CNI Sport Article
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၁
PSG အသင်းက ရီးရယ်လ်အသင်းကို ၄ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ လူစားဝင် ကစားသမားအဖြစ် ပါဝင်ခဲ့တဲ့ ခရိုအေးရှား ကွင်းလယ်လူ မိုဒရစ်အတွက် ဒီပွဲဟာ သူ့ရဲ့ ရီးရယ်လ်အသင်း ကစားသမားဘဝ နောက်ဆုံးပွဲ ဖြစ်ခဲ့ပါတယ်။
ဒီပြိုင်ပွဲအပြီးမှာ ရီးရယ်လ်အသင်းကနေ ထွက်ခွာမယ်လို့ တရားဝင် ကြေညာခဲ့တဲ့ မိုဒရစ်ဟာ သူ့ရဲ့ ၁၃ နှစ်ကြာ စပိန်ကလပ် ကစားသမားဘဝကို အဆုံးသတ်ခဲ့ရတာပါ။
၂၀၁၂ ခုနှစ်က စပါးအသင်းကနေ ရောက်ရှိလာခဲ့တဲ့ မိုဒရစ်ဟာ ရီးရယ်လ်အသင်းအတွက် ၅၉၇ ပွဲ ကစားခဲ့ပြီး ၄၃ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၉၅ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။
ရီးရယ်လ်အသင်း နည်းပြဇာဘီအလွန်ဆိုက “ဒါဟာ မိုဒရစ်အတွက် ခါးသီးတဲ့ အဆုံးသတ် ဖြစ်ခဲ့ပေမယ့် သူဟာ ဘောလုံးလောကရဲ့ ဂန္ထဝင်တစ်ဦးဖြစ်ပြီး ရီးရယ်လ်အသင်းက ထာဝရအမှတ်ရနေမှာပါ”လို့ နှုတ်ဆက်ခဲ့ပါတယ်။
မိုဒရစ်ကိုတွေ့ရစဉ်
၂၀၁၈ ခုနှစ်ဘောလွန်းဒီအောဆုကို ပိုင်ဆိုင်ခဲ့တဲ့ မိုဒရစ်ဟာ ရီးရယ်လ်အသင်းမှာ ချန်ပီယံလိဂ်ဖလား ၆ ကြိမ်နဲ့ လာလီဂါဖလား ၄ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၂၈ ခုရယူနိုင်ခဲ့ပြီး အသင်းခေါင်းဆောင်ဟောင်း နာချိုရဲ့ စံချိန်ကို ကျော်ဖြတ်ကာ အသင်းရဲ့သမိုင်းမှာ ဆုဖလားအောင်မြင်မှု အများဆုံးဆိုတဲ့ စံချိန်မှတ်တမ်းကောင်းကို တင်နိုင်ခဲ့ပါတယ်။
ဒါအပြင် မိုဒရစ်ဟာ တစ်ဦးချင်း အောင်မြင်မှု အများအပြားကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။
မိုဒရစ်က “ဒီလိုအချိန်မျိုးကို ဘယ်တော့မှ မရောက်ချင်ပေမယ့် ဒါက ဘောလုံးဖြစ်ပြီး ဘဝမှာ အရာအားလုံးက အစနဲ့အဆုံး ရှိပါတယ်။ ရီးရယ်လ်အသင်းမှာ ကစားတာက ဘောလုံးသမား အနေနဲ့ရော၊ လူပုဂ္ဂိုလ် အနေနဲ့ရော ကျနော့်ရဲ့ဘဝကို ပြောင်းလဲမှု ဖြစ်စေခဲ့ပါတယ်။ သမိုင်းတစ်လျှောက် အကောင်းဆုံးအသင်းရဲ့ အအောင်မြင်ဆုံး ခေတ်တွေထဲမှာ အစိတ်အပိုင်းအနေနဲ့ ပါဝင်ခွင့်ရတာကို ဂုဏ်ယူမိတယ်”လို့ အသင်းကနေ ထွက်ခွာကြောင်း ကြေညာချိန်မှာ ပြောခဲ့တာပါ။
မိုဒရစ်ကိုတွေ့ရစဉ်
အသက် ၃၉ နှစ်အရွယ်ရှိ မိုဒရစ်ဟာ ဒီရာသီမှာ ရီးရယ်လ်အသင်းအတွက် ၆၃ ပွဲအထိ ပါဝင်ကစားခဲ့ပေမယ့် ပွဲအများစုကတော့ လူစားဝင်အဖြစ်သာ ပါဝင်ခဲ့ရတာဖြစ်ပါတယ်။
မိုဒရစ်ဟာ ရီးရယ်လ်အသင်းရဲ့ အောင်မြင်မှုတွေမှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ရပေမယ့် အသက် အရွယ်အရ ပုံမှန်ပွဲထွက်ခွင့်ရဖို့ မလွယ်ကူတော့တာပါ။
ရီးရယ်လ်အသင်းဥက္ကဋ္ဌ့ ပီရက်ဇ်က မိုဒရစ်ဟာ ထူးခြားပြီး စံထားရမယ့် ဘောလုံးသမားဖြစ်ကာ သူ့ရဲ့ အမွေအနှစ်က ထာဝရရှင်သန်နေမှာပါလို့ ပြောခဲ့ပါတယ်။
PSG အသင်း ကွင်းလယ်လူ ဗီတင်ညာဟာ ဖီဖာကလပ် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အပြီးမှာ မိုဒရစ်နဲ့ ကွင်းထဲမှာ မျှဝေခွင့်ရတဲ့အတွက် ဂုဏ်ယူမိပြီး သူက စံပြတစ်ဦးဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
မိုဒရစ်ကိုတွေ့ရစဉ်
မိုဒရစ်ဟာ ရီးရယ်လ်အသင်းမှာ ကစားသမားဘဝကို အဆုံးသတ်ဖို့ ရည်ရွယ်ခဲ့ပေမယ့် သူဟာ နည်းပြ ဇာဘီအလွန်ဆိုရဲ့ ကစားကွက် တောင်းဆိုမှုတွေကို ဖြည့်ဆည်းပေးနိုင်ဖို့ လုံလောက်မှု မရှိတော့ပါဘူး။
ပြီးတော့ သူဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှား လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားချင်တာကြောင့် အရန်ခုံမှာပဲ ထိုင်နေဖို့ကလည်း အဆင်မပြေတာပါ။
အဲဒါကြောင့်လည်း မိုဒရစ်က သူဟာ ထိပ်တန်းအဆင့်မှာ ကစားနိုင်ကြောင်းကို ပြသနိုင်ဖို့အတွက် စီးရီးအေကလပ် အေစီမီလန်အသင်းထံ ပြောင်းရွှေ့မှာ ဖြစ်ပါတယ်။
မိုဒရစ်ဟာ ပရော်ဖက်ရှင်နယ် ဘောလုံးသမား ဘဝကနေ အနားယူပြီးသွားရင် ကလပ်အသင်း ပိုင်ရှင်ဘက်ကို ပြောင်းလဲနိုင်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုတွေလည်း လုပ်ဆောင်နေတာပါ။
မိုဒရစ်ဟာ အင်္ဂလန် ချန်ပီယံရှစ် ကလပ် ဆွမ်ဆီးအသင်းရဲ့ အစုရှယ်ယာ အနည်းငယ်ကို ဝယ်ယူပြီး အသင်းရဲ့ ရင်းနှီးမြှုပ်နှံသူနဲ့ ပူးတွဲပိုင်ရှင်လည်း ဖြစ်လာခဲ့ပါတယ်။
Source: BBC