစားနိုင်တဲ့ ရိုမာနိုမူဆိုလီနီဟာ အရင်က စီးရီးစီနဲ့ စီးရီးဘီကလပ် အသင်းတွေဖြစ်တဲ့ ပတ်စ်ကာရာနဲ့ ဂျူဗီစတာဘီယာ အသင်းတွေမှာ အငှားကစားခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ သူ့ရဲ့ကစားသမားဘဝ ကြီးကျယ်ခမ်းနားတဲ့ အချိန်တွေကို ရယူနိုင်တော့မှာဖြစ်ပါတယ်။
အီတလီမီဒီယာတွေက မူဆိုလီနီဂျူနီယာလို့ ခေါ်ဝေါ်တဲ့ ရိုမာနိုမူဆိုလီနီဟာ နိုင်ငံရေးကို စိတ်မဝင်စားဘူးလို့ အခိုင်အမာ ပြောထားတာပါ။
ရိုမာနိုမူဆိုလီနီဟာ ပြီးခဲ့တဲ့ဒီဇင်ဘာက သူ့ရဲ့ပထမဆုံး ပရော်ဖက်ရှင်နယ် သွင်းဂိုးကို သွင်းယူနိုင်ခဲ့ချိန်မှာ ပရိသတ်တွေက သူ့ဘေးဖြစ်သူရဲ့ ဖက်ဆစ်အလေးပြုတဲ့ပုံစံ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
ရိုမာနိုကို တွေ့ရစဉ်
ရိုမာနိုမူဆိုလီနီဟာ အောင်ပွဲခံရင်း သူ့ရဲ့လက်ကို နှုတ်ခမ်းပေါ် တင်ခဲ့သလို ကွင်းအတွင်း ကြေညာသူကလည်း သူ့ရဲ့ပထမနာမည်ဖြစ်တဲ့ ရိုမာနိုလို့ ခေါ်ခဲ့ပေမယ့် ပရိသတ်တွေကတော့ မူဆိုလီနီအမည်ကို သီကြွေးပြီး ဖက်ဆစ် အလေးပြုခဲ့ကြတာပါ။
ရိုမာနိုမူဆိုလီနီရဲ့ ဘေးဖြစ်သူ ဘင်နီတိုမူဆိုလီနီဟာ အမျိုးသားဖက်ဆစ်ပါတီကို တည်ထောင်ပြီး အီတလီနိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် ၁၉၂၂ ခုနှစ်ကနေ ၁၉၄၃ ခုနှစ်အထိ ဆောင်ရွက်ခဲ့ပါတယ်။
ရိုမာနိုမူဆိုလီနီဟာ လာဇီယို လူငယ်အသင်းထံ ၂၀၁၆ ခုနှစ်မှာ မပြောင်းရွှေ့မီ ရိုးမားအကယ်ဒမီမှာ အချိန်တွေ ကုန်ဆုံးခဲ့တာပါ။
သူဟာ လာဇီယိုအသင်းကြီးရဲ့ ပြိုင်ပွဲ အမျိုးမျိုးမှာ အရန်လူစာရင်းထဲ ပါဝင်ခဲ့ပေမယ့် ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အသင်းကြီး ပွဲဦးထွက်ကိုတော့ ပါဝင်ကစားရခြင်း မရှိသေးတာဖြစ်ပါတယ်။
ရိုမာနိုကို တွေ့ရစဉ်
ဝက်ဖို့ဒ်နဲ့ အူဒီနီးစ်အသင်းတို့ဟာ ရိုမာနိုမူဆိုလီနီကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် သူဟာ စီးရီးအေတန်းတက်ကလပ် ခရီမိုနီဆီအသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပါ။
ခရီမိုနီဆီအသင်းဟာ စီးရီးအေပြိုင်ပွဲမှာ အကောင်းဆုံး ရလဒ်တွေရယူပြီး တန်းပြန်မဆင်းအောင်လုပ်ဖို့ ရည်မှန်း ထားပါတယ်။
အဲဒါကြောင့် ရိုမာနိုမူဆိုလီနီအနေနဲ့ ခရီမိုနီဆီအသင်းကို ဘယ်လောက်အထိ အကူအညီပေးနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။
ရိုမာနို မူဆိုလီနီ အနေနဲ့ ခရီမိုနီဆီအသင်းမှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်ရင် အီတလီသက်တမ်း လိုက် အသင်းတွေမှာလည်း ရွေးချယ်ခံရနိုင်တဲ့ အခွင့်အရေးရှိမှာဖြစ်လို့ လာမယ့် စီးရီးအေပြိုင်ပွဲမှာ သူ့ရဲ့ လုပ်နိုင် စွမ်းတွေကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။
Source: Dailymail