CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၆

ရခိုင်ပြည်နယ် စစ်တွေမြို့ကနေ  အိန္ဒိယနိုင်ငံ မီဇိုရန်ပြည်နယ်ထိ တည်ဆောက်ထားသည့် ကုလားတန်မြစ် ဘက်စုံစီမံကိန်း အတွက် ကုန်သွယ်ရေးလုပ်ရန် သင်္ဘောများ လိုအပ်နေသည်ဟု  ရခိုင်ပြည်နယ် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက CNI သတင်းဌာနသို့ ပြောသည်။

အဆိုပါ ကုလားတန်မြစ် ဘက်စုံစီမံကိန်းသည် စစ်တွေ ဆိပ်ကမ်းကနေ အိန္ဒိယနိုင်ငံ၊ ကာလကတ္တားသို့ သင်္ဘောများဖြင့် ပြေးဆွဲ၍ ကုန်သွယ်ရေး လုပ်မည့် စီမံကိန်းဖြစ်ကြောင်း၊ သို့သော် လက်ရှိမှာ ပြေးဆွဲမည့် သင်္ဘောများ မရှိခြင်းကြောင့် ကုန်သွယ်ရေး မလုပ်နိုင်သေးကြောင်း ရခိုင်ပြည်နယ် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင်အောင်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အိန္ဒိယ ကုလားတန် ဘက်စုံစီမံကိန်းက စစ်တွေဆိပ်ကမ်းကတော့ ဖွင့်ပွဲကတော့ လုပ်ပြီးသွားပါပြီ။ အခု လက်ရှိ အခြေအနေကတော့ ဖွင့်ပွဲလုပ်ပြီးသွားပေမယ့် ကုန်သွယ်မှုကတော့ မစနိုင်သေးဘူး ဖြစ်နေပါတယ်။ မစနိုင်သေးဘူးဆိုတာက ကုန်သွယ်မှုရဲ့ အခြေအနေက အိန္ဒိယရဲ့ ကာလကတ္တားနဲ့ စစ်တွေနဲ့ကို အပြန်အလှန် သင်္ဘောတွေ ပြေးဆွဲပြီးမှဘဲ ကုန်သွယ်မှုက စတင်ပြီး ဖြစ်လာမယ့် အနေအထားပါ။ အခုကတော့ ဆိပ်ကမ်းကို operate လုပ်တဲ့ ကုမ္ပဏီကလည်း သူတို့အဆင်သင့် ဖြစ်ပါပြီ ဆိုတဲ့ဟာကို သူတို့လုပ်သွားပြီပေါ့လေ။ ဆိပ်ကမ်းကတော့ ဖွင့်ပြီးသွားပေမယ့် လက်ရှိမှာတော့ ကုန်သွယ်မှုကတော့ မလည်ပတ် နိုင်ဘူး ဖြစ်နေပါတယ်။ ကုန်သွယ်မှု လည်ပတ်ဖို့ အချိန်ကို ပြောဖို့ခက်ပါတယ်။ လည်ပတ်ဖို့ကလည်း အဓိက သင်္ဘောလိုင်းတွေ ရှိဖို့ အရေးကြီးတယ်။ သင်္ဘောလိုင်း မရှိပဲနဲ့ဆိုရင်  ဘယ်ကုန်ကို ဘယ်သူက ပို့မှာလဲဆိုတဲ့ ဟာကအစ နည်းနည်း ပြောရဆိုရ ခက်ပါတယ်။ အခုလက်ရှိ အချိန်ထိ အိန္ဒိယရဲ့ ကုလားတန် ဘက်စုံစီမံကိန်း ဆိပ်ကမ်းကို အသုံးပြုပြီး ကုန်သွယ်မှု ပြုလုပ်တာ မတွေ့မိသေးဘူးပေါ့နော်။ အဓိကတော့ ကုန်သွယ်မှု ပြုလုပ်ဖို့ဆိုရင် ကာလကတ္တား ဆိပ်ကမ်းနဲ့ စစ်တွေနဲ့ဖြစ်ဖြစ် ရှဲဂျူး သင်္ဘော ပြေးဆွဲဖို့ လိုအပ်ပါတယ်။ ရှဲဂျူး ဆိုတာက တစ်ပတ်မှာ တစ်ကြိမ်လား၊ တစ်လမှာနှစ်ကြိမ်လား၊ သုံးကြိမ်လား အဲလိုမျိုး သင်္ဘော တွေ ထွက်ပြီးမှလည်း စပြီး ကုန်စည်တွေ လည်ပတ်နိုင်မယ့် အခြေအနေပါ။ အဓိကတော့ သင်္ဘော အေဂျင့်တွေကလည်း သင်္ဘောလိုင်းကို ဘယ်လို ဆွဲမလဲဆိုတာကို ပြန်လည်ပြီးတော့ လုပ်ဆောင်ရမယ်လို့ ထင်ပါတယ်”ဟု ပြောသည်။

ပလက်ဝမြို့ မျက်နှာချင်းဆိုင်မှာ တည်ဆောက်ထားတဲ့ ဆိပ်ကမ်းတံတားကိုတွေ့ရစဉ်

လက်ရှိအချိန်တွင် ကုန်သွယ်မှု မပြုလုပ်နိုင်သေးသော်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ အစောပိုင်းက စစ်တွေဆိပ်ကမ်းကနေ ဘင်္ဂလားဒေ့ရှ်သို့ ဆန်တန်ချိန် ၂၅၀၀ ကျော်ကို ပထမ အသုတ်အနေဖြင့် တင်ပို့နိုင်ခဲ့သည်ဟု ဦးတင်အောင်ဦးက ပြောသည်။

လက်ရှိမှာ ထိုစီမံကိန်းအတွင်း ပါဝင်သည့် စစ်တွေ ရေနက်ဆိပ်ကမ်းနှင့် ပလက်ဝ ရေနက်ဆိပ်ကမ်းများ ဆောက်လုပ် ပြီးစီးနေသော်လည်း ပလက်ဝကနေ အိန္ဒိယသို့ ဖောက်လုပ်မည့် လမ်းတံတားများ မပြီးသေးသည့်အတွက်  ကုန်သွယ်ရေး မလည်ပတ်နိုင်သေးကြောင်း ပလက်ဝမြို့နယ် ကုန်သည်ကြီးများအသင်းက ဦးခင်အောင်က CNI သတင်းဌာနသို့ ပြောသည်။

 ပလက်ဝမြို့နယ်ကနေ အိန္ဒိယကို သွားလာလို့ရမည့် ကုလားတန်မြစ်ကူးတံတား တည်ဆောက်ရေး ဆိုင်းဘုတ်ကို တွေ့ရစဉ်

၎င်းက “ကုန်သွယ်မှုကတော့ မလည်ပတ်သေးဘူးလေ။ စစ်တွေမှာတော့ မပြောတတ်ဘူး။ ကျနော်တို့ ပလက်ဝမှာတော့ မလည်ပတ်သေးဘူး။ လမ်းကြောင်းတွေလည်း မရှိသေးဘူး။ လည်ပတ်ရအောင်လည်း အိန္ဒိယ-မြန်မာနဲ့ ကားလမ်း မရှိသေး ဘူးလေ။ ကျနော်တို့ အနေနဲ့ ပြောရမယ်ဆိုရင်တော့ လမ်းမရှိသေးတော့ သင်္ဘောတွေလည်း သွားလို့ မရဘူးလေ။ ဘယ်ဟာမှ သွားလို့ မရဘူး။ အစိုးရက ချပေးတဲ့ သင်္ဘော တစ်ပတ်ကို စနေနေ့ တက်တယ် တနင်္ဂနွေနေ့ ပြန်လာတယ် ဒါပဲရှိတယ်လေ။ ကျန်တဲ့ဟာတွေ ဘာမှ အသွားအလာတွေမှ မရှိတာ။ အဓိကတော့ လမ်းကြောင်း အခြေအနေက နိုင်ငံရေး တည်ငြိမ်သွားရင် လည်ပတ်သွားမှာပဲလေ။ နိုင်ငံရေး တည်ငြိမ်ရင် ဒီလမ်းကလည်း တစ်နှစ် နှစ်နှစ်အတွင်းမှာ ပြီးသွားမှာပဲလေ။ တံတား တစ်စင်း နှစ်စင်း ပြီးသွားရင် လမ်းကတော့ ပြီးသလောက်ဖြစ်ပါတယ်။ ဒါကတော့ အကြမ်းအားဖြင့်ပေါ့။ နည်းနည်းပါးပါး လည်ပတ်လို့ ရသေးတယ်။ ခုဟာက နိုင်ငံရေး အခြေအနေကမှ မတည်ငြိမ်တာ ဘယ်လို လည်ပတ်လို့ ရမှာလဲ။ လမ်းကလည်း မပြီးဘူး။ လမ်းကလည်း  အိန္ဒိယနိုင်ငံကို သွားလို့မှ မရတာ။ အိန္ဒိယကုလားတန် လမ်းကြောင်းကို ဘယ်လောက်ထိ ရည်မှန်းထားလဲဆိုတော့  အများကြီးကို မျှော်မှန်းတယ်။ ဘာလို့လဲဆိုတော့ ကုန်စည်တွေက ပလက်ဝထိဘဲ ရောက်မယ်လေ။ ပလက်ဝမှာ လုပ်စားတဲ့ လူတွေလည်း အလုပ်ရမယ်။ နောက်ပြီးတော့ အောက်ခြေ လူတန်းစားတွေ၊ မော်တော်ယာဥ်ကနေအစ ဧည့်သည်တွေကအစ ခရီးသွားတွေလည်း အရမ်းကောင်းသွားမှာ။  ဒါပေမယ့် နိုင်ငံရေး မတည်ငြိမ်တော့ ခရီးလည်းသွားလို့ မရ လမ်းလည်း လုပ်လို့ မရဘူးဆိုတော့”ဟု ပြောသည်။

အိန္ဒိယ-မြန်မာ ကုလားတန် ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းကို ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်ကနေ စတင် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊  ထို့နောက် စစ်တွေဆိပ်ကမ်းကိုတော့ ၂၀၁၇ ခုနှစ်တွင် ဆောက်လုပ် ပြီးစီးခဲ့ရာ ၂၀၂၃ ခုနှစ်၊ မေလ ၉ ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။