CNI Article

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၆

မကြာသေးမီက အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေးသည် ဆိုးရွားလာခဲ့သဖြင့် ကုလားတန် ဘက်စုံသယ်ယူ ပို့ဆောင်ရေး စီမံကိန်း(KMMTTP)သည် မီဇိုရမ်(Mizoram) ပြည်နယ်နှင့် ကိုလ်ကတ္တား (Kolkata) မြို့ကို မြန်မာနိုင်ငံမှတဆင့်ဖြတ်ပြီး ချိတ်ဆက်ရေးသည် ပိုပြီး အရေးကြီးလာခဲ့သည်။

အိန္ဒိယ၏ ကုန်းလမ်းပို့ဆောင်ရေးနှင့် အဝေးပြေးလမ်းများဆိုင်ရာ ဝန်ကြီးဌာနသည် အိန္ဒိယနိုင်ငံ၊ ရှီလောင်း (Shillong)မြို့မှ စီလ်ချာ (Silchar) မြို့အထိ ၁၆၆ ဒသမ ၈ ကီလိုမီတာ ရှည်လျားသည့် လေးလမ်းသွား အဝေးပြေး လမ်းမကြီးသစ် ဖောက်လုပ်ရေးကို အတည်ပြုခဲ့သည်။

ဤလမ်းကို နောက်ပိုင်းတွင် မီဇိုရမ်ပြည်နယ်ရှိ ဇိုရင်ပူအီ (Zorinpui)မြို့အထိ တိုးချဲ့မည်ဖြစ်ပြီး အိန္ဒိယ အရှေ့ မြောက်ပိုင်းကိုဖြတ်ပြီး အမြန်လမ်း ကွန်ရက်မှတဆင့် ကုလားတန်စီမံကိန်းနှင့် ချိတ်ဆက်သွားမည်ဖြစ်ကြောင်း The Indian Express မှ ဖော်ပြခဲ့သည်။

“ကုလားတန်စီမံကိန်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မမှီခိုဘဲ ကိုးလ်ကတ္တားနဲ့ ဗီဇက် (Vizag) မြို့ကနေ အရှေ့မြောက်ဘက်သို့ ကုန်စည်တွေ ပို့ဆောင်နိုင်ပါလိမ့်မယ်” ဟု National Highways & Infrastructure Development Corporation Limited (NHIDCL) မှ အကြီးတန်းအရာရှိတစ်ဦးက Indian Express သို့ ပြောကြားခဲ့သည်။

မြန်မာ-အိန္ဒိယ ကုလားတန်းမြစ် စီမံကိန်းကို ဖော်ညွှန်းထားစဉ်

ဘင်္ဂလားဒေ့ရှ်နှင့် တင်းမာမှု
************************
၂၀၂၄ ခုနှစ်၊ သြဂုတ်လက ဘင်္ဂလားဒေ့ရှ်တွင် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ (Sheikh Hasina) ကို ဖယ်ရှားပြီးနောက် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေး သိသိသာသာ ကျဆင်းသွားခဲ့သည်။ ဟာဆီနာသည် အိန္ဒိယနှင့် အလွန် ရင်းနှီးသည့် မဟာမိတ်ဖြစ်သည်။

မကြာသေးမီက ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအဖွဲ့ခေါင်းဆောင် မိုဟာမက် ယူနွတ်(Muhammad Yunus) ၏ တရုတ်နိုင်ငံသို့ သွားရောက်သည့် ခရီးစဉ်အတွင်း အိန္ဒိယအရှေ့မြောက်ဒေသသည် ကုန်းတွင်းပိတ် ဒေသဖြစ်နေပြီး ဘင်္ဂလားဒေ့ရှ်သည် အိန္ဒိယသမုဒ္ဒရာ၏ တစ်ဦးတည်းသော အုပ်ထိန်းသူဖြစ်ကြောင်း ပြောကြားခဲ့သဖြင့် အိန္ဒိယ အာဏာပိုင်များကို စိုးရိမ်စေခဲ့သည်။

လက်ရှိတွင် အိန္ဒိယ၏ အရှေ့မြောက်ပြည်နယ် ၇ ခုသို့ ပေါက်ရောက်သည့် တစ်ခုတည်းသော ကုန်းလမ်းကြောင်း မှာ အလွန်ကျဉ်းမြောင်းသော Siliguri စင်္ကြံဖြစ်သည်။

ထိုစင်္ကြံ၏ အကျဉ်းဆုံး လမ်းအပိုင်းသည် ကီလိုမီတာ ၂၀ သာ အကျယ်ရှိပြီး နီပေါနှင့် ဘင်္ဂလားဒေ့ရှ်ကြားမှ ဖြတ်ဖောက်ထားခြင်းဖြစ်သည်။

ထိုစင်္ကြံ၏ သေးငယ်သော အရွယ်အစားကြောင့် ကျွမ်းကျင်သူများက ထိုစင်္ကြံကို အိန္ဒိယ၏ “ကြက်လည် ချောင်းရိုး” ၊ “အားနည်းချက်” အစရှိသည့် နာမည်ပြောင်များ ပေးထားသည်။

အိန္ဒိယသည် အရှေ့မြောက်ဘက်ဒေသကို ချိတ်ဆက်နိုင်ရန် ဘင်္ဂလားဒေ့ရှ်ကို ဖြတ်ဖောက်မည့် လမ်းကြောင်းများ ကို အသုံးပြုရန် ဟာဆီနာ အစိုးရနှင့် နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့သည်။

ဥပမာအားဖြင့် ထရီပူရ (Tripura) ပြည်နယ်၏မြို့တော် အာဂါတာလာ(Agartala)သည် ဘင်္ဂလားဒေ့ရှ်၏ စစ်တဂေါင်း (Chattogram) ဆိပ်ကမ်းနှင့် ကီလိုမီတာ ၂၀၀ မျှသာ ကွာဝေးသည်။

ထိုလမ်းကြောင်းများသည် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံစလုံးအတွက် ကုန်သွယ်မှုကို အထောက်အကူ ဖြစ်စေနိုင်သည်။

သို့သော် လက်ရှိ ဘင်္ဂလားဒေ့ရှ် အစိုးရသစ်သည် အိန္ဒိယနှင့် ဆက်ဆံရေး အဆင်မပြေသဖြင့် အိန္ဒိယသည် မြန်မာနိုင်ငံဘက်ကို ပိုမိုအာရုံစိုက်လာခဲ့ခြင်းဖြစ်သည်။

ကုလားတန်စီမံကိန်း
*****************

အိန္ဒိယနှင့် မြန်မာတို့သည် ၁၉၉၀ ပြည့်လွန်နှစ် နှောင်းပိုင်း ကာလများနှင့် ၂၀၀၀ ပြည့်နှစ် အစောပိုင်း ကာလများ တွင် လေ့လာမှုများ ပြုလုပ်ခဲ့ပြီးနောက် ၂၀၀၈ ခုနှစ်၌ KMMTTP သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။

ထိုစီမံကိန်းသည် အိန္ဒိယ၏ အရှေ့မျှော် (ယခင် Look East၊ ယခု Act East) မူဝါဒ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ကိုးလ်ကတ္တားကို မြန်မာနိုင်ငံမှတဆင့် မီဇိုရမ်ပြည်နယ်နှင့် ချိတ်ဆက်ရန်ဖြစ်သည်။

ထိုလမ်းကြောင်းသည် ကိုးလ်ကတ္တားနှင့် မီဇိုရမ်ကြား အကွာအဝေးကို ၁၀၀၀ ကီလိုမီတာအထိ လျှော့ချပေးနိုင် မည်ဖြစ်ပြီး သယ်ယူပို့ဆောင်ရေးအတွက် ကြာချိန်ကိုလည်း ၃ ရက်မှ ၄ ရက်အထိ လျှော့ချပေးနိုင်မည်ဖြစ်သည်။

၂၀၁၄ ခုနှစ်တွင် အိန္ဒိယအကြီးတန်းသံတမန် သီရိပရီယာ ရန်ဂနာသန် (Sriripriya Ranganathan) က “ဒီပရောဂျက်က နှစ်ဖက်စလုံး အကျိုးရှိစေမှာပါ။ အိန္ဒိယကတော့ အရှေ့မြောက်ဒေသကို ဝင်ရောက်ခွင့်ရတယ်။ မြန်မာနိုင်ငံဘက်ကတော့ ဆင်းရဲတဲ့ ရခိုင်ပြည်နယ်မှာ အခြေခံ အဆောက်အအုံတွေ ပေါ်ပေါက်လာနိုင်မှာ ဖြစ်ပါ တယ်” ဟု ပြောကြားခဲ့သည်။

ပလက်ဝမြို့ အဝင်ကို တွေ့ရစဉ်

လမ်းကြောင်း အဓိကအစိတ်အပိုင်း ၄ ခု
************************************

¤ ကိုးလ်ကတ္တားမှ စစ်တွေ (ရေလမ်းကြောင်း အကွာအဝေး ၅၃၉ ကီလိုမီတာ) - ကိုးလ်ကတ္တားမှ စစ်တွေ ဆိပ်ကမ်းသို့ သင်္ဘောများဖြင့် ကုန်စည်များ သယ်ယူပို့ဆောင်နိုင်သည်။

¤ စစ်တွေမှ ပလက်ဝ (ရေလမ်းကြောင်း အကွာအဝေး ၁၅၈ ကီလိုမီတာ) - ကုန်စည်များကို ကုလားတန်မြစ်မှ တဆင့် သင်္ဘောများဖြင့် သယ်ဆောင်ပေးနိုင်ပြီး အိန္ဒိယသည် မြစ်ထဲတွင် ဆိပ်ခံဘောတံတားများ တည်ဆောက် ပြီးစီးခဲ့ပြီ ဖြစ်သည်။

¤ ပလက်ဝမှ ဇိုရင်ပူအီ (ကုန်းလမ်းကြောင်း အကွာအဝေး ၁၀၈ ကီလိုမီတာ) - ထိုလမ်းအပိုင်းသည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ဖြတ်သန်းမည်ဖြစ်သော်လည်း ပလက်ဝမြို့အနီးတွင် လမ်းအရှည် ၅၀ ကီလိုမီတာမှာ အပြီးသတ် ဖောက်လုပ်ရခြင်း မရှိသေးပေ။

¤ ဇိုရင်ပူအီမှ အိုက်ဇောနှင့် အခြားအရှေ့မြောက်ဒေသများ - ဇိုရင်ပူအီသည် မီဇိုရမ်ပြည်နယ် အိုက်ဇောလ် (Aizwal) မြို့နှင့် ကုန်းလမ်းကြောင်းချင်း ချိတ်ဆက်ထားသည်။ ထို့ကြောင့် အိန္ဒိယသည် ရှီလောင်း-စီချာ အဝေး ပြေးလမ်းကွန်ရက်ဖြင့် တိုးချဲ့ရန် စီစဉ်ထားသည်။

AA ခေါင်းဆောင်များကို တွေ့ရစဉ် 

နှောင့်နှေးကြန့်ကြာမှု
*******************

ကုလားတန်စီမံကိန်းကို လွန်ခဲ့သည့် ၁၅ နှစ်ကျော်က စတင်တည်ဆောက်ခဲ့သော်လည်း  မပြီးပြတ်သေးပေ။ အဓိက အကြောင်းအရင်းမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၏ နိုင်ငံရေး မတည်ငြိမ်မှုကြောင့်ဖြစ်သည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးစုပေါင်း ၁၀၀ ကျော် နေထိုင်လျက်ရှိပြီး ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေး ရရှိပြီးကတည်းက လက်နက်ကိုင်အဖွဲ့ အများအပြားသည် ဗဟိုအစိုးရကို ဆန့်ကျင်ခဲ့ကြသည်။

ထို့ပြင် ၂၀၂၁ ခုနှစ်တွင် တပ်မတော်က အာဏာကို ရယူခဲ့ပြီးနောက် တိုက်ပွဲများ ပိုမိုဆိုးရွားလာခဲ့သည်။

ယခုအခါ ရခိုင်ပြည်နယ်၏ နယ်မြေအများစုသည် အာရက္ခတပ်တော် (AA) ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပြီး မြန်မာ့တပ်မတော်က AA ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသည်။ 

ထို့ပြင် ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ပြင်းထန်ခဲ့သဖြင့် ကုလားတန်စီမံကိန်းကို အပြီးသတ် အကောင်အထည် ဖော်ရန် ခက်ခဲလိမ့်မည်ဖြစ်သည်။

၂၀၂၂ ခုနှစ်တွင် အိန္ဒိယသည် အစိုးရပိုင် ကုမ္ပဏီတစ်ခုဖြစ်သည့် IRCON International Limited နှင့် စာချုပ်သစ် ချုပ်ဆိုခဲ့သည်။ IRCON သည် ဒေသတွင်း ကန်ထရိုက်တာများကို ငှားရမ်းပြီး အဝေးပြေးလမ်းစီမံကိန်းကို 
လပေါင်း ၄၀ အတွင်း အပြီးသတ်ဖောက်လုပ်ရမည်ဖြစ်သည်။

သို့သော် သဘောတူညီချက်တွင် စစ်ပွဲ၊ အဓိကရုဏ်း သို့မဟုတ် ပဋိပက္ခများ အစရှိသည့် အကြောင်းရင်းများ ကြောင့် စီမံကိန်း သတ်မှတ်ကာလကို နှောင့်နှေးကြန့်ကြာခွင့် ပြုထားသည်။

ယခုအချိန်အထိ IRCON သည် ကန်ထရိုက်တာ အချို့ကို ငှားရမ်းထားသော်လည်း တိုးတက်မှု အနည်းငယ်သာ ရှိသေးသည်။

စိတ်ဝင်စရာကောင်းသည့် အချက်မှာ AA သည် ကုလားတန် စီမံကိန်း၏ အဝေးပြေးလမ်း ဖောက်လုပ်မှုကို ထောက်ခံကြောင်း ကြေညာထားခြင်းဖြစ်သည်။

“ကျနော်တို့က ကုလားတန်စီမံကိန်းအတွက် ၂၀၂၁ ခုနှစ်ကတည်းက လုံခြုံရေး အထောက်အပံ့ ပေးခဲ့ပါတယ်။ ဒီစီမံကိန်းအတွက် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုမရှိပါဘူး” ဟု AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ၂၀၂၄ ခုနှစ်တွင် The Diplomat သတင်းဌာနကို ပြောကြားခဲ့သည်။

Source: The Indian Express